တရုတ်နယ်စပ်ပို့ခွင့်မရသဖြင့် အရှေ့တောင်အာရှ သစ်သီးဈေးကွက်ပျက်
ဗီယက်နမ် တရုတ်နယ်စပ်မှာ ကိုဗစ်-၁၉ လုံးဝဥဿုံကင်းစင်ရေး zero-Covid-19 policy ကို တရုတ်နိုင်ငံမှ တင်းတင်းကျပ်ကျပ် ကျင့်သုံးနေတာကြောင့် ဗီယက်နမ်မှ နဂါးမောက်သီးများ နယ်စပ်ဂိတ်များမှ တင်ပို့ခွင့်မရကြသဖြင့် ဗီယက်နမ်နဂါးမောက်သီးဈေးကွက်မှာ ဇန်နဝါရီလအတွင်း၂၅% ဈေးထိုးကျသွားပြီး အလကားနီးပါး ဈေးနှုန်း ဖြစ်သွားပါတယ်။
နဂါးမောက်စိုက်ခင်း အားလုံးနီးပါးမှာလည်း နဂါးမောက်သီး ဆွတ်ခူးတာ ရပ်ထားကြပါတယ်။
တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် နယ်ခြားမှတစ်ဆင့် ကူးစက်ပျံ့နှံမှု မဖြစ်ပွားအောင် အစွမ်းကုန် ကာကွယ်ပါတယ်။
နယ်ခြားဂိတ်များမှ တင်သွင်းတဲ့ သစ်သီးအထုပ်များ၊ အေးခဲအစားအစာ အထုပ်အပိုးများပေါ်မှာ ပိုးပါလာမှာကို တားဆီးဖို့ စစ်ဆေးမှုများ ပြုလုပ်ပါတယ်။ အထုပ်အပိုးမှာ ကိုဗစ်ပိုး ပါလာတတ်တယ်လို့ သတ်မှတ်ထားပါတယ်။
နယ်ခြားဂိတ်များမှ သစ်သီးတင်သွင်းဖို့ တင်းကျပ်ထားပြီး အချိန်ကြာမြင့်တာကြောင့် အရှေ့တောင်အာရှနိုင်ငံမှ သစ်သီးတင်ပို့သူများကို တိုက်ရိုက် ထိခိုက်နေပါတယ်။
၂၀၁၉ ခုနှစ်မှာ တရု။တ်နိုင်ငံသို့ အရှေ့တောင်အာရှ နိုင်ငံများမှ သစ်သီးအမျိုးမျိုး တင်ပို့မှု တန်ဖိုးပမာဏ စုစုပေါင်း အကြမ်းအားဖြင့် အမေရိကန်ဒေါ်လာ ၆ ဘီလျံ ရှိခဲ့ပါတယ်
ဗီယက်နမ်မှ နဂါးမောက် စိုက်ခင်းရှင် Mr Hong က "သူတို့ဝယ်ရင် ကျွန်တော်တို့ အလုပ်ဖြစ်မယ်။ သူတို့မဝယ်ရင် ကျွန်တော်တို့ သေတာပဲ။ ကျွန်တော်တို့ နဂါးမောက် စိုက်ရတာ အလောင်းအစား လုပ်နေတာနဲ့ အတော်တူနေတယ်" လို့ ပြောပြတယ်။
လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့ရဲ့ တရုတ်နယ်စပ်ဂိတ်တွေမှာ နယ်စပ်ဖြတ်ကျော်ဖို့ ထရပ်ကားတွေ လနဲ့ချီပြီး စောင့်ဆိုင်းနေကြတယ်။
ဗီယက်နမ်မှ နဂါးမောက်သီးတွေ တရုတ်ပြည်သို့ အများဆုံး တင်ပို့တာကြောင့် ယခုအခါ နဂါးမောက် စိုက်ခင်းရှင်တွေ၊ တင်ပို့တဲ့ ပွဲရုံတွေ ကြွေးအကြီးအကျယ် တင်ကုန်တယ်။
မြန်မာနယ်စပ်မှာ ဖရဲသီးတင်ပို့သူများ နယ်စပ်မှာ ဖရဲသီးများ စွန့်ပစ်ကြရတယ်။ နယ်ခြားဖြတ်ကျော်တင်ပို့ဖို့ ကြာမြင့်တာကြောင့် ဖရဲသီးတွေ ပျက်စီးကုန်လို့ ဖြစ်ပါတယ်။
နယ်စပ်မှာ ကိုဗစ်တင်းကျပ်တာကြောင့် ဗီယက်နမ်မှ နဂါးမောက်သီး စိုက်ပျိုးသူများ ထိခိုက်နေချိန်မှာ တရုတ်ပြည်မှ မြို့ကြီး ၉ မြို့မှာ ဗီယက်နမ်မှ တင်သွင်းထားတဲ့ နဂါးမောက်သီးတွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့သဖြင့် နဂါးမောက်သီး ရောင်းချနေတဲ့ စူပါမားကက်များကို အာဏာပိုင်တို့က ပိတ်ခိုင်းထားလိုက်ပါတယ်။
နဂါးမောက်သီးနဲ့ ထိတွေ့မှု ရှိထားသူ ၁,၀၀၀ ဦးဝန်းကျင် q ဝင်ကြရပါတယ်။
ပထမဆုံးအကြိမ် နယ်ခြားဂိတ်ကို ပိတ်ချလိုက်တာ ၂၀၂၁ ဒီဇင်ဘာလမှာ ဖြစ်ပြီး ကြိုတင်ကြေညာခြင်း မပြုဘဲ ရုတ်တရက် ပိတ်ထားလိုက်တာ ဖြစ်ပါတယ်။
ဗီယက်နမ် သစ်သီးနှင့် ဟင်းသီးဟင်းရွက်အသင်း Vietnam Fruit and Vegetable Association မှ အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က "တရုတ်နိုင်ငံက ဗီယက်နမ်နိုင်ငံကို ဘာမှ ကြိုမပြောခဲ့ပါဘူး။ သူတို့က ရုတ်တရက် လုပ်ကိုင်လိုက်တယ်" လို့ ပြောပြပါတယ်။
နဂါးမောက်၊ ပိန္နဲ၊ သရက် စိုက်ပျိုးတင်ပို့သူဦးရေ တစ်သန်းကျော် စီးပွားထိခိုက်ခဲ့ကြပါတယ်လို့ Dang Phuc Nguyen က ပြောပြပါတယ်။
ဗီယက်နမ်မှ ပြည်ပတင်ပိုတဲ့ သစ်သီးနှင့် ဟင်းသီးဟင်းရွက် တစ်နှစ်တာ တန်ဖိုးပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၂ ဘီလျံရှိပြီး ၅၅% ကို တရုတ်ပြည်သို့ တင်ပို့ပါတယ်။ အများစုက နဂါးမောက်သီး ဖြစ်ပါတယ်။
နဂါးမောက် စိုက်ပျိုးတဲ့ တောင်သူ Ms Pham Thi Tu Lam က ယခင်က လိမ္မော်သီး စိုက်ပျိုးခဲ့ပြီး ၂၀၁၅ မှာ နဂါးမောက်သီး ပြောင်းလဲစိုက်ပျိုးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက နဂါးမောက်သီး တစ်ကီလိုကို အမေရိကန်ဒေါ်လာ ၁.၂၂ ရရှိခဲ့ပါတယ်။
ယခုအခါ ဈေး ၁၀ ဆ ကျသွားခဲ့တယ်လို့ သူက ပြောပြပါတယ်။
ဝယ်မယ့်သူ ရှာမရလို့ အိမ်နီးနားချင်းတွေကို နဂါးမောက်သီးတွေ အလကား ဝေပေးခဲ့ပါတယ်။ ကြက်စာကျွေးဖို့အတွက် ဖြစ်ပါတယ်။ လွှင့်ပစ်လိုက်တာတွေလည်း ရှိပါတယ်။ နဂါးမောက်သီးအတွက် အချိန်သုံးလနဲ့ ငွေ အမေရိကန်ဒေါ်လာ ၁,၃၀၀ သုံးစွဲခဲ့ပါတယ်။
"အခုတော့ အကုန်လုံး ကုန်ပြီ။ ဘာမှ မကျန်တော့ဘူး" လို့ သူက ပြောပြပါတယ်။
တရုတ်နိုင်ငံရဲ့ zero-Covid-19 မူဝါဒကြောင့် ကမ္ဘာ့ဒုတိယအကြီးမားဆုံး စီးပွားရေးဖြစ်တဲ့ တရုတ်ပြည်အပေါ် အရှေ့တောင်အာရှ နိုင်ငံများ တည်မှီနေရတဲ့ ကိစ္စရပ်ကို ပြောဆိုဆွေးနွေးမှုများ ဂယက်ထခဲ့ပါတယ်။
University of Sydney မှ ပါမောက္ခ Bill Pritchard က အရှေ့တောင်အာရှနှင့် တရုတ်ပြည်အကြား သစ်သီး ကုန်သွယ်ရေးကို လေ့လာသူ ဖြစ်ပါတယ်။
အခုဟာက ကုန်သွယ်ရေး လမ်းကြောင်းမှာ လမ်းပေါ် အမြန်မောင်းလို့ မရအောင် စီစဉ်ထားတဲ့ လမ်းသားပေါ်မှ အဖုအထစ်အတား ခင်းထားသလိုမျိုး ဖြစ်နေပြီး ယာယီလား၊ အမြဲတမ်းလား ဆိုတာ သူ မသိနိုင်ဘူးလို့ မှတ်ချက်ပြုပါတယ်။
ဆယ်စုနှစ်တစ်ခုကျော်ကြာ အရှေ့တောင် အာရှရှိ သစ်သီး စိုက်တောင်သူများဟာ ကျန်းမာရေးအတွက် သစ်သီးနှင့် ဟင်းသီးဟင်းရွက်ကို စားသုံးကြတဲ့ တရုတ်လူလတ်တန်းစား တိုးများလာခဲ့တာနဲ့အမျှ သစ်သီး အမျိုးမျိုး ရောင်းအား ကောင်းပြီး အကျိုးအမြတ် ဖြစ်ထွန်းခဲ့ကြပါတယ်။သူတို့နိုင်ငံတွေနဲ့ တရုတ်နိုင်ငံ နယ်ခြားကို ဆက်သွယ်ပေးထားတဲ့ အဝေးပြေးလမ်းကွန်ရက်ကနေသစ်သီးများနှင့် ဟင်းသ္းဟင်းရွက်များ တင်ပို့ပြီးအကျိုးကျေးဇူးတွေ ရရှိခဲ့ပါတယ်။
သစ်သီး စိုက်ပျိုးတင်ပို့သူများက တရုတ်နှစ်သစ်ကူး အကြိုကာလ ရောင်းအားတက်ချိန်ကို အားခဲထားကြပြီး ခဲလေသမျှ သဲရေကျ ဖြစ်ခဲ့ကြပါတယ်။
နယ်စပ်မှ တရုတ်အာဏာပိုင်တို့က နယ်ခြားဂိတ်ကို ပြန်ဖွင့်ပေးခဲ့ပေမဲ့ စစ်ဆေးမှု တင်းကျပ်ထားပြီး ကြန့်ကြာမှုများ ရှိနေဆဲ ဖြစ်ပါတယ်။
ဇန်နဝါရီလကုန်မှာ ဗီယက်နမ်-တရုတ် နယ်စပ်ဂိတ်တွေမှာ ကားစီးရေ ၂,၀၀၀ ဝန်းကျင် စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။ ဒီဇင်ဘာလမှာ စီးရေ ၅,၀၀၀ ဝန်းကျင် ရှိခဲ့ရာမှ လျော့ကျသွားခဲ့တာ ဖြစ်တယ်လို့ Mr Nguyen က ပြောပြပါတယ်။
ဗီယက်နမ်အစိုးရက နဂါးမောက်သီးများကို ပြည်တွင်း စူပါမားကက်များမှာ ရောင်းချဖို့ စီစဉ်ပေးခဲ့ပြီး ပြည်ပဈေးကွက်အသစ်များကိုလည်း ရှာဖွေနေပါတယ်။
ဒါပေမဲ့ အခြားနိုင်ငံများသို့ တင်ပို့ရင် လေယာဉ်များ၊ သင်္ဘောများကို အသုံးပြုရမှာဖြစ်လို့ သယ်ပို့စရိတ် ကြီးမားပါတယ်။
ထိုင်း ဒူရင်းအသင်း Thai Durian Association မှ ဒုဥက္ကဋ္ဌ Ms Patchaya Khiaophan က လာမယ့်လတွေမှာလည်း နယ်စပ်ဂိတ်တွေ ဖွင့်လိုက် ပိတ်လိုက် ဆက်ဖြစ်နေဦးမယ်လို့ မျှော်လင့်ကြောင်း ပြောကြားပါတယ်။
လာမယ့် ဧပြီလမှာ ဒူရင်းသီး ဆွတ်ခူး တင်ပို့တဲ့ရာသီ စတင်တော့မှာ ဖြစ်ပါတယ်။ ဒူရင်းသီး ထည့်ထားတဲ့ ကတ်ထူပုံးများကို ဆေးဖြန်းပြီး ပိုးသတ်ပေးဖို့ အစီအစဉ်ကို စမ်းသပ်နေပါတယ်။ ထုပ်ပိုးတာမှာလည်း ပိုးကင်းစင်ရေးအတွက် ထုပ်ပိုးပုံ စံသတ်မှတ်ချက်များ တင်းကျပ်ထားပ်တယ်။
"ကျွန်မတို့ ထိုင်းဒူရင်းသီးတွေ ကိုဗစ်ကင်းစင်ကြောင်း တရုတ်ဘက်က စိတ်ချလက်ချ ရှိအောင်လုပ်ပေးမှ ဖြစ်မယ်။ ကျွန်မတို့ စိုက်ပျိုးသူတွေ၊ စီးပွားရေးသမားတွေအတွက် ပြင်ဆင်ပေးနေပါတယ်။ ကျွန်မအနေဖြင့် မျှော်လင့်ချက် မြင့်မြင့်မားမား သိပ်မရှိပါဘူး" လို့ ပြောပါတယ်။
straitstimes.com