ထိုင်းနိုင်ငံရောက် Jack Ma က  Ant Group ထိန်းချုပ်ခွင့် စွန့်လွှတ်


07 January, 2023

ထိုင်းနိုင်ငံရောက် Jack Ma က  Ant Group ထိန်းချုပ်ခွင့် စွန့်လွှတ်
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U

Ant Group တွင် ထိန်းချုပ်ခွင့်ကို  Jack Ma က စွန့်လွှတ်လိုက်ပါသည်။

Ant Group တည်ထောင်သူ Jack Ma သည် ကုမ္ပဏီ၏ အစုရှယ်ယာရှင်များက ၎င်း၏မဲပေးခွင့်အများစုကို စွန့်လွှတ်လိုက်မည့် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်ရန် သဘောတူပြီးနောက် တရုတ် fintech ကုမ္ပဏီကြီးကို ထိန်းချုပ်တော့မည်မဟုတ်ကြောင်း အဆိုပါအဖွဲ့မှ စနေနေ့(ဇန်နဝါရီလ ၇)တွင် ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ်နှောင်းပိုင်းတွင် Ant ၏ ကန်ဒေါ်လာ ၃၇ ဘီလီယံဖိုး အစုရှယ်ယာများကို လူထုထံ ကနဦး ရောင်းချမည့် အစီအစဉ်ကို တရုတ်အစိုးရ ကြီးကြပ်သူများက ရပ်ခိုင်းခဲ့ပြီး လုပ်ငန်းကို ပြန်လည်ပြင်ဆင်ဖွဲ့တည်ရန် အတင်းအကျပ် စေခိုင်းခဲ့ပါသည်။

Ma သည် Ant တွင်  ရှယ်ယာ ၁၀%သာ ပိုင်ဆိုင်ပါသည်။ သို့သော် e-commerce မဟာလုပ်ငန်းစုကြီး Alibaba Group Holding Ltd က Ant တွင် ရယူထားသည့် လုပ်ပိုင်ခွင့်များမှတစ်ဆင့် Ma က Ant ကို ထိန်းချုပ်ပါသည်။ 
Ma ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Hangzhou Yunbo ကလည်း Ant တွင် ရှယ်ယာ ၅၀.၅% ပိုင်ဆိုင်ထားသည့် ကုမ္ပဏီ နှစ်ခုကို ထိန်းချုပ်ထားပါသည်။ 

Ma နှင့် ၎င်း၏ အခြားအဓိကရှယ်ယာရှင် ကိုးဦးတို့သည် ၎င်းတို့၏ မဲပေးပိုင်ခွင့်ကို ကျင့်သုံးသည့်အခါတွင် တစ်ဖွဲ့တည်းအနေဖြင့် ပါဝင်ဆောင်ရွက်ခြင်းမပြုတော့ဘဲ မဲပေးခွင့်ကို တသီးတခြားစီ ကျင့်သုံးကြရန် သဘောတူညီမှု ရရှိခဲ့ကြောင်း  Ant မှပြောကြားပါသည်။

Ma သည် ယခင်က Ant တွင် မဲပေးပိုင်ခွင့် ၅၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားသည်။ ယခုအခါ အပြောင်းအလဲကြောင့် ၆.၂% သို့ လျော့ကျသွားမည်ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြပါသည်။
လက်ရှိတွင် ဘုတ်အဖွဲ့ ဒါရိုက်တာ ၈ ဦး ပါဝင်သော Ant ၏ ဒါရိုက်တာဘုတ်အဖွဲ့ကိုလည်း ပြင်ဆင် ဖွဲ့စည်းမည် ဖြစ်ပါသည်။ သီးခြားရပ်တည်သော ပဉ္စမမြောက် ဒါရိုက်တာတစ်ဦး ထပ်ထည့်ပေးမည်ဖြစ်ပါသည်။ ထိုအခါ သီးြခားရပ်တည်သော ဒါရိုက်တာများက ဒါရိုက်တာဘုတ်အဖွဲ့တွင် အများစု ဖြစ်နေစေမည် ဖြစ်သည်။ 

တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရှယ်ယာပိုင်သူ တစ်ဦးတည်းက သူတစ်ဦးတည်းဖြစ်စေ၊ အခြားသူများနှင့် ပူးပေါင်း၍ဖြစ်စေ Ant Group ကို ထိန်းချုပ်ထားနိုင်ခြင်း ရှိတော့မည် မဟုတ်ကြောင်း Ant Group မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားပါသည်။

၂၀၂၀ ခုနှစ် မေလတွင် Alibaba Group ၏ fintech လက်ရုံးဖြစ်သော Ant Financial Group က  WaveMoney တွင် အစုရှယ်ယာ ၃၃% အတွက် ကန်ဒေါ်လာ ၇၃.၅ သန်းဖြင့် ရင်းနှီးမြှုပ်နှံမှုပြုမည်ဖြစ်ကြောင်း၊ ရှယ်ယာအသစ်ထုတ်ပေးခြင်း နည်းလမ်းဖြင့် ဆောင်ရွက်ကြောင်း ကြေညာခဲ့ပြီး မြန်မာနိုင်ငံရေး မတည်ငြိမ်သဖြင့် နောက်ဆုတ်ခဲ့ပါသည်။

ဂျက်မား Jack Ma သည် ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီး ဘန်ကောက်မှာ Jack Ma ကို မွေထိုင်းလက်ဝှေ့ကျော် Buakaw Banchamek နှင့် အတူ ထိုးကြိတ်မည့်ဟန်ဖြင့် တွေ့ရသည်။

တရုတ်ဘီလျံနာ Jack Ma သည် ကြာသပတေးနေ့ (ဇန် ၅)တွင် ဘန်ကောက်မြို့ရှိ Rajadamnern အားကစားကွင်း VIP ပွဲကြည့်စဉ်၌ မွေထိုင်းပွဲစဉ်ကို ကြည့်ရှုနေသည်ကို တွေ့ရှိခဲ့ရသည်။

Mr Ma သည် e-commerce အဓိကထားလုပ်ကိုင်သော တရုတ် နိုင်ငံတကာ နည်းပညာ လုပ်ငန်းစုကြီး  Alibaba Group ၏ ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်ဥက္ကဋ္ဌဟောင်းဖြစ်သည်။

 သူသည် တရုတ်အစိုးရက ပြည်တွင်း နည်းပညာလုပ်ငန်းကဏ္ဍကို ဖြိုခွင်းစဉ် လူမြင်ကွင်းမှ ပျောက်ကွယ်သွားပြီးနောက် တိုကျိုတွင် မိသားစုနှင့်အတူ ခြောက်လကျော်နေထိုင်ခဲ့သည်။ဂျပန်နိုင်ငံတွင် နေထိုင်စဉ်အတွင်း Mr Ma သည် အမေရိကန်၊ စပိန်နှင့် အစ္စရေးနိုင်ငံများသို့ သွားရောက်ခဲ့သည်။

 

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် တရုတ်ဘီလျံနာ Jack Ma ကို ဘန်ကောက်မြို့ရှိ လမ်းဘေးစားသောက်ဆိုင် Jay Fai တွင် တွေ့ရစဉ်

 

၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် Mr Ma သည် တရုတ်၏ ဘဏ္ဍာရေးထိန်းညှိမှုများကို ဝေဖန်ခဲ့ပြီး နိုင်ငံပိုင်ဘဏ်များသည် "အပေါင်ဆိုင်စိတ်ထား" ရှိသည်ဟုစွပ်စွဲကာ အပေါင်ပစ္စည်းမရှိသော ဆင်းရဲနွမ်းပါးသူများကို အကြွေးထပ်တိုးပေးနိုင်သည့် ရဲရင့်သောကစားသမားအသစ်များကို နေရာပေးဖို့ ရဲရဲတောက် ပြောဆိုခဲ့သည်။

 တရုတ်အစိုးရက ပြန်လည်တုံ့ပြန်ခဲ့ရာ၌ သူလုပ်ကိုင်သည့် Ant Group လူထုထံ ကနဉီးအစုရှယ်ယာ ရောင်းချရန် စီစဉ်နေသည်ကို ဖျက်သိမ်းစေခဲ့သည်။Alibaba ကိုလည်း လက်ဝါးကြီးအုပ်သည့်အတွက်  စံချိန်သစ်တင်ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံ ဒဏ်ရိုက်ခဲ့သည်။

Source Reuters 
TO GET INSTANT UPDATE  
Join Telegram Channel 

https://t.me/Guid4U

Investment/Divestment Read 5095 times