တရုတ်ပြည်မမှ မီဂါသူဌေးများ ကြွယ်ဝမှု စင်ကာပူသို့ ပြောင်းရွှေ့ 


13 February, 2023

တရုတ်ပြည်မမှ မီဂါသူဌေးများ ကြွယ်ဝမှု စင်ကာပူသို့ ပြောင်းရွှေ့ 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


စင်ကာပူသည် ကျိကျိတက်ချမ်းသာသော မီဂါသူဌေး mega-rich များအဖို့  စီးပွားရေးနှင့် သုံးနိုင်ဖြုန်းနိုင်သည့် 'အလွန်အဆင်ပြေသော ကြားနေဇုန်' ဖြစ်သည်။

တရုတ်မှ အလွန်ချမ်းသာသော မိသားစုများသည်   ၎င်းတို့၏ ချမ်းသာကြွယ်ဝမှုကို ကွန်မြူနစ်ပါတီမှ သံသယဖြင့် ပိုမိုရှုမြင်နေသဖြင့် မိမိတို့၏ ပိုင်ဆိုင်မှုများကို ကာကွယ်ရန် ကြိုးပမ်းသောအားဖြင့် စင်ကာပူသို့ အသိုက်အမြုံများ ရွှေ့ပြောင်းကြသည်။

တရုတ်အစိုးရသည်  မကြာသေးမီက နည်းပညာ ဘီလျံနာများကို ချုပ်ချယ်ခဲ့ပြဖိးအခွန်ရှောင်သည့် အနုပညာရှင်များကို အခွန်များကို ဒဏ်ကြေးများနှင့်တကွ ပေးဆောင်စေသည့်အပြင် လူမြင်ကွင်းမှ ကွယ်ပျောက်နေစေခဲ့သည်။
ကိုဗစ်သုည မူဝါဒ ၃ နှစ်တာ ကျင့်သုံးခဲ့ခြင်းကြောင့် လုပ်ငန်းများ ထိခိုက်ခဲ့ကြသည်။ သို့ဖြစ်ရာ ချမ်းသာသည့်သူများသည် လုံခြုံစိတ်ချရသည့် ကွန်းခိုရာကို တရုတ်ပြည် ပြင်ပတွင် ရှာဖွေပြီး ရွှေ့ပြောင်းနေကြသည်။
ကျိကျိတက် ချမ်းသာသူ မီဂါသူဌေး အချို့သည် စင်ကာပူကို ရွေးချယ်ကြသည်။
 

စင်ကာပူသည် လွန်ခဲ့သော နှစ် ၆၀ တွင် ပါတီတစ်ခုတည်းက ရွေးကောက်ပွဲ ဆက်တိုက်အနိုင်ရပြီး အုပ်ချုပ်ခဲ့သည်။ နိုင်ငံရေး တည်ငြိမ်သည်။ အလုပ်သမားသပိတ်များနှင့် လမ်းပေါ်ထွက်ဆန္ဒပြမှုများကို တားမြစ်ထားသည်။ နှိုင်းစာပါက အခွန်သက်သာသည်။ လူဦးရေတွင် တရုတ်လူမျိုးသည် အများစုဖြစ်သည်။
သို့ဖြစ်ရာ စင်ကာပူသို့ တရုတ်ပြည်မမှ မီဂါသူဌေးမိသားစုများ တဖွဲဖွဲ ရောက်လာကြသည်။ တန်ဖိုးမြင့်အိမ်ရာတိုက်ခန်းများ ဝယ်ယူကြသည်။
Sentosa ကျွန်းရှိ ကမ်းနား ရေပြင်ကျယ် မြင်ကွင်းများရှိသော ဇိမ်ခံအိမ်များသို့ ပြောင်းရွှေ့နေထိုင်ကြသည်။ အပန်းဖြေဉယာဉ်၊ ကာစီနို၊ အထက်တန်းစားဂေါက်ကလပ်တို့ စင်ကာပူမှာ အသင့် ရှိနေသည်။
“သူတို့ငွေသုံးပုံကို ခင်ဗျား စိတ်ကူးကြည့်လို့ မရနိုင်ဘူး။  တကယ်ရူးခါသွားမယ်" ဟု လူဝင်မှု ကြီးကြပ်ရေးကိစ္စရပ်များ နှင့် နေရာရွှေ့ပြောင်းရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေသည့်လုပ်ငန်း AIMS ၏ စီအီးအို Pearce Cheng က ပြောကြားသည်။
Cheng ၏ကုမ္ပဏီသည် ဇိမ်ခံကွန်ဒိုများကိုရှာဖွေရန်၊ ကားမောင်းငှားရန်နှင့် ကလေးများကို ကိုယ်ပိုင်ကျောင်းများတွင် စာရင်းသွင်းရန်တို့အတွက်လည်း ဝန်ဆောင်မှု ပေးသည်။

ရှားရှားပါးပါး ဂျပန် “Yamazaki 55” ဝီစကီကို သောက်ကြသည့် ပါတီပွဲသို့ သူ့ထံ အလုပ်အပ်နှံသူက ဖိတ်ခေါ်သဖြင့် သူတက်ရောက်ခဲ့သည်ကို သူက ပြန်ပြောပြသည်။ “Yamazaki 55” ဝီစကီ တစ်ပုလင်းသည် ကန်ဒေါ်လာ ၈ သိန်းဝန်းကျင် ရှိသည်။ 
သူ့ထံ အလုပ်အပ်နှံသူတစ်ဦးသည် ကန်ဒေါ်လာ ၆၁,၀၀၀ ပေးရသည့် ဆေးပြင်းလိပ်ကို သောက်သည်။
တရုတ်ပြည်မမှ အသစ်ရောက်ရှိလာသော မီဂါသူဌေးတို့သည် Rolls Royce နှင့် Bentley ကားများကို ဝယ်စီးကြသည်။ စင်ကာပူ နိုင်ငံသား မဟုတ်ပါက နှစ်စဉ်ကြေး ကန်ဒေါ်လာ ၆၇၀,၀၀၀ ပေးရသည့် တသီးတသန့် Sentosa Golf Club တွင် ဂေါက်ရိုက်သည်။

“အများစုက ဖက်ရှင်ဒီဇိုင်နာအဝတ်အစားတွေဝတ်ထားတဲ့ တရုတ်လူလတ်ပိုင်းတွေပါ။ သူတို့အချင်းချင်းပဲ ပေါင်းသင်းကြတာ၊ သူတို့အချင်းချင်းပဲ အတူစားသောက်ကြတာ မဆန်းပါဘူး" ဟု ဂေါက်အားကစား အထူးပြု အကြံပေးကုမ္ပဏီ Blazon ၏ မန်နေဂျင်းဒါရိုက်တာ Benny Teo က ပြောကြားသည်။

စင်ကာပူသို့ ပြောင်းရွှေ့ခြင်းသည် တရုတ်နိုင်ငံ၏ အချမ်းသာဆုံးသောသူများ၏ ချမ်းသာကြွယ်ဝမှုကို တရုတ်အစိုးရ  လက်လှမ်းမမီတော့သည့် အဖြစ်ကို ရရှိစေသည်။ မကြာသေးမီက ထင်ရှားကျော်ကြားသော သူဌေးများကို တရုတ်အစိုးရက  ဖြိုခွင်းမှုများသည် မီဂါသူဌေးများကို တုန်လှုပ်စေခဲ့သည်။
Jack Ma သည် အာရှစီးပွားရေးတွင် လူသိအများဆုံး လုပ်ငန်းရှင် ဘီလျံနာတစ်ဦးဖြစ်သည်။ 

၂၀၂၀ တွင် အများထံ အစုရှယ်ယာများ ကနဦး ရောင်းချမည့် အစ‌ီအစဉ်ကို တရုတ်အစိုးရက  ပိတ်ပင်တားဆီးမှုကြောင့် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ ဆုံးရှုံးခဲ့သည်။

အခြားသော တရုတ် မီဂါသူဌေးကြီးများသည် ကွန်မြူနစ်ပါတီက သုတို့အပေါ် အလားတူ ဖိအားပေးလာမည်ကို စိုးရိမ်ကြသည်။ သူတို့၏ လုပ်ငန်းကို အစိုးရက ဈေးပေါပေါဖြင့် ဝယ်ယူသိမ်းပိုက်မည်ကိုလည်း ပူပန်ကြသည်။ 

"အနည်းဆုံးတော့ ငါဒီမှာ (စင်ကာပူမှာ)နေရင် ငါ့ပိုက်ဆံက ငါ့ဥစ္စာဆိုတာ ငါသေချာတယ်" ဟု မီဂါသူဌေးတစ်ဦးက ပြောကြားသည်။
"စင်ကာပူသို့ ပြောင်းရွှေ့ခြင်းဟာ မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုကို ဘေးကင်းလုံခြုံစေရန် သေချာစေခြင်း ဖြစ်ပါတယ်။ နောက်မျိုးဆက်ပေါင်းများစွာ ကြာရှည် တည်တံ့စေနိုင်ပါတယ်" ဟု တရုတ်ပြည်မှ ကုမ္ပဏီတစ်ခုမှ စာရင်းကိုင်တစ်ဦးက ပြောကြားသည်။
စင်ကာပူကို ခြေမမြဲသော် လက်မြဲစေမည့် အရန်အစီအစဉ်သက်သက်ထက် အိုးအိမ်အဖြစ် ရှုမြင်ကြသူများ ပိုများလာသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး ဟော့ပေါ့ဆိုင်ခွဲများလုပ်ငန်း Haidilao ပူးတွဲထူထောင်သူများသည် စင်ကာပူတွင် မိသားစုရုံးခန်းတစ်ခု မကြာသေးမီက ဖွင့်လှစ်ခဲ့သည်။
ထိုသို့သော မိသားစု ရုံးခန်းများ စင်ကာပူတွင် ၂၀၂၀ တွင် ခုရေ ၄၀၀ ဝန်းကျင်ရှိခဲ့ပြီး ၂၀၂၁ တွင် ခုရေ ၇၀၀ ဝန်းကျင် ရှိလာသည်ဟု စင်ကာပူ ငွေကြေးအာဏာပိုင် Monetary Authority of Singapore က ခန့်မှန်းသည်။

ပုဂ္ဂလိက ဓနဥစ္စာနှင့် မိသားစုရုံးခန်းဆိုင်ရာ ဉပဒေရေးရာ လုပ်ငန်း Dentons Rodyk မှ  ပူးတွဲအကြီးအကဲ Loh Kia Meng က ယမန်နှစ် ၂၀၂၂ အကုန်တွင် မိသားစုရုံးပေါင်း ၁,၅၀၀ ရှိမည်ဟု ခန့်မှန်းသည်။

"၂၀၂၂ နှစ်ကုန်ပိုင်းလောက်မှာ မိသားစုရုံးအသစ်နှစ်ခုမှာ တစ်ခုက တရုတ်နိုင်ငံကနေ ဆင်းသက်လာတာ ဖြစ်နေတယ်ဆိုရင် ကျွန်တော် အံ့ဩမိမှာ မဟုတ်ပါဘူး" ဟု Loh က ပြောကြားသည်။
Source AFP
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Investment/Divestment Read 15677 times