နိုင်ငံခြားငွေ ဝင်ငွေ ကွယ်ပျောက်သဖြင့် လာမည့်နှစ် စီးပွားဆုတ်ယုတ်မည်ဟု IMF ခန့်မှန်း


20 October, 2021

FDI ၈ နှစ်အတွင်း အနိမ့်ဆုံး၊  နိုင်ငံခြားငွေ ဝင်ငွေ ကွယ်ပျောက်သဖြင့် လာမည့်နှစ် စီးပွားဆုတ်ယုတ်မည်ဟု  IMF ခန့်မှန်း


နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်သော ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်းအများအပြား ရပ်ဆိုင်းထားလိုက်ရပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုသည် ပထမတွင် ကိုဗစ်ကြောင့် ကျဆင်းခဲ့ရာမှ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးသည့်နောက်တွင်နိုင်ငံရေး မတည်ငြိမ်မှုများ ပျံ့ပွားခဲ့သဖြင့် ၈ နှစ်တာ ကာလအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိသွားကြောင်း တရားဝင်ထုတ်ပြန်သည့် ကိန်းဂဏန်းများက ပြသနေသည်။

 

နိုင်ငံခြားငွေ စီးဝင်မှုများ ခန်းခြောက်သည့်ကြားတွင် International Monetary Fund က လာမည့်နှစ်တွင် စီးပွားရေး ကြီးထွားနှုန်း အနုတ်ပြမည်ဟု မျှော်မှန်းထားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ 
စက်တင်ဘာလအထိ ခွင့်ပြုခဲ့သည့် ပြည်ပရင်းနှီးမြှုပ်နှံမှုသည် ၂၂% ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ .၈ ဘီလျံသာ ရှိခဲ့သည်။
အဆိုပါကိန်းဂဏန်းသည် အထူးစီးပွားရေးဇုန် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ မပါပေ။
၁၂ လတာ ကာလအတွင်း အသစ်အတည်ပြုသော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ အရေအတွက်သည် ထိုးကျသွားခဲ့သည်။ ၄၈ ခုမျှသာ ရှိသည်။ ပြီးခဲ့သည့်နှစ်၏ ငါးပုံတစ်ပုံမျှသာ ရှိသည်။ ၄၈ ခုအနက် ၃၈ ခုသည် စစ်တပ်မှ အာဏာမသိမ်းခင်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။
အတည်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများတွင် လျှပ်စစ်ဓာတ်အား နှီးနွှယ်စီမံကိန်းများသည် ယခင်နှစ်ထက် ၃ ဆ ဖြစ်ပြီး ပမာဏ အမေရိကန်ဒေါ်လာ ၃.၁၂ ဘီလျံ ရှိသည်။ ထိုပမာဏ ဖြစ်စေခဲ့သည်မှာ ၂၀၂၀ မေလတွင် ဖက်စပ်လုပ်ကိုင်် သဘာဝဓာတ်ငွေ့ရည် LNG ဖြင့် မီးထိုးသည့် လျှပ်စစ်ဓာတ်အားစက်ရုံတစ်ခုကို  အတည်ပြုခဲ့ခြင်းကြောင့် ဖြစ်သည်။
စီမံကိန်းတွင် ပြည်တွင်းနှင့် တရုတ်ကုမ္ပဏီများ ပါဝင်ပတ်သက်သည်။ ၎င်းတို့က ဓာတ်အားစက်ရုံတစ်ခု တည်ဆောက်ရန် ရည်ရွယ်သည်။ ကီလိုဝပ် ၁. ၃၉ သန်း ထုတ်လုပ်နိုင်မည့် စက်ရုံဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ မြန်မာ့ကမ်‌းခြေတွင် တင်သွင်းသည့် LNG အခြေပြုသည်။
ကုန်ထုတ်လုပ်မှု လုပ်ငန်းကဏ္ဍတွင် အတည်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများသည် အလုပ်အကိုင်ဖန်တီးရေးကို သိသာထင်ရှားစွာ အကျိုးပြုသည်။ ၎င်းကဏ္ဍတွင် ရင်းနှိးမြှုပ်နှံမှုများ ယခင်နှစ်ထက် ၇၅% ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၈၆ သန်း ရှိသည်။
တတိယအကြီးမားဆုံး အတည်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှု၏ ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၃ သန်း ဖြစ်သည်။ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍထဲသို့ စီးဝင်သည်။ ၎င်းနောက်တွင် ဟိုတယ်များနှင့် ခရီးသွားလာရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၇၁ သန်း ရှိသည်။ ထို့နောက်တွင်  စက်မှုလုပ်ငန်းသုံး အိမ်ရာအဆောက်အဦကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၈ သန်း ရှိသည်။

မြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသော ပြည်ပကုမ္ပဏီများတွင် အများအပြားတို့သည် ရင်းနှီးမြှုပ်နှံမှုများ ထပ်တိုးခြင်း ကို ရပ်ထားကြသည်။
မြန်မာနိုင်ငံတွင် လုပ်ကိုက်သော ကုမ္ပဏီများကို အကြံ‌ဉာဏ်ပေးသည့် Trust Venture Partners မှ စီအီးအို Shinsuke Goto က “ဖုန်ထနေတာတွေ အခြေတကျ မပြီးပြတ်သေးသရွေ့ ကုမ္ပဏီ အများအပြားတို့အဖို့ နုတ်သိမ်းဆုတ်ခွာရမလား၊ ရင်းနှီးမြှုပ်နှံမှု ပြန်စရမလား ဆုံးဖြတ်ဖို့ ခက်ခဲပါတယ်” ဟု ပြောကြားသည်။
မသေချာမရေရာ အခြေအနေက ထိုကုမ္ပဏီများကို တိုင်းပြည်၏ နိုင်ငံရေးနှင့် လူထုဘေးကင်းလုံခြုံရေး အ‌ခြေအနေအရပ်ရပ်တို့ ပုံမှန်ပြန်ဖြစ်မှာလား၊ ပိုတင်းကျပ်သော စီးပွားရေး ပိတ်ဆို့မှုများနှင့် အခြားသော အကြောင်းရင်းခံများက စီးပွားဝန်းကျင်ကို ပိုဆိုးဝါးအောင် ပြုမှာလား ဆိုသည်ကို ဆုံးဖြတ်၍ မရနိုင်အောင် ဖြစ်နေစေသည်။ 
မြန်မာ့စီးပွားရေးသည် စက်တင်ဘာလအထိ တစ်နှစ်တာအတွင်း ၁၈ % ဆုတ်ယုတ်ခဲ့သည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်းထားသည်။ အာရှဖွံ့ဖြိုးရေးဘဏ်က ၁၈.၄% ဟု ခန့်မှန်းသည်။
IMF က အခြေအနေ ပိုဆိုးလိမ့်မည်ဟု မျှော်လင့်ထားသည်။ အောက်တိုဘာလ ၁၂ ရက်တွင် ၂၀၂၂ စီးပွားရေး ကြီးထွားနှုန်းကို အကျဘက်သို့ ပြင်ဆင်ချိန်ဆခဲ့ရာ (-)၀. ၁% ဟု သတ်မှတ်ခဲ့သည်။ ဧပြီလတုန်းက ကြီးထွားနှုန်းကို ၁. ၄ % ဟု သတ်မှတ်ခဲ့သည်။
IMF က စီးပွားရေး ထိခိုက်မှု ပိုရှည်ကြာမည်ဟု မျှော်လင့်ထားသည်။ ၂၀၂၃ မှ ၂၀၂၆ အထိ နှစ်စဉ်ကြီးထွားနှုန်း ၂.၄ ~၂.၅% ဟု ယခုအခါ ခန့်မှန်းသည်။  ယခင်တစ်နှစ်အကြာက ၂၀၂၂ မှ ၂၀၂၅ အထိ ၆.၄~၆.၅ % ရှိလိမ့်မည်ဟု ခန့်မှန်းထားခဲ့သည်ထက် သိသိသာသာ နိမ့်ကျနေပါသည်။
အချို့ပြည်ပကုမ္ပဏီများက မြန်မာမှ နုတ်သိမ်းဆုတ်ခွာ သို့မဟုတ် ၎င်းတို့၏ လုပ်ကိုင်မှုများ အရွယ်အစား လျှော့ချရန် ဆုံးဖြတ်ခဲ့ကြသည်။
ဂျာမန် လက်ကားအရောင်းကုမွဏီ Metro က ၎င်း၏ ပြည်တွင်း လုပ်ငန်းလည်ပတ်မှုကို အောက်တိုဘာ လကုန်တွင် ရပ်ပြီဟု ကြေညာသည်။ ၎င်းကုမ္ပဏီက သီလဝါ အထူးစီးပွားရေးဇုန်တွင် လောဂျစ္စတစ် အခြေစိုက် တည်ထောင်ခဲ့သည်။ ၂၀၁၉ တွင် စားသောက်ဆိုင်များနှင့် ဟိုတယ်များကို ချက်ပြုတ်စရာများ စတင်ပေးသွင်းခဲ့သည်။
“လက်ရှိ ပတ်ဝန်းကျင် အနေအထားတွင် ကျွန်ုပ်တို့ လိုချက်သော အရည်အသွေးရေချိန်ဖြင့် ဝန်ဆောက်မှုများ ပေးအပ်ခြင်းကို ကျွန်ုပ်တို့ ဆောင်ရွက်နိုင်ခြင်းမရှိ” ဟု ကြေညာချက်တွင် ကုမ္ပဏီက ၎င်း၏Facebook စာမျက်နှာတွင် စက်တင်ဘာလ အစောပိုင်း၌ တင်ပြခဲ့ရာတွင်  ပြောပြထားသည်။
နော်ဝေးမှ ဆက်သွယ်ရေးကုမ္ပဏီ Telenor က ဇူလိုင်လတွင် ကြေညာရာ၌ ၎င်း၏ မြန်မာနိုင်ငံရှိ  မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းကို လက်ဘနွန်မှ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုထံ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချမည်ဟု အသိပေးသည်။ သို့သော် မြန်မာအာဏာပိုင်တို့က ရောင်းချြခင်းကို အတည်ပြုပေးခြင်း မပြုသေးသောကြောင့် အရောင်းအဝယ် မပြီးပြတ်သေးချေ။ 
မြန်မာနိုင်ငံသား ၄၀၀ ဦး ကျော်တို့က အုပ်စုတစ်ခု ဖွဲ့ပြီး ရောင်းချမှုအပေါ် သူတို့၏ စိုးရိမ်ပူပန်မှုကို အသံပြုခဲ့ကြသည်။ တယ်လီနော မြန်မာမှ ထွက်ခွာခြင်းကြောင့် လူ့အခွင့်အရေးများ ထိခိုက်မည်ကို ထည့်စဉ်းစားဖို့ တယ်လီနောမှာ တာဝန်ရှိသည်ဟု သူတို့က တင်ပြခဲ့ကြသည်။ လုပ်ငန်းကို ဝယ်ယူမည့် 
ကုမ္ပဏီသည် ဆီလျော်မှုကိုလည်း ထည့်သွင်းစဉ်းစားရမည်ဟု ဆိုသည်။
စက်တင်ဘာလတွင် တယ်လီနောက ပြောကြားသည်မှာ မြန်မာနိုင်ငံတွင် ဆက်လက် လုပ်ကိုင်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ဟု ဆုံးဖြတ်ထားပြီးပြီ ဖြစ်သည်။ ကြားဖြတ်ဖမ်းယူသည့် စက်ကိရိယာများ တပ်ဆင်လုပ်ကိုင်ရန် ဖိအားပေးခြင်း ပိုတိုးလာသည်။ ၎င်းစက်ကိရိယာတုိ့ကုိ မြန်မာနိုင်ငံရှိ အာဏာပိုင်တို့ သုံးစွဲခြင်းအတွက် နော်ဝေးနှင့် ဥရောပတို့က ပိတ်ပင်ထားသည်ဟု ရှင်းပြခဲ့သည်။
အစားအသောက်နှင့် အဖျော်ယမကာ ပြည်ပအမှတ်တံဆိပ်များအတွက် လုပ်ငန်းခွဲ တစ်ခုအဖြစ်  လုပ်ကိုင်ခွင့်လိုင်စင်ရယူ လုပ်ကိုင်နေသော လုပ်ငန်းအချို့တို့သည် မြန်မာတွင် ကြီးထွားလာနေသည့် အလယ်အလတ်တန်း ဝင်ငွေ ရရှိသည့် အပိုင်းအကန့်ကို ပစ်မှတ်ထားကြသည်။  အမေရိကန်အခြေစိုက် Auntie Anne'sလက်လုပ် Pretzel အပျော့ရောင်းချသည့် ဆိုင်များ၊ တိုင်ဝမ်မှ သာကူလက်ဖက်ရည်ကြမ်း ရောင်းချသည့် Koi The ဆိုင်များ အစရှိသည်တို့ လုပ်ငန်းပိတ်သိမ်းခဲ့ကြသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ်တွင် ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု နှီးနွှယ်သော ရင်းနှီးမြှုပ်နှံမှုများနှင့် ချေးငွေများ အမေရိကန်ဒေါ်လာ ၂.၂ ဘီလျံဖိုး မြန်မာနိုင်ငံသို့ စီးဝင်ခဲ့သည်။ ၂၀၂၁ တွင် စုစုပေါင်းပမာဏ သိသိသာသာ ကျဆင်းဖွယ် ရှိသည်။
ဤအချိန်အတောအတွင်း မြန်မာသည် စီးပွားရေးကို ထောက်ကူနေသည့် နိုင်ငံခြားငွေ ဝင်ငွေ ကျဆင်းခြင်းကြောင့် ထိခိုက်နေသည်။ တစ်ချိန်တည်းမှာပင် ခရီးသွားလုပ်ငန်း အလုပ်အကိုင် မကောင်းသည့်အချိန် ဖြစ်နေသည်။ အခြားနိုင်ငံများမှ တရားဝင် ဖွံ့ဖြိုးရေး အကူအညီ ကွယ်ပျောက်သွားလိမ့်မည်။

asia.nikkei.com

Investment/Divestment Read 30354 times