ဘဏ်များက ဗဟိုဘဏ်တွင် ထားရှိရမည့် အနည်းဆုံး သီးသန့်ငွေလိုအပ်ချက်ထက် ကျော်လွန်သည့် ပျမ်းမျှပိုလျှံသီ


08 October, 2022

 မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်များက မြန်မာကျပ်ငွေ (ဘဏ်များ၏ ဗဟိုဘဏ်ရှိ စာရင်းရှင်အပ်ငွေ - Banks” Deposits at Central Bank - CAB) ဖြင့်ထားရှိရမည့်အနည်းဆုံး သီးသန့်ငွေလိုအပ်ချက်ထက်ကျော်လွန်သည့်ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်တွင် အတိုးပေးခြင်း (Interest on Excess Reserves - IOER)နှင့် စပ်လျဉ်း၍ စာအမှတ်၊မဗဘ/MP/FIR/ငွေကြေးမူဝါဒ ၁ /၃၈၃/ ၂၀၂၂-၂၀၂၃ ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်ကို ဖော်ပြအပ်ပါသည်။


 

ရည်ညွှန်းချက် ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၇.၁၀.၂၀၂၂) ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁၂/၂၀၂၂)

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့်အနည်းဆုံး သီးသန့်ငွေလိုအပ်ချက် ၃ ရာခိုင်နှုန်းတွင် ဘဏ်များ၏ ဗဟိုဘဏ်ရှိစာရင်းရှင်အပ်ငွေ (CAB) ဖြင့် ၂.၅ ရာခိုင်နှုန်းနှင့်ဘဏ်များလက်ဝယ်ရှိငွေသား (Cash at Bank) ဖြင့် ၀.၅ ရာခိုင်နှုန်း ထားရှိရန်ရည်ညွှန်း ချက်ပါ ညွှန်ကြားချက်အမှတ် (၁၂/၂၀၂၂) ဖြင့် ထုတ်ပြန်သတ်မှတ်ခဲ့ပါသည်။

၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် စီးပွားရေးစနစ်အတွင်းရှိ ငွေကြေးပမာဏကို ပိုမိုတိကျစွာ ခန့်မှန်းတွက်ချက်နိုင်ရန်အတွက်လည်းကောင်း၊ အတိုးနှုန်းဖြေလျှော့ခြင်း (Interest Rate Liberalization) ဆောင်ရွက်နိုင်ရန် ကနဦးအဆင့်ဖြစ်သည့်အတိုးနှုန်းဘောင် (Interest Rate Corridor) စတင်ရန်အတွက်လည်းကောင်း၊ ဘဏ်များလက်ဝယ်ရှိ ပိုလျှံငွေသားများမှ အချို့အား ဗဟိုဘဏ်ရှိ စာရင်းရှင်အပ်ငွေ (CAB) တွင် လာရောက်အပ်နှံခြင်းဖြင့် ဘဏ်များသည် အတိုးဝင်ငွေရရှိမည်ဖြစ်ပြီး ပိုမိုလုပ်သာကိုင်သာရှိစေရန်အတွက်လည်းကောင်း၊ ဘဏ်များက မြန်မာကျပ်ငွေ (CAB) ဖြင့် ထားရှိ ရမည့်အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ထက်ကျော်လွန်သည့် ပျမ်းမျှပိုလျှံသီးသန့်ငွေပေါ်တွင် အတိုး နှုန်းတစ်ရပ်ဖြင့်တွက်ချက်၍ အတိုးငွေပေးသည့်စနစ်တစ်ရပ်ကို အောက်ပါအတိုင်း ဆောင်ရွက်သွား မည်ဖြစ်ပါသည် -

(က) ပျမ်းမျှပိုလျှံသီးသန့်ငွေ (Average Excess Reserve) အပေါ် အတိုးပေးရာတွင် ပျမ်းမျှ ပိုလျှံသီးသန့်ငွေပမာဏ အနည်းဆုံးကျပ် ၁၀ ဘီလီယံနှင့် အထက်ရှိသော ဘဏ်များ ကိုသာ အတိုးပေးမည်ဖြစ်ပြီး အများဆုံးပိုလျှံသီးသန့်ငွေ ပမာဏကျပ် ၅၀ ဘီလီယံထိ သာ ခွင့်ပြုမည်ဖြစ်သည်။

(ခ) ပိုလျှံသီးသန့်ငွေအပေါ် ပေးမည့်အတိုးနှုန်းကို ကနဦးအနေဖြင့် ဘဏ်အချင်းချင်း ဈေးကွက် (O/N) အတိုးနှုန်းအရ ၃.၅% သတ်မှတ်မည် ဖြစ်သည်။

(ဂ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အတိုးပေးမည့်အနည်းဆုံးနှင့်အများဆုံးပိုလျှံသီးသန့် ငွေပမာဏဘောင်သတ်မှတ်ချက်နှင့် ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်ပေးမည့် အတိုးနှုန်း ကို အခါအားလျော်စွာသုံးသပ်၍ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီစေရန် ပြောင်းလဲ ပြင်ဆင်ခြင်း (တိုးခြင်း/လျော့ခြင်း) ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်၊

(ဃ) အတိုးငွေကို တွက်ချက်ရာတွင် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် ထိန်းသိမ်းမှုကာလ အလိုက်နောက်ဆုံးနေ့ရှိ ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်တွင် တွက်ချက်မည်ဖြစ်ပြီး ထိန်းသိမ်းမှုကာလ နောက်ဆုံးနေ့ရက်၏ T+2 ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိ သက်ဆိုင်ရာ ဘဏ်၏စာရင်းသို့အလိုအလျာက် ထည့်သွင်းပေးမည်ဖြစ်သည်။

(င) ပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးခြင်းကို (၁၂.၁၀.၂၀၂၂ - ၈.၁၁.၂၀၂၂) ထိန်းသိမ်းမှု ကာလမှ စတင်ကျင့်သုံးသွားမည်ဖြစ်သည်၊

(စ) ပိုလျှံသီးသန့်ငွေပေါ်တွင်အတိုးပေးခြင်းကို မြန်မာကျပ်ငွေဖြင့် လက်လီဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ(Retail Banking) ခွင့်ပြုထားသည့် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိက ဘဏ်များနှင့် နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်များအား တပြေးညီဆောင်ရွက် သွားမည် ဖြစ်သည်။

Banking & Loan Read 366 times