ဗဟိုဘဏ်မှ MMQR ဖြင့် ငွေပေးချေမှုလုပ်ငန်းများကို မိတ်ဆက်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင် မှုလုပ်ငန်း (Merchant Acquiring) များ၏ MMQR ဖြင့် ငွေပေးချေမှုလုပ်ငန်းများကို အများပြည်သူသို့ မိတ်ဆက်ခြင်း အခမ်းအနားအား (၄.၃.၂၀၂၂) ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲရှိ Learning & Training Center ၌ Video Conferencing ဖြင့် ကျင်းပခဲ့ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဒစ်ဂျစ်တယ်စီးပွားရေးသို့ အသွင်ကူးပြောင်းရေးအတွက် ဆောင်ရွက်လျက် ရှိရာ ငွေပေးချေမှုများတွင် ပမာဏကြီးမားသော ငွေပေးချေမှုများအတွက် RTGS System နှင့် Retail Payment အတွက် ACH အပြင် Card Payment များအတွက် MPU Switch တို့ကို အခြေခံအဆောက်အအုံ ထူထောင်ပေးထားပြီး ဖြစ်ကြောင်း ပြောကြားပါသည်။
မကြာမီအချိန်တွင် MMQR ကို အသုံးပြု၍ ဘဏ်များ၊ မိုဘိုင်း ငွေရေးကြေးရေး အဖွဲ့အစည်းများအကြား အပြန်အလှန် ချိတ်ဆက်ပေးချေနိုင်မည့် Real Time Retail Payment Network ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးပြောကြားပါသည်။
တစ်ဖက်တွင်လည်း Payment Instrument များ၊ Payment Channel များ ပိုမိုတိုးတက် များပြားလာစေရန် ဖော်ဆောင်လျက်ရှိကြောင်း ဘဏ်များအား မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်းနှင့် မိုဘိုင်းပေးလုပ်ငန်းတို့ကို ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ အဖွဲ့အစည်း အချို့ကို Transporation Card၊ Shopping Card စသည့် ကတ်ပေးချေမှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း ပြောကြားပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမျိုးသားငွေပေးချေမှုစနစ်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကို ချမှတ်ခဲ့ပြီး ဒစ်ဂျစ်တယ်ငွေပေးချေမှုကို ဘဏ်ဝန်ဆောင်မှုနှင့် လက်လှမ်းမမှီသည့် နေရာ၊ ကဏ္ဍများအထိ ရယူအသုံးပြုနိုင်ရန်နှင့် ဘဏ်များနှင့်ပူးပေါင်း၍ ခရိုင်၊ မြို့နယ်များအထိ ဘဏ်များ ၏ Network ကို ဖြန့်ကျက်ဆောင်ရွက်နိုင်ရန်အတွက် ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်း ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာ (၇/၂၀၂၀)အရ ဘဏ်မဟုတ်သောကုမ္ပဏီများဖြစ်သည့် Merchant Acquiring လုပ်ငန်းဆောင်ရွက်မည့်
ကုမ္ပဏီ (၄) ခုအား ခွင့်ပြုပေးပြီး ဘဏ်များနှင့် ချိတ်ဆက်အသုံးပြုနိုင်ရန် ခွင့်ပြုထားကြောင်း ပြောကြားပါသည်။
Acquirer များ အနေဖြင့် ငွေပေးချေမှုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် MMQR Standard နှင့်အညီ QR ဖြင့် ငွေပေးချေနိုင်ရန် ဆောင်ရွက်ထားပါကြောင်းနှင့် အများပြည်သူမှ QR Code ဖြင့် ပေးချေမှုများ ကိုလွယ်ကူစွာအသုံးပြုနိုင်ရန်အတွက် ယနေ့အခမ်းအနားကို ကျင်းပခြင်းဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။
ဆက်လက်ပြီး Merchant Acquiring လုပ်ငန်းများဆောင်ရွက်နေသော ကုမ္ပဏီများမှ ၎င်းတို့၏ Application အသုံးပြုဆောင်ရွက်ခဲ့ပုံများ၊ လုပ်ငန်းတိုးတက်မှု အခြေအနေများကို ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် အများပြည်သူသို့ မိတ်ဆက်ရှင်းလင်းတင်ပြခဲ့ပြီး Merchant Acquiring ဝန် ဆောင်မှုလုပ်ငန်းနှင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်း ချိတ်ဆက်ဆောင်ရွက်ပုံကို ဧရာဝတီဘဏ်လီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးငြိမ်းချမ်းစိုးဝင်းမှလည်းကောင်း၊ Third Party Acquirer များ များပြားလာပါက MPU Card ပေးချေမှုများ များပြားလာခြင်းနှင့်စပ်လျဉ်း၍ Myanmar Payment Union (MPU) မှ အမှုဆောင် ဒါရိုက်တာ ဦးဇော်လင်းထွဋ်မှလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်း ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာ (၇/၂၀၂၀) ကို ဖော်ပြအပ်ပါသည်။