ရတနာဓာတ်ငွေ့သိုက်အတွက် PTTEP နှင့် မြန်မာကုမ္ပဏီများ ဆွေနွေး


18 February, 2022

 ရတနာဓာတ်ငွေ့သိုက်အတွက် PTTEP နှင့် မြန်မာကုမ္ပဏီများ ဆွေနွေး
 
ပြင်သစ်စွမ်းအင်ကုမ္ပဏီ TotalEnergies နှင့် အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့က ရတနာစီမံကိန်းနှင့် Moattama Gas Transportation Company Limited (MGTC) တို့မှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီးဖြစ်ရာ လစ်ဟာသွားတဲ့နေရာတွေကို PTTEP က ရယူရန်ဆန္ဒ ရှိသော်လည်း ရယူခွင့် ရမရ မသေချာသေးပါဘူး။ မြန်မာပြည်တွင်းကုမ္ပဏီများ ပါဝင်လာတာလည်း ဖြစ်နိုင်ခြေ ရှိနေပါတယ်လို့ Bloomberg ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

ပါဝင်ဖို့ စိတ်ဝင်စားတဲ့ ပြည်တွင်းကုမ္ပဏီများနှင့် PTTEP တို့က လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ အရာရှိများနှင်အတူ ဆွေးနွေးနေကြတယ်လို့ ဆိုပါတယ်။ PTTEP အလုပ်အမှုဆောင် အရာရှိများ မြန်မာနိုင်ငံသို့ လာရောက်ပြီး ဆွေးနွေးနေကြပါတယ်။ ဖေဖော်ဝါရီလ မကုန်ခင်မှာ ဆုံးဖြတ်ချက်များ ထွက်ပေါ်ဖို့ မျှော်လင့်ထားပါတယ်။

Yadana နှင့် MGTC တို့မှ TotalEnergies နုတ်ထွက်တာကို အတည်ပြုပေးပြီးနောက် ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ထိုင်းမှ နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ  PTTEP က ရတနာဓာတ်ငွေ့သိုက်မှ TotalEnergies နှင့်  Chevron တို့ထွက်ခွာသွားတဲ့အတွက် ၎င်း ကုမ္ပဏီ နှစ်ခုရဲ့ ရှယ်ယာများကို ရယူနိုင်ပေမဲ့ ဖြစ်လာနိုင်ခြေ နည်းပါတယ်။

ရတနာ နှင့် MGTC ကုမ္ပဏီစုမှာ TotalEnergies က ၃၁.၂၃၇၅% ၊ Unocal Myanmar Offshore Company (Chevron) က ၂၈.၂၆၂၅% ၊ PTTEP က ၂၅.၅% ၊ နိုင်ငံပိုင် Myanma Oil and Gas Enterprise (MOGE) က ၁၅% ပါဝင်ထားပါတယ်။

ရတနာစီမံကိန်းနှင့်ပိုက်လိုင်းဖြင့် ထိုင်းနှင့် မြန်မာသို့ ဓာတ်ငွေ့ပေးပို့တဲ့ Moattama Gas Transportation Company Limited (MGTC) တို့ဟာ မြန်မာနှင့် ထိုင်းတို့ စွမ်းအင်ဖူလုံရေးအတွက် အလွန်အရေးပါတာကြောင့် PTTEP က ဂရုတစိုက်ဖြင့် စဉ်းစားလုပ်ကိုင်သွားမယ်လို့ PTTEP ပြောရေးဆိုခွင့်ရသူက ပြောကြားခဲ့ပါတယ်။ 

‌ရတနာဓာတ်ငွေ့သိုက်မှ ရရှိတဲ့ ဓာတ်ငွေ့ကို မြန်မာနှင့် ထိုင်းနိုင်ငံ အနောက်ပိုင်းတို့မှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် လောင်စာအဖြစ် အသုံးပြုပါတယ်။ ကမ်းလွန်နှင့် ကုန်းတွင်း ပိုက်လိုင်းများဖြင့် ဓာတ်ငွေ့ပေးပို့ပါတယ်။ 
၂၀၂၁ မှာ ရတနာမှ ဓာတ်ငွေ့တွင်း ၂ခုထံမှ ဓာတ်ငွေ့များအပြင်  ရေရှည် အရောင်းသဘောတူညီချက်ပါ ပမာဏ ရရှိတာ သေချာစေရန်နှင့် ပမာဏ မလျော့ကျအောင် ထိန်းထားနိုင်ရန်အတွက် အနီးရှိ ပတ္တမြားမှ ဓာတ်ငွေ့များကိုပါ ရယူပါတယ်။ 

Block M-3

လုပ်ကွက် M-3 မှာ PTTEP နှင့် ဖက်စပ်လုပ်ကိုင် နေတဲ့ ဂျပန်လုပ်ငန်း Mitsui Oil Exploration Company (Moeco) က ၂၀၂၁ စက်တင်ဘာလမှာ ၎င်းပိုင်ဆိုင်တဲ့ ရှယ်ယာ ၂၀% ကို အဆုံးခံပြီး ဖက်စပ်လုပ်ငန်းမှ နုတ်ထွက်ကြောင်း PTTEP ကို အကြောင်းကြား အသိပေးခဲ့ပါတယ်။ PTTEP က ၁၀၀% ပိုင်ဆိုင်တဲ့အဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ သို့သော် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းထံမှ အတည်ပြုချက် ရရှိဖို့ လိုအပ်ပါတယ်။
 PTTEP အနေဖြင့် Block M-3 ကမ်းလွန် ရှာဖွေတူးဖော်မှုကို ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ပြီး ထွက်ရှိတဲ့ဓာတ်ငွေ့ ခွဲဝေဖို့ သဘောတူညီချက် ကန်ထရိုက်ကို အတည်ပြုချက် ရရှိဖို့ စောင့်ဆိုင်းနေပါတယ်။ 
M-3 မှ ရရှိတဲ့ ဓာတ်ငွေ့ဖြင့် မြန်မာနိုင်ငံမှာလျှပ်စစ်ဓာတ်အား ထုတ်လုပ်မယ့် စီမံကိန်းတစ်ခု အဆိုပြုထားတာကလည်း အတည်ပြုချက် မရရှိသေးလို့ စောင့်ဆိုင်းနေရပါတယ်။
 

ဇောတိက၊ ရဲတံခွန်

PTTEP က ဇောတိက ဓာတ်ငွေ့သိုက် ဓာတ်ငွေ့ထုတ်လုပ်မှုမှာလည်း ပါဝင်လုပ်ကိုင်လျက်ရှိပါတယ်။ ရဲတံခွန်ဓာတ်ငွေ့သိုက်မှာ မလေးရှားမှ Petronas နှင့် ဖက်စပ်လုပ်ကိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ရဲတံခွန်မှ ဓာတ်ငွေ့ ထုတ်လုပ်နိုင်ခဲ့ပြီး အရောင်းကတိကဝတ်များအရ ပြည်တွင်းနှင့် ထိုင်းနိုင်ငံသို့ ပိုက်လိုင်းဖြင့် တင်ပို့ခဲ့ပါတယ်။ 
ရဲတံခွန်မှာ Petronas က  ကိုဗစ်ကြောင့် ပိတ်ထားတဲ့ ကမ်းလွန်လုပ်ကွက်ကို ၂၀၂၁ အောက်တိုဘာလမှာ ပြန်စခဲ့ပါတယ်။


 ပြည်တွင်း မငြိမ်မသက်မှုများနှင့် ကိုဗစ်တို့ကြောင့် အချို့သော လုပ်ကိုင်မှုများမှာ နှောင့်နှေးစေကြောင်း မကြာသေးခင်က PTTEP မှ ပြောကြားခဲ့ပါတယ်။ 
ဇောတိကမှ ထုတ်လုပ်မှုရေချိန်ကို ထိန်းထားနိုင်ဖို့ PTTEP က ဇောတိကစီမံကိန်းမှာ တွင်းသစ်တစ်ခုအတွက် ပလက်ဖောင်း နေရာချဖို့ Phase 1D ကို ဆောင်ရွက်လျက် ရှိပါတယ်။

 

Energy News Read 3801 times