မလေးရှားနိုင်ငံမှ မလေးရှားနိုင်ငံသား ဘီလျံနာ Lim Wee Chai ရဲ့ ကမ္ဘာ့အကြီးမားဆုံး ရာဘာလက်အိတ်လုပ်ငန်း Top Glove Corp Bhd ရဲ့ အသားတင်အမြတ်က ပြီးခဲ့တဲ့ သုံးလပတ်မှာ ရင်းဂစ် ၂.၀၄ ဘီလျံ ရှိခဲ့ပြီး ဩဂုတ်လကုန်မှာ အဆုံးသတ်တဲ့ သုံးလပတ်မှာ ရင်းဂစ် ၆၀၇.၉၅ သန်း သို့ ကျဆင်းသွားခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၇၀% ကျော် ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
အခုလို အသားတင်အမြတ်ကျဆင်းသွားတာဟာ ကာကွယ်ဆေးထိုးနှံမှုများ ကမ္ဘာတစ်လွှား လုပ်ဆောင်နေကြတဲ့အတွက် ဆေးဘက်သုံး ရာဘာလက်အိတ် အရေးတကြီး လိုအပ်မှု လျော့ကျသွားပြီး ဈေးကွက်မှာ ဝယ်လိုအား ပုံမှန်ပြန်ဖြစ်ပြီး အရောင်းအေးသွားခဲ့တယ်။ ပျမ်းမျှရောင်းဈေးနှုန်းများ average selling prices (ASPs) လည်း ကျဆင်းခဲ့တယ်လို့ ဖြစ်ပါတယ်။ တစ်ဖက်မှာ ကုန်ကြမ်းဈေးနှုန်းတွေက ဈေးမကျတဲ့အတွက် အမြတ်ရရှိနိုင်မှု ကျဉ်းမြောင်းသွားစေခဲ့တယ်လို့ Top Glove ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံကလည်း စက်ရုံတွေမှာ မတရားသဖြင့် ခိုင်းစေမှုများ ရှိနေတဲ ဆိုတဲ့ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးနေစဉ်မှာ အမေရိကန်နိုင်ငံသို့ Top Glove ရဲ့ ထုတ်ကုန်တွေ တင်သွင်းမှုကို ပိတ်ပင်ခဲ့ပြီး စက်တင်ဘာ လဆန်းပိုင်းကျမှ တင်သွင်းခွင့် ပြန်လည်ခွင့်ပြုခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာ အသွားအလာ ကန့်သတ်တားမြစ်မှုတွေ ပြုခဲ့တဲ့အတွက် Top Glove ရဲ့ စက်ရုံတွေ အကုန်လုံး ၁၀ ရက်တိုင်တိုင် ပိတ်ထားခဲ့ရတာကလည်း အထိနာစေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။ ထို့အပြင် စက်ရုံတွေ ပြန်ဖွင့်တဲ့အခါမှာလည်း စွမ်းအားပြည့် လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ၆၀% ကိုသာ လုပ်ကိုင်ခွင့် ရရိခဲ့တဲ့အတွက်ကြောင့် ကုန်ကျစရိတ် ကြီးမားနေခဲ့တယ်လို့ ဆိုထားပါတယ်။
Top Glove ကို Lim ဇနီးဖြစ်သူ Tong Siew Bee နဲ့အတူ ၁၉၉၁ ခုနှစ်မှာ ထူထောင်လုပ်ကိုင်ခဲ့ပြီး တစ်နှစ်လျှင် လက်အိတ် ၁၀၀ ဘီလျံ ထုတ်လုပ်နိုင်သည့်အဆင့်သို့ ရောက်ရှိခဲ့ရာ ကမ္ဘာ့အကြီးဆုံး ရာဘာလက်အိတ်ထုတ်လုပ်ရေးလုပ်ငန်း အဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။
Lim ရဲ့ အသားတင်တန်ဖိုးက ကန်ဒေါ်လာ ၃.၅ ဘီလျံ ရှိပြီး မလေးရှားနိုင်ငံ အချမ်းသာဆုံးသူဌေး (၅၀) စာရင်းမှာ ပြီးခဲ့တဲ့ ဇွန်လက နံပါတ် (၈) နေရာမှာ ရောက်ရှိနေခဲ့ပါတယ်။
Source: theedgemarkets.com