ထိုင်းနိုင်ငံမှ PTT က အရှေ့တောင်အာရှ လျှပ်စစ်ကားဈေးကွက်ကို ကြီးစိုးနိုင်ရန် ရည်မှန်းထားပြီး ထုတ်လုပ်မှုများကို ၂၀၂၃ ခုနှစ်တွင် စတင်ရန် ရည်မှန်းချက် ထားရှိသည်။
ထိုင်းနိုင်ငံမှ စွမ်းအင်လုပ်ငန်း ဖြစ်သေ ရေနံနှင့် ဓာတ်ငွေ့ လုပ်ငန်းစု PTT က ကန်ထရိုက်စနစ်ဖြင့် အီလက်ထရွန်းနစ်ပစ္စည်းများ တပ်ဆင်ထုတ်လုပ်ပေးသည့်လုပ်ငန်း Foxconn နှင့် လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေး ဖက်စပ်လုပ်ကိုင်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။ အာဆီယံ ဒေသတွင်း ထိပ်တန်း လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်သူနှင့် ပြည်ပတင်ပို့သူ ဖြစ်လာရန် မဟာ ဗျူဟာ ချမှတ်ဆောင်ရွက်သွားမည်ဟု ဆိုသည်။
နိုင်ငံပိုင်လုပ်ငန်း PTT က ထိုင်ဝန်မှာ ထုတ်လုပ်သူ Foxconn တို့သည် လျှပ်စစ်မော်တော်ယာဉ်များ ထုတ်လုပ်မည့်အပြင် လျှပ်စစ်မော်တော်ယာဉ်အတွက် ပစ္စည်းများကိုလည်း ထုတ်လုပ်သွားမည် ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် စတင်ထုတ်လုပ်မည်ဖြစ်သည်။ ယခု ရင်းနှီးမြှုပ်နှံမှုသည် ထိုင်းနိုင်ငံကို အရှေ့တောင်အာရှ၏ လျှပ်စစ်မော်တော်ယာဉ် (EV-electric vehicle) ထုတ်လုပ်ရေး ဗဟိုချက်အဖြစ်သို့ ရောက်ရှိစေမည်ဟု ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
တစ်နှစ်အတွင်း EV စီးရေ ၅၀,၀၀၀ ထုတ်လုပ်မည် ဖြစ်ပြီး တစ်နှစ်လျှင် စီးရေ ၁၅၀,၀၀ ထုတ်လုပ်နိုင်သည်အထိ တိုးချဲ့လုပ်ဆောင်သွားမည် ဖြစ်သည်။ ဖက်စပ်လုပ်ငန်းသည် ၅ မှ ၆ နှစ်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ မှ ၂ ဘီလျံအထိ ရင်းနှီးမြှုပ်နှံမည်။ ထိုင်းနိုင်ငံ၏ အရှေ့စီးပွားရေးစင်္ကြံ အထူးဇုန်တွင် စက်ရုံတည်ဆောက်မည်။ သုတေသနနှင့် ဖွံ့ဖြိုးရေးကိုလည်း လုပ်ဆောင်မည်။
PTT မှ အပြည့်အဝ ပိုင်ဆိုင်သော လက်အောက်ခံလုပ်ငန်း Arun Plus က ဖက်စပ်လုပ်ငန်းတွင် ၆၀% ပိုင်ဆိုင်မည်ဖြစ်ပြီး Foxconn မှ အပြည့်အဝပိုင်ဆိုင်သော လက်အောက်ခံလုပ်ငန်း Lin Yin က ကျန်သည့် ၄၀% ပိုင်ဆိုင်မည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် စတုတ္ထသုံးလပတ်တွင် ကုမ္ပဏီ မှတ်ပုံတင်ခြင်း ပြီးစီးမည်။ ကနဦး အရင်အနှီးမှာ ဘတ် ၃.၂၂ ဘီလျံ (ကန်ဒေါ်လာ ၉၈ သန်း) ထက်မကျော်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍသည် ၁၉၆၀ ပြည့်လွန်နှစ်များတွင် စတင်ခဲ့ပြီး ဂျပန်ကားထုတ်လုပ်သူများ ထိုင်းနိုင်ငံသို့ လာရောက်လုပ်ကိုင်ခဲ့ကြသည်။ ထို့နောက် အရှေ့တောင်အာရှ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ပြည်ပတင်ပို့ခြင်းတို့အတွက် ထိုင်းနိုင်ငံသည် အချက်အချာ ဖြစ်လာခဲ့သည်။ ပြည်တွင်းမှာ အလုပ်အကိုင်များ ရရှိစေသည့်အပြင် နည်းပညာများနှင့် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ရရှိစေခဲ့သည်။ ထိုင်းနိုင်ငံ စီးပွားရေးတစ်ရပ်လုံးကို အထောက်အကူ ဖြစ်စေခဲ့သည်။
သို့ဖြစ်ရာ အချက်အချာ ဖြစ်နေခြင်းကို ထိုင်းနိုင်ငံအနေဖြင့် လက်လွှတ်ခံမည် မဟုတ်ချေ။ အီးဗီခေတ်ကို အမီလိုက်မည် ဖြစ်သည်။ အမျိုးသား မျိုးဆက်သစ် မော်တော်ယာဉ် ကော်မီတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။ ၂၀၃၀ ခုနှစ်တွင် ထိုင်းနိုင်ငံတွင် သုံးစွဲသော မော်တော်ယာဉ် စီးရေစုစုပေါင်း၏ ၃၀% သည် မီးခိုး လုံးဝမထွက်သော မော်တော်ယာဉ်များ ဖြစ်ရမည်ဟု လျာထားချက် ချမှတ်ထားသည်။ ထိုနှစ်တွင် ထိုင်းနိုင်ငံ၌ ထုတ်လုပ်သော မော်တော်ယာဉ် စီးရေစုစုပေါင်း၏ ၅၀ % သည် လျှပ်စစ်မော်တော်ယာဉ်များ ဖြစ်ရန်အတွက်လည်း ရည်မှန်းထားသည်။
တရုတ်နိုင်ငံမှ .Great Wall Motors ကလည်း အရှေ့စီးပွားရေးစင်္ကြံ အထူးဇုန်တွင် ၎င်း၏ ပထမဆုံး စက်ရုံကို ဇွန်လတွင် ဖွင့်လှစ်ခဲ့သည်။ ပြည်တွင်းဈေးကွက်နှင့် အာဆီယံဈေးကွက်တို့အတွက် EV များ ထုတ်လုပ်မည် ဖြစ်သည်။
ထိုင်းမော်တော်ယာဉ်ဈေးကွက်ကို ဂျပန်ကားထုတ်လုပ်ရေးလုပ်ငန်းများ ဖြစ်သော Toyota Motor, Nissan Motor နှင့် Honda Motor တို့က ၉၀% ဝေစု ရယူထားကြသည်ကို အသစ်ဝင်ရောက်လာသော ကားထုတ်လုပ်ရေးလုပ်ငန်းများက EV ဖြင့် ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။ Toyota Motor, Nissan Motor နှင့် Honda Motor တို့သည် EV ထုတ်လုပ်ရန် အလားအလာ ရှိသော်လည်း ဓာတ်ဆီသုံး အင်ဂျင်ဖြင့် မောင်းနှင့်သည့် ကားများ ထုတ်လုပ်ခြင်းမှ လျှပ်စစ်ကား ထုတ်လုပ်ခြင်းသို့ ပြောင်းလဲရန် အားတက်သရော လုပ်ကိုင်ကြခြင်း မရှိသေးချေ။