တရုတ်နိုင်ငံ မီးပျက်တဲ့ပြဿနာ


03 October, 2021

ကြိုတင်အသိပေးထားခြင်း မရှိဘဲ မီးပျက်တာ နာရီအတော်များများအထိ ကြာတတ်တာ ရှိသလို ရက်အတန်ကြာ ဆက်တိုက် မီးပျက်နေတာတွေလည်း တရုတ်နိုင်ငံမှာ ဖြစ်ပွားနေပါတယ်။
လမ်းမီးတွေ မလာလို့ ညဘက်မှာ လမ်းတွေ မှောင်နေတယ်။ လျှပ်စစ်ထမင်းအိုးဖြင့် ထမင်းတည်ရင်းတန်းလန်း မီးပျက်သွားလို့ ထမင်းမကျက်တာတွေလည်း ကြုံကြရတယ်။ တရုတ်နိုင်ငံ မြောက်ပိုင်းမှာ နေထိုင်ကြသူတွေ အများအပြားတို့ဟာ မီးအပျက်ကြမ်းပုံက ၁၉၈၀ ခုနှစ်ဝန်းကျင်လောက်တုန်းကအတိုင်း ဖြစ်နေတယ်လို့ သက်ကြီးပိုင်းတွေက မှတ်ချက်ပြုကြတယ်။ အဲဒီတုန်းက တိုင်းပြည်စီးပွားရေး ရုတ်တရက် ကြီးထွားသွားခဲ့တာမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ရုတ်တရက် ကြီးမားသွားခဲ့လို့ လုံလောက်အောင် ဖြန့်ဖြူးမပေးနိုင်တော့လို့ အနယ်နယ် အရပ်ရပ်မှာ မီးပျက်ကြမ်းနေခဲ့တယ်။ အခုလည်း အဲဒီတုန်းကအတိုင်း ဖြစ်နေတယ်။ 

အခုလို ဓာတ်အား မလုံလောက်တဲ့ ပြဿနာ ကြီးမားနေတာကို တရုတ်အစိုးရက ဘယ်လို ကိုင်တွယ်ဖြေရှင်းပေးမလဲဆိုတာ ကမ္ဘာတစ်လွှားမှ စွမ်းအင်ဆန်းစစ်သူတွေနဲ့ စီးပွားရေးဆန်းစစ်သူတွေက စောင့်ကြည့်နေကြတယ်။ 

ဓာတ်အားလိုအပ်ချက်က မြင့်တက်နေတယ်။ ဓာတ်အားထုတ်လုပ်ဖို့ သုံးစွဲတဲ့ ကျောက်မီးသွေးက ဈေးတက်နေတယ်။ သမ္မတ  ရှီကျင့်ဖျင့် က ဥတုရာသီပြောင်းလဲခြင်းကို တားဆီးဖို့ ရည်မှန်းချက် ပန်းတိုင် ချမှတ်ကြေညာထားပြီး ကျေက်မီးသွေး သုံးစွဲမှုကို လျှော့ချဖြတ်တောက်ဖို့ အစီအစဉ် ရှိနေတယ်။ 

ဓာတ်အား မလောက်ရသည့် အကြောင်းတရားများ

လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားနေတယ်။ 
ပြည်ပပို့ကုန်  များပြားတဲ့ ခရစ်စမတ်အကြိုကာလ ဖြစ်နေလို့ ကုန်ထုတ်လုပ်မှုတွေ များပြားနေပြီး ဓာတ်အားသုံးစွဲမှု ပိုများနေတယ်။ ပူပြင်းတဲ့ ရာသီဖြစ်နေလို့ အိမ်တွေမှာ လေအေးစက်တွေ ဖွင့်ကြလို့ အိမ်သုံးဓာတ်အား သုံးစွဲမှု မြင့်မားနေတယ်။ 

ကျောက်မီးသွေး ဈေးနှုန်း မြင့်မားနေတယ်။
ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ကျောက်မီးသွေးတွင်းတွေမှာ ထုတ်လုပ်မှု လျှော့ချနေတဘ်။ အင်ဒိုနီးရှားမှာ မိုးရွာသွန်းမှု များပြားသဖြင့် ကျောက်မီးသွေး ထုတ်လုပ်တင်ပို့မှု လျော့ကျပြီး ဈေးတက်တယ်။ တရုတ်အစိုးရက သတ်မှတ်ပေးတဲ့ ဓာတ်အားခဖြင့် ဓာတ်အားစက်ရုံတွေက ရောင်းချကြရလို့ ကျောက်မီးသွေး ဈေးတက်တဲ့အခါ ကျောက်မီးသွေးသုံး ဓာတ်အားစက်ရုံတွေ အရှုံးပေါ်ကုန်ကြတယ်။ အဲဒီအခြေအနေမှာ တရုတ်အစိုးရနဲ့ ဩစတေးလျ အစိုးရတို့အကြား ဆက်ဆံရေးတင်းမာမှု ရှိနေလို့ တရုတ်အစိုးရက ဩစတေးလျမှ ကျောက်မီးသွေး တင်သွင်းခွင့် လုံးဝပိတ်ထားလိုက်တယ်။  အခြားနိုင်ငံတွေထံမှာ လိုက်လံဝယ်ယူပြီး တင်သွင်းသော်လည်း ရေကြောင်းခရီးတာက ပိုဝေးလို့ ပို့ဆောင်စရိတ် ပိုမြင့်မားတဲ့အပြင် ဝယ်ဈေးကလည်း ပိုများလို့ တင်သွင်းတဲ့ ကျောက်မီးသွေးဈေးနှုန်း မြင့်မားနေတယ်။ တင်သွင်းတဲ့ ပမာဏက ယခင်ကထက် ပိုနည်းတယ်။ ဩဂုတ်လမှာ ယခင်နှစ်ဩဂုတ်လထက် ၁၀ % ပိုနည်းနေတယ်။ 

ဥတုရာသီ အပြောင်းအလဲ ထိန်းသိမ်းရေး ပန်းတိုင်များ ထားရှိတာကလည်း ဓာတ်အားထုတ်လုပ်မှုကို လျော့နည်းစေတယ်။
တရုတ်အစိုးရက စွမ်းအင်သုံးစွဲမှု လျာထားချက်တွေ ချမှတ်ပေးထားတာထက် ကျော်လွန်သုံးစွဲခြင်း မပြုဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ကြီးကြပ်ရတယ်။ တရုတ်အစိုးရရဲ့ အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် National Development and Reform Commission က ဓာတ်အားကိစ္စကို ကိုင်တွယ်တယ်။ စွမ်းအင်သုံးစွဲမှု လျာထားချက်နဲ့ စီးပွားရေးလျာထားချက်တို့ကို ချမှတ်ပေးတယ်။ ပြည်နယ် ကိုးခုက စွမ်းအင်သုံးစွဲမှု လျာထားချက်ကို ကျော်လွန်သုံးစွဲကြောင်း ပြည်နယ်အမည်များကို ထုတ်ပြန်ကြေညာခဲ့တဲ့အတွက် ယခုအခါ ပြည်နယ်အာဏာပိုင်တွေက စွမ်းအင်သုံးစွဲမှု လျာထားချက် ဘောင်မကျော်အောင် တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေကြတယ်။ 

တရုတ်နိုင်ငံမှာ ဓာတ်အားသုံးစွဲမှုကို ကန့်သတ်တာ မေလကတည်းက စတင်ခဲ့တယ်။ ချမ်းသာတဲ့ တောင်ပိုင်းရှိ ကုန်ထုတ်လုပ်ရေး အချက်အချက်ဒေသတွေမှာ သီတင်းပတ် တစ်ပတ်မှာ မီးဖြတ်တဲ့ ရက်တွေ သတ်မှတ်ပြီး မီးဖြတ်တယ်။ အခုအခါ ဓာတ်အား မလုံလောက်မှုက ပိုဆိုးလာလို့ မီးဖြတ်တာလည်း ပိုဆိုးလာခဲ့တယ်။ အနည်းဆုံး ပြည်နယ် ၂၀ မှာ ကုန်ထုတ်လုပ်မှု ပြတ်တောက်တဲ့ သတင်းပေးပို့ချက်တွေ ထွက်ပေါ်ခဲ့တယ်။ တရုတ်တစ်နိုင်ငံလုံး စက်မှုကုန်ထုတ်လုပ်မှုရဲ့ ၇၁% မှာ မီးဖြတ်ခံရတာတွေ ရှိနေတာ ဖြစ်ပါတယ်။ 
အိမ်သုံးတွေကို လျှော့ချနေချိန်မှာ လုပ်ငန်းသုံး ဓာတ်အားကိုပါ ဖြတ်တောက်လျှော့ချတယ်။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ Jilin, Heilongjiang နဲ့  Liaoning ပြည်နယ် သုံးခုမှာ တည်ရှိတဲ့ မြို့ကြီး ၂၃ မြို့မှာ အိမ်သုံး ဓာတ်အား ဖြတ်တောက်ထားလို့ မြို့နေလူထု ဒုက္ခရောက်ကြတယ်။ တရုတ်ပြည်ရဲ့ လူမှုကွန်ရက်ဖြစ်တဲ့ Weibo မှာ မကျေမနပ် ပြောဆိုတဲ့ ပို့စ်တွေ တင်ကြတယ်။ အစိုးရပိုင် လူထုနေ့စဉ် သတင်းဌာနက ဒေသအာဏာပိုင်တို့ကို အိမ်သုံးလျှပ်စစ် သုံးစွဲမှု ရရှိတာ သေချာအောင် လုပ်ဖို့ တိုက်တွန်းတယ်။ မိမိ ပခုံးပေါ်မှ တာဝန်ကို ရှောင်လွှဲရန်အလို့ငှာ လူထုကြား ပဋိပက္ခဖြစ်ပွားအောင် နှိုးဆွခြင်းကို ရှောင်ကြဉ်ဖို့လည်း တိုက်တွန်းတယ်။ 
Liaoning  ဒေသအာဏာပိုင်တို့က လျှပ်စစ်ဓာတ်အား မလုံလောက်မှု စိုးရိမ်စရာ အခြေအနေသို့ ရောက်ရှိနေကြောင်း သတိပေးကြေညာခဲ့တယ်။ ဓာတ်အား သုံးစွဲမှု တားမြစ်ချက် အသစ်တွေ ထုတ်ပြန်ခဲ့တယ်။ 
 Shenzhen နဲ့ Guangzhou တို့မှာ အမျိုးသားနေ့ မှာ ကျင်းပနေကျဖြစ်တဲ့ မီးထွန်းပွဲတွေ အစီအစဉ် ဖျက်သိမ်းလိုက်တယ်။ 

မီးဖြတ်တာကြောင့် တရုတ်စီးပွားရေးကို ဘယ်လို ထိခိုက်နိုင်သလဲ

လျှပ်စစ်ဓာတ်အားကို အချိန်အကန့်အသတ်ဖြင့် ဖြန့်ဖြူးတဲ့အတွက် ကုန်ထုတ်လုပ်ငန်းတွေ ပုံမှန် လည်ပတ်လို့ မရနိုင်တော့ဘူး။ တရုတ်နိုင်ငံမှ စတော့အိပ်ချိန်း စာရင်းဝင် ကုမ္ပဏီ ၂၀ ကျော်က ဓာတ်အားပြတ်တောက်မှု အလွန်များနေတဲ့အတွက် ကုန်ထုတ်လုပ်မှု ထိခိုက်နေကြောင်း အစီရင်ခံစာကို သက်ဆိုင်ရာ စတော့အိပ်ချိန်းကို အစီရင်ခံထားကြတယ်။ နောက်ဆက်တွဲ ရလဒ်အဖြစ် ပြည်ပပို့ကုန်တွေ အချိန်မီ တင်ပို့ဖို့ ခက်ခဲမယ်။ ထုတ်ကုန်တွေ ရောင်းဈေး မြင့်တက်ပြီး ပြည်တွင်းမှာ ကုန်ဈေးနှုန်း တက်မယ်။ 

ကျောက်မီးသွေးသာမက သဘာဝဓာတ်ငွေ့ကလည်း ကမ္ဘာ့ဈေးကွက်မှာ ဈေးမြင့်တက်နေတာကြောင့် ဓာတ်ငွေ့သုံး ဓာတ်အားစက်ရုံတွေမှာ ကုန်ကျစရိတ် မြင့်တက်နေတယ်။ အိမ်သုံးနဲ့ လုပ်ငန်းသုံး ဓာတ်အားခတွေ တိုးမြှင့်သတ်မှတ်ပေးတာကို မလွှဲမရှောင်သာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 
တရုတ်အစိုးရက ပြည်တွင်း ကျောက်မီးသွေး ထုတ်လုပ်မှု မြှင့်တင်ပေးနိုင်ဖို့အတွက် ယခင်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် 
ပိတ်ထားခဲ့တဲ့ ကျောက်မီးသွေးတွင်းတွေကို ထုတ်လုပ်မှု ပြန်လည်စတင်စေခဲ့တယ်။ ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်နဲ့ နေရောင်ခြည်သုံး ဓာတ်အားထုတ်လုပ်မှုတွေကို မြှင့်တင်ဖို့ အစီအစဉ် ချမှတ်ထားပြီး ဓာတ်အားထုတ်လုပ်မှုကို ၂၀၃သ ခုနှစ်မှာ ယခုထက် ၂၅%  ပိုများဖို့ ရည်မှန်းချက် ချမှတ်ထားသော်လည်း လက်ငင်း ကြုံတွေ့နေရတဲ့ ဓာတ်အားမလုံလောက်မှုကိုတော့ ကုစားပေးနိုင်မှာ မဟုတ်ဘူး။

 

 


 

Global News Read 272 times