ဟောင်ကောင်မှ လုပ်ငန်းသစ်တစ်ခု ဖြစ်သော New Life Plastic ရဲ့ အထွေထွေ မန်နေဂျာ Frank Schepers က စွန့်ပစ်ထားတဲ့ ပလတ်စတစ်ဘူးတွေ လိုက်လံရယူပြီး ပေးသွင်းဖို့အတွက် လက်တွဲမယ့် လုပ်ငန်းအချို့နှင့် LOI ( letter of intent) လက်မှတ်ရေထိုးထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
လုပ်ငန်းသစ် New Life Plastics ကဟောင်ကောင်မှာ တစ်နှစ်တာ စွန့်ပစ်တဲ့ ပလတ်စတစ်ဘူးတွေရဲ့ အနည်းဆုံး လေးပုံတစ်ပုံကို တစ်ဖန်ပြန်သုံးပြီး စားသောက်ကုန် ထည့်လို့ရမယ့် ကျန်းမာရေးညီညွှတ်မှု အဆင့်အတန်းရှိ ပလတ်စတစ်ဘူးများ ပြန်လည် ထုတ်လုပ်နိုင်စေမယ့် ကုန်ကြမ်းများကို ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
ဧရိယာ ၆,၅၀၀ စတုရန်းမီတာ ကျယ်ဝန်းတဲ့ စက်ရုံ လာမယ့်နှစ်မှာ စတင်လည်ပတ်တော့မှာ ဖြစ်ပါတယ်။
New Life Plastics ရဲ့ စက်ရုံမှာ နည်းပညာ ရှေ့အရောက်ဆုံး စက်ရုံဖြစ်ပြီး အမြောက်အမြား စီးပွားဖြစ် အကြီးအကျယ် လုပ်ကိုင်လို့ ရမယ့် အနေအထားမှာ ရှိပါတယ်။ အပြီးသတ်ထုတ်ကုန်အဖြစ် ထုပ်ပိုးပစ္စည်း ထည့်စရာတွေဟာ ကျန်းမာရေးညီညွှတ်မှု အဆင့်အတန်း မြင့်မားတာကြောင့် စားစရာ သောက်စရာတွေကို ဘေးဥပါဒ်ကင်းကင်းဖြင့် ထည့်သွင်းထုပ်ပိုးဖို့ သုံးစွဲနိုင်စေမှာ ဖြစ်ပါတယ်။
New Life Plastics က စက်ရုံအတွက် အမေရိကန်ဒေါ်လာ ၁၁. ၆ သန်း ရင်းနှီးမြှုပ်နှံထားပါတယ်။ စီးပွားရေးအရ တွက်ခြေကိုက်အောင် ကြိုးပမ်းလုပ်ကိုင်သွားမှာ ဖြစ်ပြီး အရင်းကြေမှတ်ကို ထိဖို့ ငါးနှစ်မှ ခုနစ်နှစ်အထိ ကာလတစ်ရပ် အချိန်ယူရမည်လို့ ခန့်မှန်းထားပါတယ်။
New Life Plastic ရဲ့ အထွေထွေ မန်နေဂျာ Frank Schepers က “ကျွန်တော်တို့ရဲ့ တစ်ဖန်ပြန်သုံး ပလတ်စတစ်စက်ရုံကို အကောင်းဆုံး ရနိုင်သမျှနဲ့ မှတ်ကျောက်တင်ပြီးသား နည်းပညာဖြင့် တည်ဆောက်ပေးထားပါတယ်။ စွန့်ပစ်ထားတဲ့ ပလတ်စတစ်ဘူးအမျိုးမျိုးကို ကုန်ကြမ်းများအဖြစ် သုံးစွဲပြီး စားစရာထည့်လို့ရတဲ့ ထည့်စရာထုပ်ပိုးပစ္စည်း အဆင့်အတန်းရှိတဲ့ ပလတ်စတစ်ဘူးအသစ်တွေ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်” လို့ ရှင်းပြပါတယ်။
ဟောင်ကောင်အခြေပြု New Life Plastic လုပ်ငန်းသစ်ကို ဂျာမန် စွန့်ပစ်ပစ္စည်း တစ်ဖန်ပြန်သုံးရေး လုပ်ငန်း Alba Group ၊ ဟောင်ကောင်မှ Baguio Waste Management & Recycling နဲ့ ဖျော်ရည် ထုတ်လုပ်တဲ့လုပ်ငန်း Swire Coca-Cola တို့က အညီအမျှ ပိုင်ဆိုင်ကြပါတယ်။ ဒါပေမဲ့ New Life Plastic လုပ်ငန်းသစ် အနေဖြင့် သီးခြားရပ်တည်ပြီး ကုန်ကြမ်းပေးသွင်းဖို့အတွက် လက်တွဲမယ့်သူများဖြင့် လွတ်လပ်စွာ စီမံဆောင်ရွက်မှာ ဖြစ်ပါတယ်။ Baguio Waste Management က ကုန်ကြမ်းပေးသွင်းသူ အဖြစ်လည်း ပါဝင်လုပ်ကိုင်မှာ ဖြစ်ပါတယ်။
စက်ရုံကို တည်ဆောက်တပ်ဆင် အထိုင်ချနေတာ အခု နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး ကိုဗစ်ကြောင့် စက်ပစ္စည်းပေးသွင်းမှုများ နောက်ကျခဲ့လို့ လျာထားသည်ထက် တစ်နှစ် နောက်ကျနေကြောင်း Frank Schepers က ပြောပြပါတယ်။
ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဆုံးရှုံးမယ့်အရေး ကြီးမားပါတယ်။ ဟောင်ကောင်မှာ တစ်ဖန်ပြန်လည်သုံးစွဲခြင်းကို လတ်တလော နှစ်တွေမှာ တိုးချဲ့လုပ်ကိုင်လာကြတာကြောင့် ၂၀၁၉ ခုနှစ်မှာ အိမ်၊ စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းတို့မှ စွန့်ပစ်ပစ္စည်းများ အကုန်လုံး ပါဝင်တဲ့ စွန့်ပစ်တဲ့အမှိုက်စုစုပေါင်းရဲ့ ၂၉ % ဖြစ်တဲ့ ၁၅,၆၃၇ တန်သာ အမှိုက်ပုံမှာ နိဂုံးချုပ်ခဲ့ပါတယ်။
တရုတ်နိုင်ငံက စွန့်ပစ်ပစ္စည်းတင်သွင်းမှုများကို ပိတ်ပင်ဖို့ ၂၀၁၈ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဟောင်ကောင်မှ တစ်ဖန်ပြန်သုံးလို့ ရတဲ့ စွန့်ပစ်ပစ္စည်းတွေ အရင်လို တရုတ်ပြည်မဆီသို့ စီးဆင်းလို့ မရတော့ဘူး။
ဟောင်ကောင်မှာ တစ်ရက်လျှင် PET ဘူး ၅ သန်းဝန်းကျင် စွန့်ပစ်နေကြတယ်။
New Life Plastic သုံးစွဲမယ့် စွန့်ပစ်ပလတ်စတစ်က အမှိုက်တွေထဲမှာ ငါးပုံတစ်ပုံ ပါဝင်ကြောင်း ပတ်ဝန်းကျင် ကာကွယ်ရေးဌာရဲ့ အချက်အလက်များအရ သိရပါတယ်။ အမှိုက်အဖြစ် ပါလာတဲ့ပလတ်စတစ်တွေထဲမှာ ၉% ကိုသာ တစ်ဖန်ပြန်လည်သုံးစွဲခဲ့ကြတယ်။
အဲဒီအတွက်ကြောင့် ကုန်ကြမ်းကို ထိုက်သင့်တဲ့ဈေးနှုန်းများဖြင့် ရရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း Frank Schepers က ပြောကြားပါတယ်။
New Life Plastic က ရရှိမယ့် စွန့်ပစ် ပလတ်စတစ်ဘူးတွေထဲမှာ ၇၅ မှ ၈၅ %က ဖျော်ရည်ထည့်ဖို့ သုံးစွဲကြတဲ့ polyethylene terephthalate (PET) ဖြစ်ပြီး ကျန်တဲ့ရာခိုင်နှုန်းက ခေါင်းလျှော်ရည်၊ ဆပ်ပြာရည် ထည့်ဖို့ သုံးစွဲကြတဲ့ high-density polyethylene (HDPE) ဘူးတွေ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
စက်ရုံမှာ လုပ်ငန်းစဉ် အဆင့် ၁၂ ဆင့် ရှိပြီး ထုတ်လုပ်ရေးလိုင်း နှစ်ခု ရှိပါတယ်။ စွန့်ပစ်ဘူးတွေကို မသန့်စင်တဲ့ပစ္စည်းတွေ ခွဲထုတ်ယူပြီး ဘူးတွေကို ကြေမွအောင် လုပ်ပြီး ဆေးကြောမယ်။ PET အဖတ်ကလေးများ (PET flakes) နှင့် HDPE အစေ့ကလေးများ အဖြစ်သို့ ရောက်အောင် လုပ်မယ်။
အဲဒီလို ရရှိလာတဲ့ PET အဖတ်ကလေးများ နှင့် HDPE အစေ့ကလေးများကို နိုင်ငံတကာ ဈေးကွက်မှာ ကုန်ကြမ်းအဖြစ် တင်ပို့ ရောင်းချမယ်။ အဲဒီအတွက် အခါအားလျော်စွာ အရည်အသွေး စစ်ဆေးမှု ခံယူရမှာ ဖြစ်ပါတယ်။
PET flakes တွေကို ဖျော်ရည်လုပ်ငန်းကြီးများထံ ရောင်းချဖို့ ရည်မှန်းထားတယ်။ ဥရောပမှာ ဖျော်ရည်ဘူးတွေ ထုတ်လုပ်တဲ့အခါ တစ်ဖန်ပြန်သုံးတဲ့ PET flakes အနည်းဆုံး ပါဝင်မှု ရာခိုင်နှုန်းကို ၂၀၁၈ ခုနှစ်က ၁၁% သတ်မှတ်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ အနည်းဆုံး ပါဝင်မှုရာခိုင်နှုန်းကို ၂၅% လို့ တိုးမြှင့် သတ်မှတ်ထားပါတယ်။ ၂၀၃၀ ခုနှစ်မှာတော့ ၃၀% သတ်မှတ်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် PET flakes ဝယ်လိုအား တစ်နှစ်ထက်တစ်နှစ် မြင့်တက်သွားမှာ ဖြစ်ပါတယ်။
စက်ရုံက အလိုအလျောက်အပြည့်အဝ လုပ်ကိုင်မှာ ဖြစ်ပြီး တစ်ရက်တာ ၂၄ နာရီပတ်လည် လည်ပတ်တယ် ဆိုရင် PET ဘူး ၁.၂ သန်းကို လုပ်ကိုင်ပေးနိုင်တယ်။ အလေးချိန်အားဖြင့် တန် ၃၀ ဖြစ်ပါတယ်။
စက်ရုံက အလိုအလျောက် လုပ်ကိုင်တာ ဖြစ်ပေမဲ့ အရည်အသွေး ထိန်းချုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးတို့အတွက် ဝန်ထမ်း ၅၅ ဦး ထားရှိမယ်လို့ Frank Schepers က ပြောကြားပါတယ်။
SCMP