အပိုဆောင်း ရေနံထုတ်လုပ်ပေးနိုင်စွမ်းသည် လာမည့်နှစ်တွင် တစ်စတစ်စ လျော့ကျသွားလိမ့်မယ်လို့ Saudi Aramco ရဲ့ အမှုဆောင်အရာရှိချုပ် Amin Nasser က နိုဝင်ဘာလ ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။ ကပ်ရောဂါ မကျရောက်ခင်နဲ့ ကျရောက်ခါနီး အချိန်ကာလမှာ လေယာဉ်တွေ ပျံသန်းတဲ့ ခရီးစဉ် အရေအတွက်အတိုင်း ပျံသန်းလာကြတဲ့အခါ လေယာဉ်ဆီ လိုအပ်မှု လာမယ့်နှစ်မှာ မြင့်တက်သွားမယ်လို့ သူက ဆိုပါတယ်။
"အပိုဆောင်းထုတ်လုပ်နိုင်စွမ်းပမာဏက တစ်ရက်ကို စည် သုံးသန်းမှ လေးသန်းအထိ ရှိပါတယ်။ ဈေးကွက်ကို အခြေအနေ မဆိုးအောင် ထိန်းပေးနိုင်တယ်။ ခုသာခံသာအောင် ပြုပေးတယ်။ အဲဒီလို ခုပေးတာ လျော့ကျသွားလိမ့်မယ်။ လာမယ့်နှစ်မှာ လိုအပ်ချက်က ထပ်များလိမ့်မယ်" လို့ သူက Nikkei Global Management Forum မှာ ပြောကြားပါတယ်။
လေယာဉ်ဆီ လိုအပ်မှု တိုးလာမယ်လို့ မျှော်မှန်းထားပြီး တခြားလောင်စာဆီ လိုအပ်ချက်တွေ ပြည့်မီဖို့ကလည်း မဖြည့်ဆည်းနိုင်တဲ့အတွက် အပိုဆောင်း ထုတ်လုပ်ပေးတာ အကုန်လုံး သုံးစွဲကြရလိမ့်မယ်။ ဈေးကွက်ကို ခုသာခံသာအောင် လုပ်ပေးစရာ အပိုဆောင်း ထုတ်လုပ်ထားတာ ရှိတော့မှာ မဟုတ်ကြောင်း သူက ပြောကြားပါတယ်။
"ကျွန်တော်တို့ လုပ်ငန်းကဏ္ဍမှာ ထုတ်လုပ်နိုင်စွမ်းကို ချဲ့ထွင်တဲ့အခါ ၅ နှစ်မှ ၇ နှစ်ဝန်းကျင် အထိ ကြာပါတယ်။ ထုတ်လုပ်နိုင်စွမ်းကို ချဲ့ထွင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုများလည်း လုံလုံလောက်လောက် မရှိပါဘူး။ ကြီးမားတဲ့ စိုးရိမ်စရာ ဖြစ်ပါတယ်" လို့ Nasser က ပြောကြားပါတယ်။
Aramco ရဲ့ အမှုဆောင် အရာရှိချုပ် Nasser က ကုမ္ပဏီအနေဖြင့် ရေနံထုတ်လုပ်မှုကို ၂၀၂၇ ခုနှစ်မှာ တစ်ရက်လျှင် စည် ၁၃ သန်း အထိ ရောက်အောင် တိုးမြှင့်မှာ ဖြစ်ကြောင်း အတည်ပြုပြောကြားပါတယ်။ ယခုအခါ တစ်ရက်လျင် စည် ၁၂ သန်း ထုတ်လုပ်ပါတယ်။
ကမ္ဘာ့ရေနံလိုအပ်ချက်ဟာ လာမယ့်နှစ်မှာ တစ်ရက်လျှင် စည် သန်း ၁၀၀ ကို ကျော်သွားလိမ့်မယ်။ ပြန်ပြည့်မြဲစွမ်းအင် အမျိုးမျိုးတို့က ကမ္ဘာ့စွမ်းအင် လိုအပ်ချက်ကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးဘူးလို့ သူက သုံးသပ်ပါတယ်။