ပစ္စည်းပေးသွင်းမှု အချိန် တစ်နှစ်အတွင်းမှာ အဆိုးဝါးဆုံး ကြန့်ကြာလာခြင်း အာဆီယံ ထုတ်လုပ်မှု PMI™


23 June, 2021

ထုတ်လုပ်မှုများ မေလတွင် ဆက်ဦးမော့ လာနေသော်လည်း တိုးတက်မှု နှုန်းမှာမူ မသိမသာ ကျလာခြင်း

အဓိက တွေ့ရှိချက်များ

PMI သည် ၂၀၁၄ ဇူလိုင်မှစပြီး ဒုတိယ အမြင့်ဆုံး ဖြစ်ခြင်း

ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များ ဦးမော့မြဲ မော့နေခြင်း

ပစ္စည်းပေးသွင်းမှု အချိန် တစ်နှစ်အတွင်းမှာ အဆိုးဝါးဆုံး ကြန့်ကြာလာခြင်း

(ဒေတာကို ၂၀၂၁ ခုနှစ် မေလ ၁၁-၂၄ ရက်များတွင် စုစည်းခဲ့သည်။)

 

နောက်ဆုံးရ IHS Markit ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း (PMI™) ဒေတာအရအာဆီယံ ထုတ်လုပ်ရေးကဏ္ဍ ဦးမော့လာမှုကို မေလတွင် ဆက်လက်တွေ့မြင်ခဲ့ရသည်။ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များ နှစ်ရပ်စလုံး တတိယမြောက်လအဖြစ် ဆက်တိုက်တိုးလာခဲ့ပြီး တိုးတက်မှုနှုန်းမှာ ယခင်လနှင့်စာလျှင် မသိမသာ နှေးလာသော်လည်းခြုံပြောရလျှင် အားကောင်းနေဆဲဖြစ်သည်။

ပစ္စည်းပေးသွင်းရေး ကွင်းဆက်များတွင် ဖိစီးမှုများဆက်လက်ရှိနေသော်လည်း ထည့်ကုန်များအတွက် လုပ်ငန်းပြီးဆုံးရန် ကြာမြင့်ချိန်များမှာတစ်နှစ်အတွင်း အကြာဆုံး ဖြစ်လာသည်။အဓိကအကျဆုံး PMI အညွှန်းကိန်းကို မေလတွင် ၅၁.၈ မှာ မှတ်တမ်းတင်ခဲ့ရာ ဧပြီလ၏၅၁.၉ ထက် မသိမသာ ကျသွားသော်လည်း အာဆီယံ ထုတ်လုပ်ရေး အခြေအနေများသုံးလဆက်တိုက် တိုးတက်လာခြင်းကို အချက်ပြနေကာ ၂၀၁၄ ဇူလိုင်မှစပြီး ဒုတိယအမြင့်ဆုံး ဖြစ်ပါသည်။

နိုင်ငံအလိုက် ကြည့်လျှင် တိုးတက်မှုကို မေလတွင် အင်ဒိုနီးရှားက ဦးဆောင်ခဲ့သည်။အဓိကအကျဆုံး PMI အညွှန်းကိန်းမှာ စံချိန်တင် ၅၅.၃ သို့ တက်လှမ်းခဲ့ပြီး အခြေအနေများအရှိန်ရ တိုးတက်လာမှုကို ညွှန်ပြနေသည်။ ဗီယက်နမ် နိုင်ငံကပါ ခိုင်မာသည့် တိုးတက်မှုကိုမှတ်တမ်းတင်ခဲ့သော်လည်း အဓိက အကျဆုံး အညွှန်းကိန်းမှာမူ ဧပြီလတုန်းကနှစ်နှစ်ခွဲနီးပါးအတွင်း အမြင့်ဆုံးမှ မသိမသာ နိမ့်ဆင်းသွားခဲ့သည်။ သို့သော်လည်း ၅၃.၁ တွင်ရှိနေသည့် PMI မှာ ခိုင်မာသည့် တိုးတက်မှုဖြစ်သည်။

စင်ကာပူကမူ ဧပြီလ၏ မသိမသာ ကျဆင်းမှု နောက်မှာ တိုးတက်မှုဘက်သို့ဦးလှည့်လာခဲ့သည်။ အဓိက အကျဆုံး အညွှန်းကိန်း (၅၁.၇) မှာ သုံးလအတွင်းအမြင့်ဆုံး ဖြစ်ခဲ့ပြီး ထုတ်လုပ်ရေး အခြေအနေများမှာ ခြုံပြောရလျှင်၊ အသင့်အတင့်တိုးတက်မှုကို အချက်ပြနေသည်။ အကျုံးဝင်သည့် နိုင်ငံများအနက် တိုးတက်မှုကို ပြခဲ့သည့်နောက်တစ်နိုင်ငံမှာ မလေးရှားနိုင်ငံဖြစ်သည်။ ယင်းနိုင်ငံ၏ အဓိက အကျဆုံး အညွှန်းက၅၀.၀ အထက်တွင် နှစ်လဆက်တိုက် ရှိနေခဲ့သော်လည်း၊ တစ်လချင်း တိုးတက်မှုနှန်းမှာသိသာစွာ အားပျော့သွားခဲ့သည် (PMI ၅၁.၃)။

အခြားနိုင်ငံများထဲတွင် ဖိလစ်ပိုင်မှာ ထုတ်လုပ်ရေး အခြေအနေများ ဧပြီလ၏ ကျဆင်းမှုနောက်တွင် သိသိသာသာ တည်ငြိမ်နေခဲ့ပြီး အဓိကကျဆုံး PMI အညွှန်းကိန်းသည် ၅၀.ဝနှင့်ကပ်လျက် ၄၉.၉ မှာ မှတ်တမ်း တင်ခဲ့သည်။ ဤအတောအတွင်း ထိုင်းနိုင်ငံမှာ မေလတွင် အခြေအနေ ပြန်ဆုတ်ယုတ်လာကာ အဓိကအကျဆုံး အညွှန်းကိန်းမှာ သုံးလအတွင်း အနိမ့်ဆုံး ၄၇.၈ သို့ ကျသွားသည်။

နောက်ဆုံးအဖြစ် မြန်မာနိုင်ငံ၏ လျှောဆင်းမှုမှာ ဒုတိယ သုံးလပတ် အလယ်ကာလတွင်ဆက်ခဲ့သည်။ ကျဆင်းမှု နှုန်းမှာ နှစ်လဆက်တိုက် အားပျော့လာခဲ့သော်လည်း ခြုံပြောရလျှင်ပြင်းထန်နေဆဲဖြစ်သည် (PMI ၃၉.၇)။အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ တစ်ရပ်လုံးမှာ မေလတွင် အခိုင်အမာ တိုးတက်ခဲ့သည်။နောက်ဆုံး တိုးတက်မှုကို အဓိက ပံ့ပိုးပေးခဲ့သည်မှာ ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်နှစ်ရပ်စလုံး ရှေ့ဆက်တိုးတက်မှုဖြစ်သည်။ အော်ဒါသစ်များ၏ တိုးတက်မှုနှုန်းမှာဧပြီလ၏ ရှစ်နစ်အတွင်း အမြင့်ဆုံးမှ မသိမသာ နည်းလာခဲ့ပြီး ခြုံပြောရလျှင်၊အားကောင်းနေဆဲဖြစ်သည်။ သို့ဖြစ်သောကြောင့် စက်ရုံ ထုတ်လုပ်မှုမှာတတိယမြောက်လအဖြစ် ဆက်တိုက် မြင့်လာခဲ့သည်။ ထုတ်လုပ်မှု နှုန်းမှာမူ လအလိုက်နည်းလာသော်လည်း ၂၀၁၈ ခုနှစ် မေလမှစပြီး ဒုတိယ အများဆုံး ဖြစ်သည်။

ထုတ်လုပ်ရန် တောင်းဆိုမှုများ တိုးလာသည်နှင့်အမျှ၊ ကုမ္ပဏီများက မေလတွင်ဝယ်ယူမှုများကို ထပ်ပြီး တိုးမြှင့်လာကြသည်။ တိုးတက်မှုနှုန်းမှာ လအလိုက်နည်းသွားသော်လည်း ခြုံပြောရလျှင် အသင့်အတင့် ရှိနေဆဲဖြစ်သည်။သို့သော်လက်ကျန်စာရင်းများမှာ ဆက်ကျလာခဲ့ပြီး ဧပြီလမှစ၍ အကျမြန်လာသည်။ ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ပစ္စည်းပေးသွင်းမှုများ ပိုမိုပြင်းထန်စွာ ပြတ်တောက်မှုနှင့်တစ်နှစ်အတွင်းမှာ အသိသာဆုံး ကြန့်ကြာမှုများဖြစ်သည်။

မေလ ဒေတာက အာဆီယံ ကုမ္ပဏီများ မေလတွင် ကုန်ထုတ်စွမ်းအားဆိုင်ရာဖိအားပေးမှုများ ဆက်လက်ခံစားခဲ့ကြရပြီး မပြီးဘဲ ကျန်ခဲ့သည့် အလုပ်များ သုံးလဆက်တိုက်တိုးလာခဲ့ကြောင်းကို မီးမောင်းထိုးပြသခဲ့သည်။ သို့သော်လည်း မပြီးဘဲ ကျန်ခဲ့သည့်အလုပ်များ စုစည်းမှု နှုန်းမှာမူ အနည်းအကျဉ်းမျှသာဖြစ်သည်။ ယင်းတချိန်တည်းမှာကုမ္ပဏီများက ၎င်းတို့၏ ဝန်ထမ်း ဦးရေကို ဆက်လက်ဖြတ်တောက်ခဲ့ခြင်းဖြင့် အလုပ်များဖြတ်တောက်မှု လက်ရှိအစဉ်ကို နှစ်နှစ်သို့ ဆွဲဆန့်ပေးလိုက်ကြသည်။ သို့သော်လည်း၊ကျဆင်းမှု နှုန်းမှာ အသင့်အတင့်မျှသာဖြစ်သည်။

ဈေးနှုန်းများကို လေ့လာကြည့်လျှင် ထည့်ကုန်ဈေးနှုန်းများ၏ ဖောင်းပွမှုမှာ ဧပြီလအတိုင်းမပြောင်းလဲခဲ့ဘဲ ၂၀၁၃ ခုနှစ် နိုဝင်ဘာမှစပြီး ပူးတွဲ-ဒုတိယ အများဆုံးဖြစ်သည်။ သို့ဖြစ်၍ကုမ္ပဏီများက မေလတွင် ၎င်းတို့၏ ရောင်းဈေးများကို တိုးမြှင့်ခဲ့ကြသော်လည်း တိုးမြှင့်မှုနှုန်းမှာမူ ဧပြီလ၏ နှစ်နှစ်ခွဲအတွင်း အမြင့်ဆုံးမှ မသိမသာ ကျသွားခဲ့သည်။

နောက်ဆုံးအနေနှင့်၊ ကုမ္ပဏီများသည် မေလတွင် လာမည့် တစ်နှစ်အတွင်း ထုတ်လုပ်မှုကိုအကောင်းမြင်မြဲ မြင်နေကြသည်။ သို့သော် အကောင်းမြင်မှု အဆင့်မှာ ကိုးလအတွင်းအနိမ့်ဆုံးသို့ နိမ့်ဆင်းသွားပြီး သမိုင်းစဉ်အရ အားပျော့ခဲ့သည်။

 

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ် ဖေါ်ပြရာတွင်၊ IHS Markit မှစီးပွားရေး ပညာရှင် Lewis Cooper ပြောကြားခဲ့သည်မှာ-"အာဆီယံ ထုတ်လုပ်ရေးကဏ္ဍသည် မေလတွင် ဆက်နာလန်ထူလာခဲ့ပြီးထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များ နှစ်ရပ်စလုံး အခိုင်အမာ ဦးမော့လာခဲ့သည်။

တိုးတက်မှု နှုန်းမှာ လအလိုက် မသိမသာ နည်းသွားသော်လည်း ခြုံပြောရလျှင်ခိုင်မာနေဆဲဖြစ်သည်။"ပစ္စည်းပေးသွင်းရေး ကွင်းဆက်များသည် ဖိစီးမှုများဆက်လက်ရင်ဆိုင်နေရသော်လည်း တစ်နှစ်အတွင်း အကျယ်ပြန့်ဆုံး ကြန့်ကြာမှုရှိနေခဲ့ပြီး ထည့်ကုန်များ၏ ဈေးနှုန်းများမှာမူ ၂၀၁၃ ခုနှစ် နိုဝင်ဘာမှစပြီး သိသာစွာထပ်ပြီး မြင့်တက်လာခဲ့ကြသည်။

"နိုင်ငံများအလိုက် ကြည့်လျှင် မေလဒေတာက မညီညာသည့် ကားချပ်ပုံကိုပြသနေပြီး အင်ဒိုနီးရှားတွင် စံချိန်တင် တိုးတက်ခဲ့ချိန်မှာ မြန်မာနိုင်ငံတွင်ပြင်းထန်လှသည့် ထိုးကျမှုကို မြင်နေရသော်လည်း၊ ခုနစ်နိုင်ငံအနက် လေးနိုင်ငံမှာမေလတွင် တိုးတက်မှုကို မြင်ခဲ့ကြရသည်။"ခြုံပြောရလျှင် မေလ၏ ဒေတာက အာဆီယံ ထုတ်လုပ်ရေးကဏ္ဍမှာ အသင့်အတင့်တိုးတက်ခဲ့ကြောင်းကို ကပ်ရောဂါကြီးကြောင့် ဆုံးရှုံးခဲ့ရသည့် ခြေကုပ်များကိုပြန်လည်ရယူရန် ကူပေးမည့် ခိုင်မာသည့် တိုးတက်မှုကို ညွှန်ပြနေပါသည်။"

တွက်ချက်နည်း

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™ ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ထုတ်လုပ်သူ ၂,၁၀၀ ခန့်ပါဝင်သည့် အဖွဲ့များမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့် ဖြေကြားချက်မျာှေေ အပေါ်အခြေခံပြီး IHS Markit မှ တွက်ချက် ပါသည်။ ယင်းနိုင်ငံများသည် အာဆီယံထုတ်လုပ်သူများ၏ ထပ်တိုး တန်ဖိုး ၉၈% ကို ထုတ်လုပ် ပေးကြပါသည်*။ မေးမြန်းရန် ရွေးချယ်ခံရသူများကို GDP အားထောက်ပံ့မှုအပေါ် အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့် လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့ပါသည်။

စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကိုညွှန်ပြပါသည်။ စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နံှ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ ‘ပိုမြင့်သည့်’ ဖြေကြားချက်များ၏ရာခိုင်နှုန်းနှင့် ‘အပြောင်းအလဲမရှိ’ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြားရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၊ ၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကိုညွှန်ပြ ပါသည်။

ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။ အာဆီယံ အညွှန်းများကို တစ်နိုင်ငံစီ၏ အညွှန်းများအားချိန်ဆလျက် စုပေါင်း တွက်ယူပါသည်။ နိုင်ငံများအလိုက် ချိန်ဆမှုကို နှစ်စဉ် ထုတ်လုပ်မှု ထပ်တိုးတန်ဖိုးမှ တွက်ယူပါသည်*။အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း Purchasing Managers’ Index™ (PMI)ဖြစ်ပါသည်။

PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်-

အော်ဒါသစ်များ (၃၀%)၊

ထုတ်လုပ်မှု (၂၅%)၊

အလုပ်နေရာ (၂၀%)၊

ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့်

သိုလှောင်ထားသည့်ထည့်ကုန်များ (၁၀%)။

PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်းများနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက်ညှိပေးရမည့် အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ်သက်ရောက်မှု ရှိနိုင်ပါသည်။ဒေတာကို ၂၀၂၁ ခုနှစ် မေလ ၁၁-၂၄ ရက်များတွင် စုစည်းခဲ့သည်။

 

IHS Markit အကြောင်း

IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့်ဈေးကွက်များဆိုင်ရာ အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီဖြစ်ပါသည်။ မိမိတို့၏ ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံစိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နက်ရှိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။ IHS Markit ထံတွင်စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။

IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့အစည်များ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် ဖြစ်ပါသည်။ အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်။ © 2021 IHS Markit Ltd. မူပိုင်ခွင့်များ အားလုံးကို ထိန်းချုပ်ထားသည်။

 

PMI အကြောင်း

ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိအထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့်လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကိုနောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့်လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုပါက ihsmarkit.com/products/pmi.html သို့ ဝင်ရောက်ကြည့်ရှုပါ။

Industry Reviews Read 431 times