ကမ္ဘောဒီးယား ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး Bakong လူဦးရေထက်ဝက်နီးပါး အသုံးပြု
ကမ္ဘောဒီးယား ဗဟိုဘဏ် National Bank of Cambodia (NBC) က ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး central bank digital currency (CBDC) ဖြစ်တဲ့ Bakong ကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ မှာ စတင်သုံးစွဲခဲ့ပါတယ်။
ဘလောက်ချိန်း အခြေပြု နိုင်ငံတဝှမ်း ငွေပေးစနစ်ကို ထူထောင်လုပ်ကိုင်ခဲ့ပါတယ်။ ကမ္ဘာ့ပထမဆုံး ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး central bank digital currency (CBDC) အဖြစ် မှတ်တမ်းတင်ခံရပါတယ်။
ကုလသမဂ္ဂရဲ့သတ်မှတ်ချက်အရ ကမ္ဘောဒီးယားက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်အရ ၂၀၁၇ ခုနှစ်မှာ အရွယ်ရောက်ပြီးသူ လူဦးရေရဲ့ ၂၂% သာ ဘဏ်စာရင်း သို့မဟုတ် မိုဘိုင်းငွေပေးအကောင့် ရှိခဲ့ပါတယ်။
NBC က လူအများ စမတ်ဖုန်းဖြင့် ငွေကြေး ပေးချေမှုများ လုပ်ကိုင်နိုင်ကြဖို့ ဦးတည်ချက် ထားရှိပါတယ်။
Bakong စမတ်ဖုန်း အက်ပ်ဖြင့် စတိုးဆိုင်များမှာ ဈေးဝယ်ခြင်းနှင့် ငွေလွှဲခြင်းများ အတွက် အသုံးပြုနိုင်ပါတယ်။
Bakong မှာ စာရင်းသွင်းဖို့အတွက် ဘဏ်စာရင်း ရှိဖို့ မလိုအပ်ဘူး။ ကမ္ဘောဒီးယား ပြည်တွင်း မိုဘိုင်းဖုန်းနံပါတ် ရှိဖို့သာ လိုအပ်ပါတယ်။
QR code အသုံးပြု၍ဖြစ်စေ၊ ငွေလက်ခံသူရဲ့ ဖုန်းနံပါတ်ဖြင့် ဖြစ်စေ ငွေပေးပို့ နိုင်ပါတယ်။ ငွေပေးငွေယူကို ကမ္ဘောဒီးယား နိုင်ငံသုံးငွေ ရီယဲအပြင် အမေရိကန်ဒေါ်လာဖြင့်လည်း ဆောင်ရွက်နိုင်ပါတယ်။
ဗဟိုဘဏ်က ပြည်တွင်းဘဏ်များနှင့် ချိတ်တွဲပြီး လုပ်ငန်းလည်ပတ်တဲ့အတွက် လက်ခံသုံးစွဲသူ ပိုများစေပါတယ်။ ယခုအခါ Bakong သုံးစွဲသူ ဦးရေ ၇.၉ သန်း ရှိနေပြီဖြစ်ရာ နိုင်ငံရှိ လူဦးရေရဲ့ ထက်ဝက်နီးပါး ရှိပါတယ်။
၂၀၂၁ နိုဝင်ဘာလအထိ ငွေပေးချေပမာဏ အမေရိကန်ဒေါ်လာ ၂.၉ ဘီလျံရှိပြီး ကြိမ်ရေ ၆.၈ သန်း ရှိပါတယ်။