ကိုရီးယား အကြီးမားဆုံး လက်လီအရောင်းလုပ်ငန်း Lotte တရုတ်ပြည်မှ ထွက်ခွာရန် ဆုံးဖြတ်


25 May, 2022

ကိုရီးယား အကြီးမားဆုံး လက်လီအရောင်းလုပ်ငန်း Lotte တရုတ်ပြည်မှ ထွက်ခွာရန် ဆုံးဖြတ်

 

တောင်ကိုရီးယားနိုင်ငံမှ အကြီးမားဆုံး လက်လီအရောင်းလုပ်ငန်း Lotte က တရုတ်ပြည်မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ပါတယ်။

တောင်ကိုရီးယား အစိုးရက အမေရိကန် ဒုံးခွင်းဒုံးကျည်စစ်စခန်း တောင်ကိုရီးယားမှာ ထားရှိဖို့ ဆုံးဖြတ်ခြင်းကြောင့် တရုတ်အစိုးရက တောင်ကိုရီးယား လုပ်ငန်းများကို ခွဲခြားဆက်ဆံပြီး ကုန်သွယ်ရေးဖြင့် လက်တုံ့ပြန်ခြင်းများ ပြုလေ့ရှိခြင်း၊ COVID-19 လော့ဒေါင်းများ ချနေဆဲ ဖြစ်သောကြောင့် တရုတ်ပြည်ကို စွန့်ခွာဖို့ Lotte ဆုံးဖြတ်ခဲ့ပါတယ်။
Lotte က အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား နှင့် အခြားသော အရှေ့တောင်အာရှ ဈေးကွက်များကို စူးစိုက်ဖို့ အစီအစဉ် ရှိပါတယ်။

Lotte က ယခုနှစ် ပထမနှစ်ဝက်တွင်  တရုတ်ပြည်မှ ရုံးချုပ်ကို ပိတ်မည်ဖြစ်ပြီး ၎င်းရဲ့ ၀န်ထမ်းအများစုဟာ တောင်ကိုရီးယားသို့ ပြန်သွားကြပြီလို့ ကုမ္ပဏီက  ၂၀၂၂ မေလ ၂၂ ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပါတယ်။ လုပ်ငန်းလိုင်စင် ရုပ်သိမ်းဖို့ လုပ်ငန်းစဉ်သာ လုပ်ဖို့ကျန်တော့ကြောင်း ပြောကြားပါတယ်။

"“ကျွန်တော်တို့အနေနဲ့ တရုတ်နိုင်ငံကနေ စီးပွားရေးလုပ်ငန်းကို ရုပ်သိမ်းတာ လက်တွေ့ပိုင်း ပြီးသွားပါပြီ။ စာရွက်စာတမ်း ကိစ္စတွေပဲ ကျန်ပါတော့တယ်။ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့လို အရှေ့တောင်အာရှနိုင်ငံတွေမှာ  တိုးချဲ့ပေးခြင်းဖြင့် ကျွန်တော်တို့ရဲ့ လုပ်ငန်း ရပ်တည်ချက်ကို  ဆက်လက်ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။ COVID-19 ကတော့ ပြဿနာရှိနေဆဲဖြစ်လို့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်” လို့ Lotte ရဲ့ မိခင်ကုမ္ပဏီစုကြီး Lotte Holdings ရဲ့ တာဝန်ရှိပုဂ္ဂိုလ်က ပြောကြားပါတယ်။ 

တရုတ်ပြည်ရဲ့ ရုံးချုပ်ကို Lotte က ၂၀၁၂ မှာ ထူထောင်ပြီး တရုတ်ပြည်ရှိ ၎င်းရဲ့ လုပ်ငန်းများကို ကြီးကြပ်ပါတယ်။ တရုတ်ပြည်အတွက် ရင်းနှီးမြှုပ်နှံမှုမှာLotte Shopping က ၇၀%၊  Lotte Holdings က ၁၅% နှင့်  Lotte Chemical က ၁၅% ပါဝင်ပါတယ်။
 
 Lotte Group ဥက္ကဋ္ဌ Shin Dong-bin ရဲ့ ကမ္ဘာတစ်လွှားရှိ လုပ်ငန်းများမှာ တရုတ်ပြည်က အခရာကျတဲ့ ဈေးကွက်တစ်ခု ဖြစ်ပါတယ်။ 
 Shin က တစ်နှစ်တာ လက်လီအရောင်းတန်ဖိုး ၂၀၀ ထရီလီယံဝမ် ( အမေရိကန်ဒေါ်လာ ၁၅၇.၁) ရရှိဖို့ ရည်မှန်းချက် ချမှတ်ထားပြီး ၂၀၁၈ မှာ အာရှလက်လီအရောင်းလုပ်ငန်း ထိပ်တန်း ၁၀ စာရင်းဝင်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။
 
ဒါပေမဲ့ Lotte ကံခေပါတယ်။ 
တောင်ကိုရီးယားအစိုးရက အမေရိကန် ဒုံးခွင်းဒုံးကျည် စစ်စခန်းကို တရုတ်ပြည်က ကန့်ကွက်နေတာကို လျစ်လျူပြုပြီး တောင်ကိုရီးယား နိုင်ငံမှာ ထားရှိဖို့ ဆုံးဖြတ်ခဲ့ပြီး စစ်စခန်း မြေနေရာအတွက် Lotte ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းကို ရွေးချယ်ခဲ့ပါတယ်။ 
တရုတ်အစိုးရက တရုတ်ပြည်တွင်းမှာ လုပ်ကိုင်လျက်ရှိတဲ့ Lotte လုပ်ငန်းခွဲများအပေါ် ပြင်းထန်တဲ့ စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းပြီး လက်တုံ့ပြန်ခဲ့ပါတယ်။ 
၂၀၁၈ မှာ ဒဏ်မခံနိုင်တော့လို့ တရုတ်ပြည်မှာ ဖွင့်လှစ်ထားတဲ့ Lotte Mart နှင့် Lotte Department Store တို့ကို ပိတ်သိမ်းခဲ့ရပါတယ်။
၂၀၁၉ မှာ  Lotte Chilsung Beverage နှင့် Lotte Confectionery တို့ကို ပိတ်သိမ်းခဲ့ရပါတယ်။


Lotte က အပန်းဖြေ ပျော်စရာဥယျာဉ်တစ်ခုကို Liaoning ပြည်နယ်၊ Shenyang မှာ တည်ဆောက်ဖို့ ခွင့်ပြုမိန့် လျှောက်ထားခဲ့ရာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရပါတယ်။ 
၂၀၁၉ မှာ ခွင့်ပြုမိန့် ကျပါတယ်။ ဒါပေမဲ့ ကိုဗစ်ကပ်ဘေးဆိုက်ရောက်ခဲ့တာကြောင့် စီမံကိန်းကို ရပ်ထားခဲ့ရပါတယ်။
 
Lotte က တရုတ်ပြည်ရုံးချုပ်ကို ပိတ်သိမ်းချိန်မှာ Chengdu မှာ ဖွင့်လှစ်ထားတဲ့ ကုန်တိုက်တစ်ခုသာ ရှိပါတော့တယ်။ ကုန်တိုက်က အမြတ်ရပါတယ်။ ဒါပေမဲ့ အမြတ်ပမာဏက တစ်နှစ်ထက် တစ်နှစ် ဆက်တိုက် တဖြည်းဖြည်းလျော့ကျလာနေပါတယ်။
Lotte Chemical ကို တရုတ်ပြည်မှာ ဖွင့်လှစ်ထားဆဲ ဖြစ်သော်လည်း ယခုနှစ် ၃ လပတ်မှာ လုပ်ငန်း အခြေအနေ မကောင်းချေ။

အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့မှ Lotte လက်လီအရောင်းလုပ်ငန်းများက အကြီးအကျယ် အောင်မြင်နေပါတယ်။
အင်ဒိုနီးရှားမှာ Lotte Shopping ရဲ့ ပထမဆုံးကုန်တိုက်ကို ၂၀၁၃ မှာ ဖွင့်လှစ်ခဲ့ပါတယ်။ 
ဗီယက်နမ်မှာ ကုန်တိုက်နှစ်ခုကို ၂၀၁၄ နှင့် ၂၀၁၅ တို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီကုန်တိုက် ၃ ခုထံမှ ယခုနှစ် ပထမ ၃ လပတ်မှာ အမြတ် ဝမ် ၅.၉ ဘီလျံ ရရှိခဲ့ပါတယ်။

Lotte Mart မှာလည်း အင်ဒိုနီးရှားမှာ စုပါမားကက် ၄၉ ခုနှင့် ဗီယက်နမ်မှာ လက်လီစတိုး ၁၄ ခု ရှိပါတယ်။ 
ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ၃ လအတွင်း အင်ဒိုနီးရှားနှင့် ဗီယက်နမ် နှစ်နိုင်ငံ‌ေဈးကွက်များမှာ ဝမ် ၈.၇ ဘီလျံ အမြတ်ရရှိခဲ့ပါတယ်။ တောင်ကိုရီးယား ဈေးကွက်မှာ ဝမ် ၁.၁ ဘီလျံ ရရှိခဲ့ပါတယ်။ 

Investment/Divestment Read 16212 times