ထိုင်းမှ PTTEP က  ရတနာဓာတ်ငွေ့သိုက် လွှဲပြောင်းရယူကြောင်း ထုတ်ပြန်ကြေညာ


16 March, 2022

ထိုင်းမှ PTTEP က  ရတနာဓာတ်ငွေ့သိုက် လွှဲပြောင်းရယူကြောင်း ထုတ်ပြန်ကြေညာ

ထိုင်းနိုင်ငံမှ  PTT Exploration & Production (PTTEP) က ရတနာဓာတ်ငွေ့သိုက်မှာ ပြင်သစ် စွမ်းအင်လုပ်ငန်း TotalEnergies ရဲ့ လုပ်ငန်းကဏ္ဍကို လွှဲပြောင်းရယူကြောင်း အတည်ပြု ထုတ်ပြန်ကြေညာပါတယ်။

မြန်မာနိုင်ငံမှ ထွက်ခွာသွားတဲ့ TotalEnergies ရဲ့ လုပ်ငန်းက‌ဏ္ဍကို PTTEP က ရယူပြီး သဘာဝဓာတ်ငွေ့ ထုတ်လုပ်ပေးပို့မှု ပြတ်တောက်ခြင်း မရှိအောင် ဆောင်ရွက်မယ်လို့ ကြေညာချက်မှာ အသိပေးထားပါတယ်။

စွမ်းအင်လုပ်ငန်းစုများ ဖြစ်ကြတဲ့   TotalEnergies, Chevron , Woodside တို့ အားလုံးက ၂၀၂၂ ဇန်နဝါရီလမှ မြန်မာနိုင်ငံမှ ထွက်ခွာကြောင်း ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။


PTTEP က ထိုင်းမှ နိုင်ငံပိုင်စွမ်းအင်လုပ်ငန်း PTT    ရဲ့ လက်အောက်ခံ လုပ်ငန်းဖြစ်ပြီး ရတနာဓာတ်ငွေ့သိုက် လုပ်ငန်းကဏ္ဍကို ဇူလိုင်လ ၂၀ ရက်မှာ စတင်တာဝန်ယူမှာ ဖြစ်ပါတယ်။

ရတနာဓာတ်ငွေ့သိုက် လုပ်ငန်းလည်ပတ်လုပ်ကိုင်မှုများကို ဇူလိုင်လ ၂၀ ရက် လက်လွှဲပြောင်းပြီးတဲ့အခါ

  • PTTEP က ရှယ်ယာဝေစု ၃၇.၁% ၊
  • နိုင်ငံပိုင်လုပ်ငန်း MOGE (Myanma Oil and Gas Enterprise) က ၂၁.၈% ၊
  • Chevron လက်အောက်ခံ လုပ်ငန်:က ၄၁.၁% ပိုင်ဆိုင်မှာ

ဖြစ်ပါတယ်။

ရတနာဓာတ်‌ငွေ့သိုက်က တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၇၇၀ ခန့် ထုတ်လုပ်ပါတယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ် ထုတ်လုပ်ဖို့ တစ်ရက်လျှင် ကုဗပေ သန်း ၂၂၀ သုံးစွဲပါတယ်။ 

ကျန်တဲ့ တစ်ရက်လျှင် ကုဗပေ သန်း ၅၅၀ကို ထိုင်းနိုင်ငံသို့ ပိုက်လိုင်းဖြင့်တင်ပို့ပါတယ်။ ထိုင်းနိုင်ငံရှိ ဓာတ်အားစက်ရုံ ၁၂ ခုမှာ သုံးစွဲပါတယ်။

ရတနာဓာတ်ငွေ့သိုက်က မြန်မာနိုင်ငံ ဓာတ်ငွေ့လိုအပ်ချက်ရဲ့ ၅၀% ဝန်းကျင်ကို ဖြည့်တင်းပေးပြီး ထိုင်းနိုင်ငံ ဓာတ်ငွေ့လိုအပ်ချက်ရဲ့ ၁၁% ဝန်းကျင်ကို ဖြည့်တင်းပေးကြောင်း PTTEP က ပြောကြားပါတယ်။

Energy News Read 5756 times