၂၀၀၂ ခုနှစ်မှာ ပထမဆုံး စတိုးဆိုင်ကို ဂျပန်နိုင်ငံ ချီဘမြို့မှာ ဂျာမန်မှ လက်လီအရောင်းလုပ်ငန်း Metro ဖွင့်လှစ်ခဲ့တယ်။ ကုန်ပစ္စည်းအမျိုးအမည် ၁၄,၀၀၀ ရရှိနိုင်ပြီး လတ်လတ်ဆတ်ဆတ် စိုက်ပျိုးထုတ်ကုန်မှအစ အဖျော်ယမကာအလယ် မီးဖိုချောင်သုံးကရိယာမျိုးစုံအဆုံး ဝယ်ယူရရှိနိုင်တဲ့ စတိုးဆိုင်ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ လက်လီအရောင်းကဏ္ဍကို ထိုးဖောက်ဝင်ရောက်ပြီး ခြေကုပ် ယူနိုင်လိမ့်မယ်လို့ Metro ယူဆထားခဲ့တယ်။ ထူးဆန်းတာက ဂျပန်ပြည်တွင်း လက်လီအရောင်းကဏ္ဍမှာ အမေရိကန်မှ စားသောက်ဆိုင်လုပ်ငန်းတွေဖြစ်တဲ့ McDonald's ၊ Starbucks ၊ KFC တို့ ဆိုင်ခွဲတွေ ဖွင့်လှစ်ရောင်းချပြီး အောင်မြင်နေပေမဲ့ လက်လီလုပ်ငန်းကြီး Walmart ကျရှုံးခဲ့တယ်။ ဂျာမနီရဲ့ Metro AG လည်း ကျရှုံးစာရင်းထဲ မကြာခင်မှာ တရားဝင် ပါဝင်တော့မှာ ဖြစ်ပါတယ်။
McDonald's နဲ့ Starbucks တို့ စားသောက်ဆိုင် ကဏ္ဍမှာ အောင်မြင်ကြတာ သူတို့လို့ ဆင်ဆင်တူတဲ့ ဆိုင်မျိုး မရှိခဲ့လို့ ဖြစ်ပါတယ်။ စတိုင်အသစ် အလန်းစားကို ပေးအပ်နိုင်ခဲ့ကြတယ်။
McDonald's နဲ့ Starbucks တို့ နှစ်ခုစလုံးက ဂျပန်ပြည်တွင်းမှာ ယခင်က မရှိခဲ့တဲ့ ရောင်းကုန်ကို ရောင်းချကြတာဖြစ်လို့ နေရာယူထားပြီးသား လုပ်ငန်း မရှိဘူး။
McDonald's က “မြန်မြန်ဆန်ဆန်၊ လွယ်လွယ်ကူကူ နဲ့ ဈေးသက်သက်သာသာ” ဆိုတဲ့ မူဖြင့် လုပ်ကိုင်တယ်။ Starbucks က ဆေးလိပ်မသောက်ရ ပတ်ဝန်းကျင်ကို ဖန်တီးထားတယ်။ ဆေးလိပ်နံ့ မကြိုက်တဲ့သူတွေ အထူးသဖြင့် အမျိုးသမီးတွေ မိန်းကလေးတွေ အတွက် အဆင်ပြေနေစေတယ်။
Metro က ဂျာမနီမှာ အကြီးဆုံး လက်လီဖြန့်ဖြူးရေးလုပ်ငန်း ဖြစ်ပါတယ်။ ကမ္ဘာမှာ ထိပ်တန်း လုပ်ငန်း (၅)ခု စာရင်းထဲ ဝင်တယ်။
Metro ရဲ့ ရောင်းကုန် အမျိုးအမည်တွေ တန်းစီနေတာမှာ အမျိုးအမည်အတော်များများက စားသောက်ဆိုင်တွေနဲ့ အခြားလက်လီအရောင်းသမားတွေ ဝယ်ဖို့ အဆင်ပြေတယ်။ Metro က ဂျပန်မှာ အနေအထား ရယူထားပုံ ကောင်းမွန်တာကြောင့် အောင်မြင်ကြီးထွားလိမ့်မယ်လို့ ယုံကြည်ထားခဲ့တယ်။
မျှော်လင့်ချက်တွေ ပျက်သုန်းသွားခဲ့တယ်။ လာမယ့် အောက်တိုဘာလမှာ လုပ်ငန်းပိတ်သိမ်းပြီး ဂျပန်နိုင်ငံမှ ထွက်ခွာတော့မယ်လို့ Metro က ထုတ်ပြန်ကြေညာခဲ့တယ်။
“ကျွန်တော်တို့ လုပ်ငန်း ချဲ့ထွင်ဖို့ အမျိုးမျိုး ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်လက်ကား ဈေးကွက်က အပိုင်းအကန့်တွေ အလွန်အမင်း များပြားနေပြီး အပြိုင်အဆိုင် မြင့်မားတယ်။ ကျွန်တော်တို့ လိုချင်တဲ့ ရလဒ်တွေ ရရှိဖို့ ကျွန်တော်တို့ မတတ်နိုင်ခဲ့ဘူး” လို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားတယ်။
ဂျပန်ပြည်တွင်း ဈေးကွက်မှာ ထူထောင်ပြီးသား ပြိုင်ဘက်တွေကို ဈေးနှုန်းချရောင်းပြီး ယှဉ်ပြိုင်ရုံဖြင့် အလုပ် မဖြစ်နိုင်ဘူး။ ဝန်ဆောင်မှု ပိုကောင်းရုံဖြင့်လည်း အလုပ်မဖြစ်နိုင်ဘူး။ နေရာယူထားပြီးသာ လက်ကားလုပ်ငန်းတွေက နေရာအပြည့်ယူထားလို့ လက်လီအရောင်းလုပ်ငန်းတွေအတွက် နေရာမကျန်သလောက် ဖြစ်နေတယ်။ ရေအိုင်ငယ်ထဲ ငါးကြီးတစ်ကောင် နေရာယူထားသလို ဖြစ်နေလို့ နောက်ထပ် နေရာယူဖို့ လူသစ်တန်းအနေဖြင့် ခက်ခဲနေတာ မဖြစ်နိုင်လောက်အောင် ဖြစ်နေတယ်။
ပြင်သစ်မှ လက်လီကုန်စုံဆိုင်လုပ်ငန်း Carrefour က တရုတ်ပြည်တွင်း လက်လီအရောင်းကဏ္ဍထဲကို ဝင်ဖို့ ကြိုးစားခဲ့တာ မအောင်မြင်ခဲ့ဘူး။ ဗြိတိန်မှ လက်လီကုန်စုံဆိုင်လုပ်ငန်းTesco လည်း ဂျပန်မှာ ကျဆုံးခဲ့တယ်။ ပြင်သစ် အလှကုန် အရောင်းလုပ်ငန်း Sephora လည်း ပြည်တော်ပြန်ခဲ့ရတယ်။ ဗြိတိသျှ ဆေးဝါးလုပ်ငန်း Boots လည်း ပြန်လည်ထွက်ခွာခဲ့ရတယ်။
Carrefour ထွက်ခွာတဲ့အခါ ဂျပန်မှ သူ့လုပ်ငန်းတွေကို ဂျပန်လက်လီလုပ်ငန်းကြီး Aeon က ရယူခဲ့တယ်။
“Carrefour က ရောင်းကုန်တွေကို ဂျပန်ဈေးကွက်မှာ နေရာတိုင်း ဈေးအနည်းဆူံးနဲ့ ရောင်းဖို့ ကြိုးစားခဲ့တယ်။ ကြားခံ မထားဘဲ ထုတ်လုပ်သူတွေထံမှ တိုက်ရိုက်ရယူပြီး ရောင်းဖို့လည်း လုပ်တယ်။ အဲဒါတွေက ဂျပန် စီးပွားရေးမှာ လုပ်ရိုးလုပ်စဉ်တွေ မဟုတ်ဘူး။ ဒီတော့ ထုတ်လုပ်သူတွေက Carrefour ကို စည်းကျော်ပြီး လုပ်တယ်လို့ မြင်ကြလို့ ရှောင်ကြဉ်ကြတယ်” လို့ Aeon က သုံးသပ်ပြတယ်။
Walmart ကလည်း အလားတူပင် ကြိုးပမ်းခဲ့တယ်။ ဝယ်ဈေးသက်သာအောင် ကြားခံမထားဘဲ ထုတ်လုပ်သူတွေထံမှ တိုက်ရိုက်ဝယ်ယူဖို့ ကြိုးပမ်းခဲ့တယ်။ ဝယ်ဈေးသက်သာရင် ရောင်းဈေးကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးဖို့ ရည်ရွယ်တယ်။ ဈေးသက်သာတယ်ဆိုတဲ့အချက်ဖြင့် စားသုံးသူတွေကို စည်းရုံးဖို့ ဦးတည်ထားတယ်။ မအောင်မြင်ခဲ့ဘူး။
Metro AG ကလည်း အလားတူ မဟာဗျူဟာ အလားတူ မျှော်လင့်ချက်များဖြင့် လုပ်ကိုင်ခဲ့တာမှာ အလားတူပင် ဂျပန်ဈေးကွက်ထဲမှ ဆုတ်ခွာခဲ့ရတာ ဖြစ်ပါတယ်။