စံချိန်မီရွှေမဟုတ်သောရွှေ ပြည်ပတင်ပို့ရာတွင် TT သုံးခွင့်ပြု


16 January, 2022

စံချိန်မီရွှေမဟုတ်သောရွှေ ပြည်ပတင်ပို့ရာတွင် TT သုံးခွင့်ပြု

ပြည်ပသို့  ရွှေတင်ပို့တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညှိနှိုင်းအကြောင်း ကြားလာမှုအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ အသိပေးကြေညာချက်အရ-

စံချိန်မီရွှေ (သန့်စင်မှုရာခိုင်နှုန်း ၉၉.၅% နှင့် အထက်)ဖြစ်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြခွင့်ပြုချက်ရယူရမည် ဖြစ်သည်။
 
စံချိန်မီရွှေမဟုတ်သော ရွှေ (ရွှေ၊ လက်ဝတ်ရတနာပစ္စည်း၊ ရွှေဖြင့်ပြုလုပ်သောအနုပညာပစ္စည်း နှင့် အသုံးအဆောင်ပစ္စည်း များ) ကိုတင်ပို့ရာတွင် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ တင်ပြခွင့်ပြုချက်ရယူပြီးမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ခွင့်ပြုထားသည့် နိုင်ငံခြားငွေကြေးဖြင့်သာ ဆောင်ရွက်ရမည် ဖြစ်ရာ၌ ပို့ကုန်တန်ဖိုးသည် 

 

  • (က) အမေရိကန်ဒေါ်လာ ၅၀,၀၀၀ နှင့်အောက်ဖြစ်ပါက  Telegraphic Transfer (TT) စနစ်ဖြင့် လည်းကောင်း
  • (ခ) ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၀,၀၀၀ အထက်ဖြစ်ပါကLetter of Credit (LC) စနစ်ဖြင့် လည်းကောင်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။


-----

ယခင်က စံချိန်မီရွှေမဟုတ်သောရွှေ (ရွှေ၊ လက်ဝတ်ရတနာပစ္စည်း၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းများ) ကို တင်ပို့ရာတွင်လည်းကောင်း၊ တင်သွင်းရာတွင် လည်းကောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ တင်ပြခွင့်ပြုချက် ရယူပြီး Letter of Credit (LC) စနစ်ဖြင့်သာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ခွင့်ပြုထားသည့် နိုင်ငံခြားငွေကြေးဖြင့်သာ ဆောင်ရွက်ရန် ပြဌာန်းထားပါသည်။

 

  •  ရွှေနှင့်လက်ဝတ်ရတနာပစ္စည်းများ နိုင်ငံခြားသို့ တင်ပို့ရောင်းချရာတွင် TT (Telegraphic Transfer) စနစ်ဖြင့် ခွင့်ပြုပေးပါရန်၊  
  •   ရွှေနှင့်လက်ဝတ်ရတနာပစ္စည်းများ ပြည်ပသို့ တင်ပို့ရောင်းချရာတွင် ကုန်သွယ်ရေးလိုင်စင်ထုတ်ပေးရာ၌ ငွေပေးချေမှုစနစ် Normal (LC) စနစ်ဖြင့်သာ ဆောင်ရွက်ခွင့်ရှိသဖြင့် အခက်အခဲများ ကြုံတွေ့‌နေရကြောင်း

  ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA) က  မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့တင်ပြခဲ့ပါသည်။

ကြုံတွေ့နေရသည့် အချက်များမှာ-

(က) LC (Letter Of Credit) ဖွင့်လှစ်ပါက ပြည်တွင်းကုမ္ပဏီအနေဖြင့် ဘဏ်စရိတ် ပေးဆောင်ရပြီး အဝယ်ကုမ္ပဏီဘက်မှလည်း ဘဏ်စရိတ်ပေးဆောင်ရကြောင်း၊

( ခ ) သယ်ယူပို့ဆောင်ရေးအာမခံ ကုမ္ပဏီ (SECURE LOGISTICS) ဖြင့် သယ်ဆောင် ရခြင်းအတွက် ကုန်ကျစရိတ်ပိုမိုများပြားလာပြီး ဒေါ်လာ(၁ဝ၀ဝ)တန်ပစ္စည်းကို ကုန်ကျစရိတ် ဒေါ်လာ(၅၀ဝ) ကျသည့်အတွက် အရောင်းအဝယ်များ ရပ်ဆိုင်းခဲ့ကြောင်း၊

(ဂ ) COVID-19 အလွန်ကာလဖြစ်ခြင်းကြောင့် ကျန်းမာရေးအရ လိုက်နာဆောင်ရွက် ခြင်းများရှိသဖြင့် ရွှေဈေးကွက်အရောင်းအဝယ်အေးနေကြောင်း၊

(ဃ) ဝယ်လိုအားထက် ရောင်းလိုအားများနေခြင်းကြောင့် ပြည်ကွင်းဈေးကွက်ဈေးနှုန်း သည် ကမ္ဘာ့ရွှေဈေးထက် (ကျပ် ၁၀၀,၀၀၀) (ကျပ်တစ်သိန်း) လျော့နည်းပြီး နစ်နာလျက်ရှိကြောင်း၊

(c) TT (Telegraphic Transfer) စနစ်ဖြင့် ရောင်းဝယ်ခွင့်ပြုခဲ့လျှင် ပြည်တွင်း ဈေးကွက်တွင် ရွှေဆိုင်များအရောင်းအဝယ်ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း၊

( စ ) ပန်းထိမ်လုပ်ငန်းအားလုံးသည် လုပ်ငန်းပြန်လည်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း၊

(ဆ)နိုင်ငံခြားမှ ပြန်လည်ဝယ်ယူလျှင် ကမ္ဘာ့ရွှေဈေးနှင့် မြန်မာ့ရွှေဈေး ကွာဟမှု နည်းသွားပြီး မြန်မာ့ရွှေတန်ဖိုးဟန်ရာတန်ကြေးဈေးမှန် ရရှိမည်ဖြစ်ကြောင်း။


ရွှေတင်ပို့/တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ Gold Transaction ကို အကြောင်းပြု၍ ငွေကြေး ခဝါချသည့်ငွေမဲများ ဝင်ရောက်ခြင်းမရှိစေရန်လည်းကောင်း၊ နိုင်ငံခြားငွေကြေး ဈေးကွက်အပေါ် သက်ရောက်မှုကြီးမားစေခြင်း မရှိစေရန်လည်းကောင်း၊ ရွှေလုပ်ငန်းရှင်များ၏ အခက်အခဲ ပြေလည်စေရေးအတွက်လည်းကောင်း စံချိန်မီရွှေမဟုတ်သောရွှေ (ရွှေလက်ဝတ် ရတနာပစ္စည်းရွှေဖြင့်ပြုလုပ်သောအနုပညာပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းများ) ကို တင်ပို့ရာတွင် ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၀,၀၀၀ နှင့်အောက်ဖြစ်ပါက  TT (Telegraphic Transfer) စနစ်ဖြင့် ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်ဟု သိရပါသည်။

Banking & Loan Read 704 times