ဗီယက်နမ်နိုင်ငံတွင် Sembcorp ကုမ္ပဏီနှင့် ၎င်း၏ မိတ်ဖက်ဖြစ်သည့် Becamax တို့က ဗီယက်နမ် - စင်ကာပူ စက်မှုဥယျာဉ် စီမံကိန်းများအဖြစ် စက်မှုဥယျာဉ်အသစ် (၄) ခုကို တည်ဆောက်ရန် ခွင့်ပြုချက် ရရှိပြီ ဖြစ်ကြောင်း သိရသည်။
Sembcorp ကုမ္ပဏီနှင့် Becamex တို့သည် ၆၀၀ ဟက်တာရှိ စက်မှုဥယျာဉ်အသစ်တစ်ခုကို ဗီယက်နမ်နိုင်ငံ၊ Lang Son ပြည်နယ်တွင် တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှုလိုင်စင် ရရှိခဲ့ပြီး Thai Binh ပြည်နယ်၊ Binh Thuan ပြည်နယ်နှင့် Ha Tinh ပြည်နယ်တို့တွင် စက်မှုဥယျာဉ်များ တည်ဆောက်ရန်အတွက် ဗီယက်နမ်နိုင်ငံ၊ ဝန်ကြီးချုပ် Pham Minh Chinh ထံမှ မူအားဖြင့် ခွင့်ပြုချက်ရရှိပြီး ဖြစ်သည်။
အဆိုပါ စက်မှုဥယျာဉ်များအပါအဝင် Sembcorp က ဆောင်ရွက်သည့် ဗီယက်နမ် - စင်ကာပူ စက်မှုဥယျာဉ်ပေါင်း (၁၇) ခု ရှိပြီ ဖြစ်ပြီး နှစ်နိုင်ငံကြား အကြီးဆုံး ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်ဟု ဆိုသည်။
ယခုနှစ် ဩဂုတ်လ (၂၉) ရက်နေ့တွင် Sembcorp နှင့် Becamex တို့က ဗီယက်နမ်နိုင်ငံ Binh Phuoc၊ Tay Ninh၊ Khanh Hoa၊ Thua Thien Hue၊ Quang Ngai II၊ Thanh Hoa၊ Nam Dinh၊ Ninh Binh၊ Hai Duong II နှင့် Hai Phuong II စသည့်မြို့၊ ပြည်နယ်များတွင် စက်မှုဥယျဉ် (၁၀) ခုအတွက် အစီအစဉ်များကို တင်ပြခဲ့သည်။
လက်ရှိအချိန်အထိ ဗီယက်နမ်- စင်ကာပူ စက်မှုဥယျာဉ်များမှ ရင်းနှီးမြှုပ်နှံမှုအားဖြင့် ကုမ္ပဏီပေါင်း ၁,၀၀၀ မှ အမေရိကန်ဒေါ်လာ (၁၈) ဘီလီယံကျော် ဆွဲဆောင်ထားနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၀၀,၀၀၀ ကျော်ကို ဖန်တီးပေးလျက်ရှိကြောင်း Sembcorp ၏ Chief Executive ဖြစ်သူ Wong Kim Yin က Hanoi Office of Government Building ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
ဗီယက်နမ်- စင်ကာပူ စက်မှုဥယျာဉ်စီမံကိန်းများ ဆက်လက် ဆောင်ရွက်မှုသည် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာ အားကောင်းစေမည် ဖြစ်ပြီး အဆိုပါ စီမံကိန်းများသည် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စက်မှုကဏ္ဍ ပြုပြင် ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေမှုရှိပြီး ဆက်လက်၍လည်း ဗီယက်နမ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမည်ဟု မျှော်လင့်ကြောင်း စင်ကာပူနိုင်ငံဝန်ကြီးချုပ် Lee Hsien Loong က ပြောသည်။
စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်တို့က ယခင်က ဗီယက်နမ် - စင်ကာပူ စက်မှုဥယျာဉ် စီမံကိန်းများအဖြစ် ကြေညာထားပြီး ဖြစ်သည့် Can Tho၊ Bac Ninh II နှင့် Nghe An II တို့၏ အုတ်မြစ်ချသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ဗီယက်နမ်နိုင်ငံသည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုအားဖြင့် စင်ကာပူနိုင်ငံ၏ အာဆီယံ မိတ်ဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်လာသည်နှင့်အညီ ယခုကဲ့သို့ စက်မှုဥယျာဉ်များမှတစ်ဆင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခြင်းသည် နှစ်နိုင်ငံ စီးပွားရေးအရ ဆက်ဆံရေး ပိုမိုခိုင်မာ အားကောင်းစေရေး နည်းလမ်းတစ်ခု ဖြစ်ပေသည်။
Source : The Business Times