တောင်ကိုရီးယားတွင် Samsung ဒုဥက္ကဋ္ဌ ရှယ်ယာတန်ဖိုး အများဆုံး ပိုင်ဆိုင်သူ ဖြစ်နေဆဲ


15 October, 2021

ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီစုတစ်ခုရဲ့ အကြီးအကဲ ဖြစ်သူ Samsung ဒုဥက္ကဋ္ဌ လီဂျယ်ယောင်း Lee Jae-yong ဟာ Samsung holdings ကြောင့် တောင်ကိုရီးယားမှာ တစ်ဦးတည်းပိုင် ရှယ်ယာတန်ဖိုး အများဆုံး ပိုင်ဆိုင်သူ ဖြစ်နေဆဲ ဖြစ်ပါတယ်။ 
တောင်ကိုရီးယားမှာ ရှိနေတဲ့ ကော်ပိုရေးရှင်းကြီးများရဲ့ ပိုင်ရှင်များအကြားမှာ လီဂျယ်ယောင်း ဟာ ရှယ်ယာတန်ဖိုး အများဆုံး ပိုင်ဆိုင်တဲ့ လုပ်ငန်းရှင်ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ်မှာ ဖခင်ဖြစ်သူ Lee Kun-hee ကွယ်လွန်ခဲ့ပြီးတဲ့နောက်မှာ အကြီးဆုံး နှင့် တစ်ဦးတည်းသော သား ဖြစ်သူ  လီဂျယ်ယောင်း က ဖခင်အရိုက်အရာကို အမွေဆက်ခံခဲ့ပါတယ်။ Samsung Group လက်အောက်မှ ကုမ္ပဏီအများအပြားတို့မှာ ဖခင်ပိုင်ဆိုင်တဲ့ ရှယ်ယာများကို လီဂျယ်ယောင်း အမွေဆက်ခံခဲ့ပြီးတဲ့နောက်မှာ ယခုလို တောင်ကိုရီးယားရဲ့ ထိပ်တန်း ရှယ်ယာတန်ဖိုး အများဆုံး ပိုင်ဆိုင်ထားသူ အဖြစ်သို့ ရောက်ရှိလာခဲ့ပါတယ်။ Samsung Electronics နဲ့ Samsung SDS ကုမ္ပဏီများထံမှ အမွေရရှိခဲ့တဲ့ ရှယ်ယာတန်ဖိုး စုစုပေါင်းက သူအမွေဆက်ခံချိန်မှာ အမေရိကန်ဒေါ်လာ ၅ ဘီလျံ ကျော် တန်ကြေး ရှိပါတယ်။ 

သူပိုင်ဆိုင်ထားတဲ့ ရှယ်ယာများအားလုံးရဲ့ စုစုပေါင်းတန်ဖိုးက နည်းနည်း လျော့ကျခဲ့ပေမဲ့ တောင်ကိုရီးယားနိုင်ငံမှာ တစ်ဦးတည်းပိုင် ရှယ်ယာတန်ဖိုး အများဆုံး ပိုင်ဆိုင်သူ ဖြစ်နေဆဲ ဖြစ်ပါတယ်။ 
၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်မှာ သူပိုင်ဆိုင်ထားတဲ့ ရှယ်ယာများအားလုံးရဲ့ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁.၉ ဘီလျံ ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ စက်တင်ဘာလ မတိုင်ခင် သုံးလအလိုမှာ သူပိုင်ဆိုင်တဲ့ ရှယ်ယာတွေရဲ့ စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဘီလျံ ဝန်းကျင် တန်ဖိုး ကျဆင်းခဲ့ပါတယ်။ 

တကယ်လို့ တောင်ကိုရီးယားမှာ အမွေခွန်(inheritance tax) စည်းကြပ်ကောက်ခံခြင်းသာ မရှိခဲ့ရင် ယခုထက် ပိုချမ်းသာမှာဖြစ်ပါတယ်။  လီဂျယ်ယောင်း မိသားစုက အမွေခွန် အမေရိကန်ဒေါ်လာ ၁၀.၈ ဘီလျံ ပေးဆောင်ခဲ့ပြီး တောင်ကိုရီးယားမှာ အမွေခွန်ပမာဏ အများဆုံးလို့ ဆိုပါတယ်။ 
သမ္မတ ပတ်ဂွမ်ဟီကို လာဘ်ပေးလာဘ်ယူအမှုဖြင့် ၂၀၁၇ ခုနှစ်မှာ ထောင်ဒဏ် ၅ နှစ် ကျခံရပါတယ်။ အယူခံ တင်ခဲ့တာမှာ ထောင်ဒဏ်ကို နှစ်နှစ်ခွဲသို့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ လျှော့ချ သတ်မှတ်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြည်ပမှာ ထုတ်လုပ်တဲ့ ချစ်ပ်များအပေါ် အမေရိကန်နိုင်ငံ မှီခိုအားထားနေရတာကို လျှော့ချဖို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိရာမှာ လီဂျယ်ယောင်းက အကူအညီ ပေးနိုင်တဲ့သူ ဖြစ်နေလို့ သူ့ကို ထောင်မှ လွှတ်ပေးဖို့ အမေရိကန်ကုန်သည်ကြီးများအသင်းမှ ကြားဝင်ဆောင်ရွက်ပြီး တောင်ကိုရီးယားအစိုးရကို ပန်ကြားခဲ့ပါတယ်။ 
၂၀၂၁ ခုနှစ် ဩဂုတ်လမှာ တောင်ကိုရီးယားအစိုးရက လီဂျယ်ယောင်းကို ပြစ်ဒဏ်ကာလမစေ့မီ ကတိခံဝန်ချက်ဖြင့် လွှတ်ပေးခဲ့ပါတယ်။ စီးပွားရေးလုပ်ကိုင်မှုများအပေါ် ကန့်သတ်ချုပ်ချယ်မှု ကာလ ၅ နှစ် ပြဌာန်းထားပြီး တောင်ကိုရီးယားမှ ပြည်ပခရီးထွက်မယ်ဆိုရင် ခွင့်ပြုချက် ကြိုတင်ရယူဖို့ကိုလည်း ပြဌာန်းထားပါတယ်။ 
လီဂျယ်ယောင်း အား အနောက်တိုင်း စီးပွားရေးလောကတွင် ဂျေ ဝိုင် လီလို့ အတိုကောက်အားဖြင့် သိကြပါတယ်။
 

Global News Read 2055 times