နိုင်ငံခြားငွေရောင်းဝယ်ခြင်းအား Free Float စနစ်သို့ ဗဟိုဘဏ်ပြောင်းလဲ


11 September, 2021


မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထိန်းချုပ်မှုမရှိသည့် ဈေးကွက်အလိုကျ လွှတ်ထားလိုက်သည့် နှုန်းရှင်မျှောစနစ် Free Float စနစ်ပုံစံသို့ ပြောင်းလဲလိုက်သည်။
နိုင်ငံခြားငွေနှုန်းထားသတ်မှတ်ချက်ကို ဗဟိုဘဏ်က နေ့စဉ်သတ်မှတ်ထုတ်ပြန်သည့် နှုန်း၏ ၀ ဒသမ ၈ ရာခိုင်နှုန်း အတိုး၊ အလျှော့ဘောင်အတွင်းမှ ရောင်းဝယ်ရန် သတ်မှတ်ချက်ကို ပယ်ဖျက်ကြောင်း စက်တင်ဘာလ ၁၀ ရက်နေ့ ရက်စွဲဖြင့်  မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည်။
မြန်မာနိုင်ငံအတွင်း အဓိကအသုံးပြုနေသည့် အမေရိကန်ဒေါ်လာနှုန်းထားကို ထိန်းချုပ်မှုရှိသည့် နှုန်းရှင်(Managed Floating)စနစ်အဖြစ်မှ ထိန်းချုပ်မှုမရှိသည့် ဈေးကွက်အလိုကျ လွှတ်ထားလိုက်သည့် နှုန်းရှင်မျှောစနစ် Free Float စနစ်ပုံစံသို့ ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း ငွေကြေးဈေးကွက်ကျွမ်းကျင်သူများက ဆိုသည်။
နိုင်ငံခြားငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(AD)လိုင်စင်ရဘဏ်များ၊ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ခွင့်(MC)လိုင်စင်ရရှိသူများမှ နိုင်ငံခြားငွေ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းတို့ ဆောင်ရွက်ရာတွင် ဗဟိုဘဏ်၏ ရည်ညွှန်းနှုန်းကို Mid-Rate သတ်မှတ်၍ ရောင်းဈေးနှုန်းနှင့် ဝယ်ဈေးနှုန်းကို ၀ ဒသမ ၈ ရာခိုင်နှုန်း အတိုး၊ အလျှော့ဘောင်အတွင်းဆောင်ရွက်ရန်ညွှန်ကြားခဲ့ခြင်းကို ယခုစာဖြင့် လွှမ်းမိုးပယ်ဖျက်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အတွင်းဖော်ပြထားသည်။
“ ဒီလိုမျိုးက ဒေါ်လာဈေးတွေ အဆမတန်တက်နေတဲ့အချိန်မျိုးဆို ဗဟိုဘဏ်က လုပ်တတ်တယ်။ NLD လက်ထက်တုန်းကလည်း လုပ်ဖူးတယ်။ အဲဒီတုန်းကလည်း အောင်မြင်ခဲ့တယ်။ ဒီစနစ်ကကောင်းပါတယ် ” ဟု ရန်ကုန်မြို့ကငွေလဲကောင်တာတစ်ခု၏ ပိုင်ရှင်တစ်ဦးက ပြောသည်။
ထိုသို့ Free Float စနစ်သို့ပြောင်းလဲလိုက်ခြင်းဖြင့် ပုဂ္ဂလိက ဘဏ်များနှင့် ငွေလဲကောင်တာများ၏ နေ့စဉ်ထုတ်ပြန်သည့် နိုင်ငံခြားနှုန်းထားများ ပြင်ပပေါက်ဈေးအတိုင်း ထုတ်ပြန်လာနိုင်မည်ဖြစ်သည့်အတွက် ရောင်းလိုအား၊ ဝယ်လိုအား ပြန်လည်မျှတသွားမည်ဖြစ်ကြောင်း ငွေကြေးဈေးကွက်ကျမ်းကျင်သူလည်းဖြစ်သည့် အထက်ပါပုဂ္ဂိုလ်က ပြောသည်။
“ ဒီလိုလုပ်တာ ကောင်းတယ်ဆိုပေမယ့် ဈေးကျသွားမလားဆိုတာကတော့ ပြောရခက်ပါတယ် ” ဟု ၎င်းက ဆက်ပြောသည်။
ထိုသို့ Free Float ပြုလုပ်ခြင်းကြောင့် ငွေကြေးဈေးကွက်တွင် အထိန်းအကွပ်မရှိ အရောင်းအဝယ်ပြုလုပ်နိုင်မည် ဖြစ်သည့်အတွက် ဈေးကွက်အတွင်း နိုင်ငံခြားငွေများ ပြန်လည်များပြားလာမည်ဖြစ်သည့်အတွက် ဈေးကွက်တည်ငြိမ်သည့်ဘက်ကို ရောက်ရှိလာနိုင်ကြောင်း ငွေကြေးဈေးကွက်ကျွမ်းကျင်သူတစ်ဦးက ပြောသည်။
“ ဒါက ကောင်းပါတယ်။ ဘာလို့ဆို ရောင်းချင်တဲ့သူတွေက Money Changer တွေ၊ ဘဏ်တွေရဲ့ နေ့စဉ်ထုတ်တာတွေကို ကြည့်ပြီး မရောင်းရဲကြဘူးလေ။ တကယ့်ဈေးနဲ့ ဘဏ်တွေရဲ့ဈေးက အရမ်းကွာဟနေတာကို အခုဆို အဲဒီသတ်မှတ်ချက်ဖြုတ်လိုက်တော့ ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေဆီကိုလဲ နိုင်ငံခြားငွေတွေ ရောက်လာနိုင်တာပေါ့ ” ဟု ၎င်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရအဖြစ်တာဝန်ယူခဲ့စဉ် ၂၀၁၈ ခုနှစ် ဩဂုတ်လအတွင်းက အမေရိကန်ဒေါ်လာဈေးသည် တစ်ဒေါ်လာလျှင် ၁၅၀၀ ခန့်အထိ မြင့်တက်ခဲ့သည့်အတွက် Free Float စနစ်ပုံစံသို့ ပြောင်းလဲခဲ့သည်။
၂၀၁၂ ခုနှစ်မှစတင်၍ နိုင်ငံခြားငွေကြေးဈေးနှုန်းများကို ဗဟိုဘဏ်မှ ထိန်းချုပ်မှုရှိသော နှုန်းရှင်(Managed Floating)စနစ်ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ် သြဂုတ် ၁၃ ရက်နေ့တွင် Free Float စနစ်ဖြစ်သည့် ဗဟိုဘဏ် ရည်ညွှန်း ငွေလဲနှုန်း ဝ ဒသမ ၈ ရာခိုင်နှုန်း အတိုးအလျှော့လုပ်နိုင်ခြင်းကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။
လက်ရှိနိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ကျပ်ငွေတန်ဖိုးအဆမတန်ကျဆင်းနေပြီး အမေရိကန်ဒေါ်လာဈေးမှာ တစ်ဒေါ်လာလျှင် ကျပ် ၂၀၀၀ ကျော်အထိ မြင့်တက်လာသကဲ့သို့ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ ယွမ်နှင့် အခြားငွေကြေးဈေးနှုန်းများမှာလည်း တဖြည်းဖြည်းမြင့်တက်လျက်ရှိကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
ယနေ့ ပြင်ပငွေကြေးဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ၂၀၀၀ ကျော်အထိ ဈေးဖြစ်ပေါ်နေသော်လည်း တရားဝင်ငွေလဲကောင်တာများနှင့် ဘဏ်များ၏ ဒေါ်လာလဲလှယ်နှုန်းကြေညာချက်မှာ တစ်ဒေါ်လာလျှင် ၁၇၄၅ ကျပ်သာဖြစ်ကြောင်း ရန်ကုန်မြို့က ငွေလှယ်ကောင်တာများနှင့် ပုဂ္ဂလိကဘဏ်အချို့၏ ထုတ်ပြန်ထားချက်များအရ သိရသည်။
Burma Associated Press

Banking & Loan Read 359 times