တရုတ်၊ ဟောင်ကောင်နဲ့ မြန်မာပါဝင်တဲ့ ကုမ္ပဏီအုပ်စုက ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်စက်မှုဇုန်ကို ဒေါ်လာ သန်း (၅၀၀) ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က “ဒေါ်လာ သန်း (၅၀၀) ဝန်းကျင်ရှိတဲ့ စီမံကိန်းက ပြီးခဲ့တဲ့နှစ်က ရန်ကုန်တိုင်းရဲ့ စည်ပင်သာယာဧရိယာပြင်ပ မြို့နယ် ၁၂ မြို့နယ် ရှိပါတယ်။ ကိုကိုးကျွန်းမြို့နယ်ဖယ်လိုက်ရင် ၁၁ မြို့နယ်ရှိပါတယ်။ အဲဒီ ၁၁ မြို့နယ်မှာ ဧက ၁၀၀၀ စီမံကိန်းတွေကို အကောင်အထည်ဖော်ထားတာရှိပါတယ်။ အဲဒီဧက ၁၀၀၀ စီမံကိန်းတွေ အကောင်အထည်ဖော်ထားတဲ့အထဲမှာ ထန်းတပင်မှာရှိတဲ့ စက်မှုဇုန်ကို ဟောင်ကောင်၊ ထိုင်ဝမ်က ရင်းနှီးမြှုပ်နှံဖို့အတွက် MoU ထိုးမှာဖြစ်ပါတယ်” လို့ နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြားသောစက်မှုဇုန်တွေမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖို့အတွက် စိတ်ဝင်စားနေတဲ့ ရင်းနှီးမြှုပ်နှံသူများရှိပေမယ့်လည်း နှစ်ဖက်နားလည်မှုစာချွန်လွှာရေးထိုးတဲ့ အဆင့်ကို မရောက်သေးဘဲ ဆွေးနွေးနေဆဲ အဆင့်သာရှိသေးတယ်လို့ သိရပါတယ်။
ထန်းတပင်စက်မှုဇုန်နဲ့ ပတ်သက်တဲ့ MoU ကိုတော့ မေ (၁၀) ရက်နဲ့ (၁၁) ရက်တွေမှာ ရန်ကုန်မြို့မှာကျင်းပမယ့် Yangon Investment Form 2019 အတွင်း လက်မှတ်ရေးထိုးသွားမှာ ဖြစ်ပါတယ်။
“ဒီပွဲမှာတော့ ထန်းတပင်စက်မှုဇုန်နဲ့ ပတ်သက်ပြီး MoU ထိုးဖို့ အစီအစဉ်ရှိပါတယ်။ ဒီစက်မှုဇုန်က အချိန်ကြာမြင့်မှုဆိုရင် Development Time က ကိုးနှစ်လောက်ကြာမှာ ဖြစ်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးနိုင်မှုကို တစ်သိန်းခွဲလောက် မှန်းပါတယ်။ ရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာသန်း ၅၀၀ လောက် ခန့်မှန်းထားတယ်။ Phase ကို နှစ်ခုခွဲပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မေ ၁၀ ရက်မှာ MoU ထိုးမှာဖြစ်ပါတယ်” လို့ ၎င်းက ဆက်လက်ပြောပါတယ်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၅ ရက်အထိ ခြောက်လကျော်အတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှုပမာဏ ဒေါ်လာနှစ်ဘီလျံကျော်အထိ ဝင်ရောက်ထားပါတယ်။
“၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်ကနေ ဧပြီ ၅ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု /အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၄၇ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၃၈၅ ဒသမ ၃၆၂ သန်း ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏက ဒေါ်လာ ၁၉၀၉ ဒသမ ၂၀၀ သန်း ဖြစ်ပါတယ်” လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောပါတယ်။
အထူးစီးပွားရေးဇုန်ဥပဒေအရ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၅ ရက်အထိ ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၂၁ ဒသမ ၀၇၀ သန်း ဖြစ်ပါတယ်။သို့ဖြစ်ရာ လက်ရှိဘဏ္ဍာနှစ် ဧပြီ ၅ ရက်အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၂၀၃၀ ဒသမ ၂၇ သန်း ဝင်ရောက်ထားတယ်လို့ သိရပါတယ်။
Daily Eleven