ရုရှားဘဏ်များကို Swift မှ ဖယ်ရှား
အမေရိကန်၊ ဥရောပယူနီယံနှင် အခြားအနောက်နိုင်ငံများက ယူကရိန်းကို ကျူးကျော်သည့်ရုရှားကို ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ ရုရှားဘဏ်များကို အပြည်ပြည်ဆိုင်ရာ ငွေပေးစနစ် Swift မှ ဖယ်ရှားမယ်လို့ ဆိုပါတယ်။
Swift ဆိုတာ ဘာလဲ
Swift က Society for Worldwide Interbank Financial Telecommunication ကို အတိုကောက် ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။
နယ်ခြားဖြတ်ကျော် ငွေပေးချေခြင်းများ လျင်မြန်စွာ ဆောင်ရွက်ဖို့ သုံးစွဲကြတဲ့ လုံခြုံစိတ်ချရတဲ့ message စာပို့စနစ်ဖြစ်ပြီး နိုင်ငံတကာ ကုန်သွယ်မှုများ ချောမွေ့စွာ စီးဆင်းအောင် ပြုပေးပါတယ်။
Swift စနစ်မှာ ချိတ်ဆက်ပါဝင်ထားတဲ့ဘဏ်များက ဘဏ်များအကြား အချိတ်အဆက် ထူထောင်ထားပြီး ငွေပေးဖို့ Swift "FIN message" များကို အသုံးပြုကြပါတယ်။
ငွေပေးဖို့ ညွှန်ကြားချက်များ လုံခြုံစိတ်ချရတဲ့အတွက် မေးမြန်းနေဖို့ မလိုအပ်ဘဲ ငွေပေးချေလို့ ရနေစေတဲ့အတွက် ဘဏ်များအကြား မြင့်မားတဲ့ပမာဏများကို လျင်လျင်မြန်မြန်ဖြင့် ပေးချေလို့ ရနေစေပါတယ်။
နိုင်ငံတကာကုန်သွယ်ရေးရဲ့ ငွေပေးချေမှုများမှာ အဓိကယန္တရားအဖြစ် သုံးစွဲနေကြပါတယ်။
၂၀၂၀မှာ နေ့စဉ် Swift "FIN message" ၃၈ သန်း ဝန်းကျင် ပေးပို့ခဲ့ကြပါတယ်။
Swift စနစ်ဖြင့် နှစ်စဉ်နှစ်တိုင်း အမေရိကန် ဒေါ်လာ ထရီလီယံချီတဲ့ ပမာဏဖြင့် ငွေလွှဲပြီး ငွေပေးချေကြပါတယ်။
Swift ရဲ့ ပဓာနဝန်ဆောင်မှု
Swift ကို ၁၉၇၀ ပြည့်နှစ် နောက်ပိုင်းမှာ ထူထောင်ခဲ့ပြီး Swift ဝန်ဆောင်မှုကို အသုံးပြုနေကြတဲ့ ထောင်ချီတဲ့ အရေအတွက်ရှိတဲ့ အဖွဲ့ဝင် ငွေကြေးအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ကြပါတယ်။
Swift ကို ၎င်း၏အဖွဲ့ဝင်များအတွက် ဝန်ဆောင်မှုပေးအပ်ဖို့ အဓိကလုပ်ဆောင်ပါတယ်။
ဘယ်လ်ဂျီယံ အခြေစိုက် ဝန်ဆောင်မှု ဖြစ်ပြီး ၂၀၂၀ မှာ အမြတ် ယူရိုဒေါ်လာ ၃၆ သန်း ရရှိခဲ့ပါတယ်။
Swift ပိတ်ပင်ရင် ဘာဖြစ်မလဲ
Swift ban ခံရရင် ကမ္ဘာတစ်လွှားရှိ ငွေကြေးဈေးကွက်များနှင့် အချိတ်အဆက် ပြတ်တောက် သွားမှာ ဖြစ်ပါတယ်။
ရုရှားဘဏ်တွေ Swift ban ခံရရင် ရုရှားမှ ကုမ္ပဏီတွေ၊ တသီးပုဂ္ဂလတွေ သွင်းကုန်အတွက် ငွေပေးပို့ ခက်ခဲမယ်။ ပို့ကုန်အတွက် ငွေရယူဖို့ ခက်ခဲမယ်။ ပြည်ပချေးငွေ ရယူဖို့ ခက်ခဲမယ်။ ပြည်ပမှာ ရင်းနှီးမြှုပ်နှံဖို့လည်း ခက်ခဲမှာ ဖြစ်ပါတယ်။
ရုရှားဘဏ်တွေ Swift ban ခံရရင် Swift အစား အခြားလမ်းကြောင်းများ သုံးစွဲကြရမှာ ဖြစ်ပါတယ်။ တိုက်ရိုက်လုပ်ကိုင်လို့ မရတဲ့အတွက် တစ်ဆင်ခံဖြင့် ငွေလွှဲကြရလို့ စရိတ်စကများတက်မှာ ဖြစ်တဲ့အပြင် သွက်လက်မြန်ဆန်မှု မရရှိနိုင်တော့ဘူး။ လုံခြုံစိတ်ချရမှုလည်း အားနည်းသွားမှာ ဖြစ်ပါတယ်။
straitstimes.com