ဩစတေးလျ အခြေစိုက် BHP Group က စက်သုံးဆီလုပ်ငန်းကဏ္ဍမှ အပြီးအပိုင် ထွက်ခွာဖို့ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
ကမ္ဘာ့အကြီးမားဆုံး ရေနံဓာတ်ငွေ့လုပ်ငန်းစုကြီး ရေနံလုပ်ငန်းကဏ္ဍကို သုံးသပ်လျက် ရှိပြီး ရောင်းထုတ်ပစ်ဖို့အတွက် နည်းလမ်းတွေ စဉ်းစားဖော်ထုတ်နေပါတယ်။ အဲဒီ ရေနံလုပ်ငန်းကဏ္ဍထံမှ ယခုနှစ်မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဘီလျံ ရရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ရောင်းထုတ်ပစ်မယ်ဆိုရင် ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဘီလျံဝန်းကျင် ရှိမယ်လို့ တွက်ချက်ခန့်မှန်းထားကြပါတယ်။
လုပ်ငန်းစုအနေဖြင့် ရေနံလုပ်ငန်းထံမှ နောက်ထပ် တစ်ဆယ်နှစ်အထိ ဝင်ငွေဆက်လက်ရရှိနေဦးမယ်လို့ ခန့်မှန်းထားပေမဲ့ တစ်နှစ်ထက်တစ်နှစ် ရောင်းအားလျော့ကျသွားမှာ ဖြစ်ပါတယ်။ ဓာတ်ဆီနဲ့ ဒီဇယ်ဆီကို စွမ်းအင်ရင်းမြစ်အဖြစ် အဓိကအားဖြင့် သုံးစွဲကြရာမှ လျှပ်စစ်ဘက်သို့ ရွှေပြောင်းကုန်ကြတာကြောင့် ရောင်းအား ကျဆင်းလာတာ ဖြစ်ပါတယ်။ အခြေအနေတွေ ပိုခက်ခဲလာချိန်ကျမှ ရောင်းထုတ်ရင် ရောင်းမရတော့တဲ့ အဖြစ်ကို ရှောင်လွှဲချင်တာကြောင့် ယခုကတည်းက ရောင်းထုတ်ပစ်ဖို့ ခြေလှမ်းစပြင်ရတာ ဖြစ်ပါတယ်။
BHP အနေဖြင့် ပိုင်ဆိုင်မှုတွေ ဈေးကောင်းရတုန်းမှာ ရောင်းထုတ်ပြီး ထွက်ခွာတဲ့ မဟာဗျူဟာဖြင့် စတင်လုပ်ဆောင်လျက် ရှိပါတယ်။ ၂၀၁၈ ခုနှစ်မှာ နုန်းကျောက်လွှာမှ ရေနံထုတ်လုပ်တဲ့အပိုင်းကို BP Plc ထံ အမေရိကန်ဒေါ်လာ ၁၀.၃ ဘီလျံဖြင့် ရောင်းချခဲ့ပါတယ်။
အခြားပြိုင်ဘက် ရေနံဓာငွေ့ လုပ်ငန်းစုကြီးများနဲ့ မတူတဲ့အချက်တစ်ချက်က BHP အနေဖြင့် စွမ်းအင်ကဏ္ဍမှ ရရှိတဲ့ အမြတ်အပေါ် တည်မှီထားခြင်း မရှိတာ ဖြစ်ပါတယ်။ လုပ်ငန်းစုကြီးရဲ့ သံသတ္တုရိုင်းနဲ့ ကြေးနီသတ္တုရိုင်တို့နဲ့ ယှဉ်လိုက်ရင် စွမ်းအင်ကဏ္ဍထံမှ ဝင်ငွေပမာဏာဟာ အသေးအမွှား ဖြစ်နေတယ်။ ဒီတော့ ရေနံလောကမှ ထွက်ခွာလိုက်လို့ ဝင်ငွေ ထိခိုက်မှုက မပြောပလောက်ဘူး။
BHP က ကျောက်မီးသွေးလုပ်ငန်းကဏ္ဍမှ ထွက်ခွာခဲ့ပြီးပြီ ဖြစ်ပါတယ်။ ယမန်နှစ်တုန်းက ရောင်းထုတ်ပစ်ခဲ့တာမှာ လုပ်ငန်းစုမှ မှန်းထားသလောက် ဈေးကောင်းမရခဲ့ဘူးလို့ ဆိုပါတယ်။
BHP က ရေနံဓာတ်ငွေ့ လုပ်ငန်းကို ၁၉၆၀ ခုနှစ်ဝန်းကျင်မှာ စတင်လုပ်ကိုင်ခဲ့ပြီး မက္ကဆီကို ပင်လယ်ကွေ့နဲ့ ဩစတေးလျကမ်းလွန်တို့မှာ အကြီးအကျယ်လုပ်ကိုင်လျက် ရှိပါတယ်။ ယခုနှစ်အတွက် ထုတ်လုပ်မှု ပမာဏက ဇွန်လကုန်အထိ ထုတ်လုပ်မှုပမာဏ စည်ပေါင်း ၁၀၂,၈ သန်း ရှိခဲ့ပါတယ်။