စင်ကာပူဘဏ်များက ခရစ္ပတို ဝန်ဆောင်မှုများ လုပ်ကိုင်မည်
အရှေ့တောင်အာရှမှာ ချေးငွေ ဒုတိယအများဆုံး ထုတ်ချေးတဲ့ ဘဏ်လုပ်ငန်းဖြစ်ပြီး OCBC လို့ လူသိများတဲ့ Oversea-Chinese Banking Corp က ဘဏ်လုပ်ငန်း သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် ခရစ္ပတိုငွေလဲဌာနဖွင့်လှစ်ဖို့ စဉ်းစားနေတယ်လို့ OCBC ရဲ့ အမျိုးသမီးစီအီးအို Helen Wong က Bloomberg Television အင်တာဗျူးမှာ ပြောကြားပါတယ်။ ခရစ္ပတို ဝန်ဆောင်မှုများကို ပြိုင်ဘက်ဘဏ်အချို့နည်းတူ ဆောင်ရွက်ဖို့ အလေးအနက် စဉ်းစားနေတယ်လို့သူက ပြောပါတယ်။ ဒါပေမဲ့ ရေပန်းစားနေတာကြောင့်နဲ့တော့ ဘဏ်က ခရစ္ပတိုကဏ္ဍထဲသို့ အလောတကြီး ဝင်ရောက်မှာ မဟုတ်ကြောင်း သူက ပြောကြားပါတယ်။
ဘဏ်ဝန်ဆောင်များကို သုံးစွဲတဲ့သူတွေကို ဖြည့်ဆည်းပေးဖို့အတွက်ဖြစ်ပြီး စိတ်ချရတဲ့ လုပ်နည်းကိုင်ဟန်ဖြင့်သာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ "သူတို့ကို ကျွန်မတို့က ကူညီပေးချင်တယ်။ ရင်းနှီးမြှုပ်နှံမှုကို သိဖို့၊ ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာတွေကို ကူညီချင်ပါတယ်" လို့ သူက ပြောပြပါတယ်။
စင်ကာပူက ကမ္ဘာ့ခရစ္ပတို အချက်အချာတစ်နေရာ အဖြစ် ရပ်တည်ဖို့ ကြိုးပမ်းနေပေမဲ့ ခရစ္ပတို လက်လီရောင်းဝယ်သူတွေအကြား ရင်းနှီးမြှုပ်နှံမှုများ ပြုတာကိုတော့ သိပ်မလိုလားပါဘူး။
OCBC ရဲ့ပြိုင်ဘက် DBS Group Holdings Ltd က ၎င်းရဲ့ ဒစ်ဂျစ်တယ်ငွေလဲဌာနကို ခရစ္ပတို ငွေကြေးများ ရောင်းဝယ်ရေး ဝန်ဆောင်မှုများ ထည့်သွင်းပြီး တိုးချဲ့ဖို့ စီစဉ်နေကြောင်း ပြောကြားခဲ့ပါတယ်။ လက်လီဝယ်ရောင်းသူ အသီးသီးကို လာမယ့်နှစ်မှာ ဝန်ဆောင်မှုများ ပေးအပ်မယ်လို့ ဆိုပါတယ်။
ကမ္ဘာတစ်လွှားမှာတော့ ခရစ္ပတို ဝန်ဆောင်မှုအမျိုးမျိုး ပေးအပ်တဲ့ ဘဏ်တွေ တိုးလာပါတယ်။ Goldman Sachs Group Inc. နဲ့ JPMorgan Chase & Co အပါအဝင် ငွေကြေးအဖွဲ့အစည်းအချို့က ခရစ္ပတို ကြိုပွိုင့် ရောင်းဝယ်မှုကို ဝန်ဆောင်မှု စတင်ပေးအပ်နေပြီ ဖြစ်ပါတယ်။
Wong က 'ဒစ်ဂျစ်တယ် ငွေကြေး' အစား 'ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှု' လို့ သုံးနှုန်းပြောဆိုပါတယ်။ ခရစ္ပတို ငွေကြေးကိုလည်း ခရစ္ပတို ပိုင်ဆိုင်မှု လို့ သုံးနှုန်း ပြောဆိုပါတယ်။
ခရစ္ပတိုလောကမှာ အရောင်းအဝယ်တွေ၊ ငွေပေးငွေယူ လုပ်တာတွေမှာ မည်သူမည်ဝါဆိုတာ မသိရတဲ့စနစ် ကျင့်သုံးထားတဲ့အတွက် ခရစ္ပတို ပိုင်ဆိုင်မှုများဟာ ဥပဒေကြောင်းအရ တရားဝင် ပိုင်ဆိုင်မှုများ ဖြစ်မနေကြောင်း သူက ပြောပါတယ်။
လူတွေ အရူးအမှုး ဖြစ်နေတာကြောင့်နဲ့တော့ ခရစ္ပတိုနယ်ပယ်ထဲ OCBC ဝင်တာ မဟုတ်ဘူး။ လူတွေက ဝန်ဆောင်မှု လိုချင်နေကြတာကြောင့်နဲ့တော့ OCBC က ဝင်ရောက်လုပ်ကိုင်မှာ မဟုတ်ကြောင်းလည်း သူက ပြောကြားပါတယ်။
"အဲဒါ ရှေးရိုးဆန်တာ မဟုတ်ပါဘူး။ အဲဒါက တာဝန်သိမှုပါ။ ဘဏ်တွေမှာ တာဝန်တစ်ရပ် ရှိနေပါတယ်။ လူတွေက စီမံေပးရန် ယုံကြည်အပ်နှံထားခြင်း ခံရတဲ့ အဖွဲ့အစည်းတစ်ရပ်ရဲ့ တာဝန်သိမှု ဖြစ်ပါတယ်" လို့ စီအီးအို Helen Wong က ပြောကြားခဲ့ပါတယ်။
sg.finance.yahoo.com