ထိုင်းနိုင်ငံမှ စွမ်းအင်လုပ်ငန်းကြီး PTT က ပြည်ပတွင် ကော်ဖီဆိုင် ၁,၀၀၀ ဖွင့်ရန် လျာထား


07 October, 2021

ထိုင်းနိုင်ငံမှ  စွမ်းအင်လုပ်ငန်းကြီး PTT က Cafe Amazon အမည်ဖြင့် ကော်ဖီဆိုင်များ ဖွင့်လှစ်လုပ်ကိုင်လျက် ရှိရာ ၂၀၂၅ ခုနှစ်တွင် ပုံမှန်ဝင်‌ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလျံ ရရှိရန် ရည်မှန်းချက် ထားရှိသည်။ 
Cafe Amazon  သည် မူလက PTT စက်သုံးဆီ အရောင်းဆိုင်များထဲတွင် ဖွင့်လှစ်သည့် ကော်ဖီဆိုင်များ၏ အမှတ်တံဆိပ်ဖြစ်သည်။ ယခုအခါ ကမ္ဘာတစ်လွှားတွင် နေရာ ၃,၇၀၀ ကျော်တို့တွင် ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်သည်အထိ ကြီးထွားနေပြီ ဖြစ်သည်။ 

ထိုင်းနိုင်ငံမှ နိုင်ငံပိုင် စွမ်းအင်လုပ်ငန်းကြီး PTT ၏  PTT Oil and Retail (PTTOR) သည် ပင်လယ်ရပ်ခြားတွင် လုပ်ငန်းချဲ့ထွင်ခြင်း ပြုရန် အစီအစဉ် ရေးဆွဲထားရာတွင် စက်သုံးဆီ ရောင်းချခြင်း မဟုတ်ဘဲ Cafe Amazon  များကို ခုရေကို သုံးဆကျော် တိုးမြှင့် ဖွင့်လှစ်ရန်ဖြစ်ပြီး ၂၀၂၅ ခုနှစ်မတိုင်ခင် ကော်ဖီဆိုင်ပေါင်း ၁,၀၀၀ ပြည့်ရန် ရည်မှန်းချက် ချမှတ်ထားသည်။ 
ယခုအခါ ထိုင်းနိုင်ငံပြင်ပတွင် Cafe Amazon  ဆိုင်စုစုပေါင်း ၂၉၈ ဆိုင် ဖွင့်လှစ်ထားသည်။  စားသောက်ကုန်နှင့် အဖျော်ယမကာ ရောင်းချသည့် ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်နေသော လုပ်ငန်းများနှင့် လုပ်ငန်းလုပ်ပိုင်ခွင့် ချပေးသည့် franchise သဘောတူညီချက်များ လက်မှတ်ရေးထိုးကာ  Cafe Amazon  များကို ဖွင့်လှစ်သွားမည် ဖြစ်သည်။
ထိုသို့ လုပ်ကိုင်ခွင့် ပေးထားသည့် ဆိုင်များကို PTTOR က ဈေးကွက်ဖော်ဆောင်ခြင်းနှင့် ဒေသခံတို့အတွက် စားစရာအမျိုးအမည်များ ချမှတ်ပေးခြင်းတို့ကို ထောက်ကူပေးမည် ဖြစ်သည်။ လုပ်ငန်းလုပ်ပိုင်ခွင့်ရ ဆိုင်များ ဖွင့်လှစ်ရန် ကျွမ်းကျင်သူများအဖွဲ့ကို ဖွဲ့ထားပြီး တိုးတက်ဖွံ့ဖြိုးရေးကို အကြံပြုပေးသွားမည် ဖြစ်သည်။ ရည်မှန်းချက်မှာ ၂၀၂၅ ခုနှစ်မတိုင်ခင်တွင်  Cafe Amazon က ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလျံ ရရှိရန် ဖြစ်သည်။ 
Cafe Amazon ကို လုပ်ကိုင်လျက် ရှိသော PTT Oil and Retail Business သည် “လောစာဆီအပြင် အခြားအရာများ လက်လီရောင်းချရန်” မူကို ကျင့်သုံးပြီး  "retailing beyond fuel" သည် ၎င်း၏ ကြွေးကြော်သံ အသစ် ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ကုမ္ပဏီဝင်ငွေ၏ ၉၀% ကျော်ကို ရေနံနှင့် ရေနံထွက်ပစ္စည်းလုပ်ငန်းမှ ရရှိခဲ့သည်။ ဝင်ငွေအများစုသည် စက်သုံးဆီ အရောင်းဆိုင်များထံမှ ရရှိသည်။ 
Cafe Amazon ကို ၂၀၀၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ PTT ၏ စက်သုံးဆီ အရောင်းဆိုင်များတွင် ဖွင့်လှစ်ပေးထားသည့် ကော်ဖီဆိုင်များအတွက် အမည်အမှတ်တံဆိပ်ဖြစ်သည်။ တစ်စထက်တစ်စ လုပ်ငန်းကြီးထွားလာခဲ့ရာ ကော်ဖီဆိုင်ခွဲများ ကမ္ဘာတစ်လွှား ဖွင့်လှစ် လုပ်ကိုင်နေသည့် လုပ်ငန်းများတွင် ဆဌမမြောက် အကြီးဆုံး လုပ်ငန်းအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ 
PTT Oil and Retail သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ထိုင်း စတော့အိပ်ချိန်းတွင် စာရင်းဝင် လုပ်ငန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။ 

ပြီးခဲ့သည့် ဇွန်လတွင် ထုတ်ပြန်သော စာရင်းအရ ထိုင်းနိုင်ငံတွင် ဆိုင်ပေါင်း ၃,၄၃၂ ဆိုင် ဖွင့်လှစ်ထားသည်။ နိုင်ငံပေါင်း (၁၀) နိုင်ငံတွင် ဆိုင်များ ဖွင့်လှစ်ထားရာ အရှေ့တောင်အာရှ ၇ နိုင်ငံ ဖြစ်သော ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မြန်မာ၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်နှင့် 
လာအိုတို့ အပါအဝင် ဖြစ်သည်။ ကျန်သည့် သုံးနိုင်ငံမှာ တရုတ်၊ ဂျပန်နှင့် အိုမန် နိုင်ငံတို့ ဖြစ်သည်။ 

ရန်ကုန်မြို့ရှိ Cafe Amazon  ဆိုင်များ၏ တည်ရာလိပ်စာကို အောက်ပါလင့်ကို ထိ၍ ကြည့်ရှုနိုင်ပါသည်။
Cafe Amazon  ဆိုင်များ၏ တည်ရာလိပ်စာ ၉ ခု

Global News Read 751 times