နိုင်ငံခြားငွေ ရောင်းချခြင်း (Account Transfer) နှင့် စပ်လျဉ်း၍ ညွှန်ကြားချက် ထုတ်ပြန်


20 September, 2021

နိုင်ငံခြားငွေ ရောင်းချခြင်း (Account Transfer) နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ထားပါသည်။ 


နိုင်ငံခြားငွေကြေးဈေးကွက်နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန်ကိစ္စ 

နိုင်ငံခြားငွေကြေးဈေးကွက်တွင် နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များက နိုင်ငံခြားငွေ ရောင်းခြင်းဝယ်ခြင်း ပြုရာတွင် လိုက်နာဆောင်ရွက်ရန် အချက်များအား ရည်ညွှန်းချက်ပါစာများဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က AD လိုင်စင်ရဘဏ်များသို့ ညွှန်ကြားခဲ့ပြီးဖြစ်ပါသည်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ အခန်း (၃)နိုင်ငံခြားသုံးငွေလုပ်ငန်းများပါ ပုဒ်မ ၆၊ ပုဒ်မ ၇ပုဒ်မ ၈ နှင့် ပုဒ်မ ၉ တို့တွင် နိုင်ငံတော်နှင့် ပြည်ပနိုင်ငံများအကြား နိုင်ငံခြားငွေ ငွေသားပေးချေမှု စာချုပ်စာတမ်းများနှင့် ငွေချေးသက်သေခံလက်မှတ်များအား လက်ရောက်လွှဲပြောင်းခြင်းမှအပ နိုင်ငံခြားငွေဖြင့် ပေးချေခြင်းနှင့် လွှဲပြောင်းမှုများကို နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများ (AD) ဘဏ်မှတစ်ဆင့် ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတော်အတွင်း နိုင်ငံခြားသုံးငွေရောင်းဝယ်မှုလုပ်ငန်းများကို နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း စင်ရရှိသူများကသာ ဆောင်ရွက်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်။

ယခုအခါ customer အချင်းချင်း ၎င်းတို့၏ နိုင်ငံခြားငွေစာရင်းကို အသုံးပြု၍ နိုင်ငံခြားငွေ ရောင်းချခြင်း (Account Transfer) ကို AD လိုင်စင်ရဘဏ်များသည် ပြည်ပရှိ ဘဏ်စာရင်း (Nostro AC) မှ စာရင်းရှင်းလင်းပေးခြင်းဖြင့်လည်းကောင်း၊ ပြည်တွင်းရှိဘဏ်စာရင်းအချင်းချင်း လွှဲပြောင်း ပေးခြင်း (Book Trantfer) ဖြင့်လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ AD လိုင်စင်ရဘဏ်များအနေဖြင့် အောက်ပါတို့ကို လိုက်နာဆောင်ရွက်ရန်ဖြစ် ကြောင်း ညွှန်ကြားလိုက်သည်
(က) Customer အချင်းချင်းလွှဲပြောင်းမှုများသည် သွင်းကုန်တင်သွင်းရန် လိုအပ်ချက် အတွက်ဖြစ်ကြောင်း စိစစ်ပြီး မှန်ကန်မှသာဆောင်ရွက်ပေးရန်၊

(ခ) အပိုဒ် (က) ပါအတိုင်း ဆောင်ရွက်ပေးခြင်းကို စာရွက် စာတမ်း အထောက်အထား သေချာစွာ ရယူမှတ်တမ်းပြုစုထားရန်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တောင်းယူ စစ်ဆေးခြင်း၊ လာရောက်စစ်ဆေးခြင်းပြုသည့်အခါ တင်ပြနိုင်ရေးဆောင်ရွက်ထားရန်

(ဂ) အထက်အပိုဒ် (ကပါအတိုင်း ဆောင်ရွက်ရာတွင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ ပြဋ္ဌာန်းချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန်။

 

 


 

Banking & Loan Read 9221 times