ဘော်တွင်းကို Yintai Group က ထက်ဝက်ဈေးဖြင့် ဝယ်ယူရန် ကမ်းလှမ်းထား


01 August, 2021

တရုတ်နိုင်ငံ ဘီဂျင်းအခြေစိုက် မဟာလုပ်ငန်းစုကြီးYintai Group က ဩစတေးလျသတ္တုတွင်းလုပ်ငန်း Myanmar Metals ထံမှ ဘော်တွင်းကို အောက်ဈေးဖြင့် ဝယ်ယူရန် ကမ်းလှမ်းထားသည်။ 

Myanmar Metals သည် Australian Securities Exchange (ASX)တွင် ၎င်း၏ ရှယ်ယာများ ရောင်းဝယ်ခြင်းကို ဆိုင်းငံ့ထားသည်မှာ ဖေဖော်ဝါရီလဆန်း ကတည်းက ဖြစ်သည်။ 

ASX သို့ တင်ပြသောကြေညာချက်တွင် Myanmar Metals ကို ဝယ်ယူသိမ်းပိုက်ရန် ကမ်းလှမ်းချက် Yintai Gold ထံမှ ရရှိထားကြောင်း Myanmar Metals ၏  executive chairman နှင့် chief executive ရာထူးတာဝန်များ ထမ်းဆောင်နေသော John Lamb က တင်ပြထားသည်။
Myanmar Metals သည် ဝန်းသို ကြေးနီနှင့် ရွှေ စီမံကိန်းကို ဝယ်ယူရန် ကမ်းလှမ်းချက်ကို ရပ်ဆိုင်းထားသည်။ သီးခြား ရွှေစီမံကိန်းကို Locrian Precious Metals နှင့် လုပ်ကိုင်မည် ဖြစ်သည်။ 
Yintai Gold က ရှယ်ယာတစ်ခုလျှင် ၃.၅ ဆင့်ဖြင့် ကမ်းလှမ်းခဲ့သည်။  Myanmar Metals က ရှယ်ယာအရောင်းအဝယ် မရပ်တန့်ခင်က ရှယ်ယာတစ်ခုလျှင် ၇ ဆင့် ပေါက်ဈေး ရှိခဲ့သည်ဖြစ်ရာ ထက်ဝက်ဈေးဖြင့် ဝယ်ယူရန် ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။ 

အလွတ်သဘော ကမ်းလှမ်းချက်အရ Myanmar Metals တန်ဖိုးမှာ ဒေါ်လာ ၆၇ သန်း ဖြစ်သည်။ ယခင်ဈေးကွက်တန်ဖိုး ဖြစ်သော ဒေါ်လာ ၁၃၃ သန်း၏ ထက်ဝက်ဖြစ်သည်။ 
ကမ်းလှမ်းချက်သည် အလွတ်သဘော ကမ်းလှမ်းခြင်းဖြစ်ပြီး တရားဝင် ကမ်းလှမ်းခြင်း မပြုရသေးပေ။ 

တရားဝင်ကမ်းလှမ်းချက် ဖြစ်လာဖို့မှာ ကွင်းဆင်းကြည့်ရှုခြင်း၊ ဥပဒေကြောင်းအရနှင့် ဘဏ္ဍာရေးအရ အတည်ပြုခြင်း အစရှိသည့် လုပ်ငန်းစဉ်များ လုပ်ဆောင်ရန်လိုအပ်ပြီး လောလောဆယ်တွင် နိုင်ငံရေးနှင့် ကိုဗစ် အခြေအနေများကြောင့် ကွင်းဆင်းကြည့်ရှုလေ့လာဖို့အတွက် စီစဉ်ပေးနိုင်ဦးမည် မဟုတ်ကြောင်း  Myanmar Metals က ဆိုသည်။ Yintai မှ တရားဝင်ကမ်းလှမ်းချက် ပြုနိုင်စေရေးအတွက် လုပ်ဆောင်ပေးရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို Myanmar Metals က ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

Myanmar Metals တွင် ဘော်တွင်းအတွက် ရန်ပုံငွေတွင် ရင်းနှီးမြှုပ်နှံမှုပြုထားသဖြင့် အစုရှယ်ယာ ၁၈% ပိုင်ဆိုင်ထားသည့် Broken Hill Mine, Perilya Ltd ၏ ကျောထောက်နောက်ခံ ပိုင်ရှင်သည်  Yintai ဖြစ်သဖြင့်  Yintai သည် Myanmar Metals တွင် ရှယ်ယာများ ပိုင်ဆိုင်ထားသည်ဟု ဆိုရမည် ဖြစ်သည်။ 


Yintai 
Yintai ကို ၁၉၉၇ ခုနှစ်တွင် Shen Guojun က ထူထောင်ခဲ့သည်။ Shen Guojun ၏ အသားတင်တန်ဖိုးသည် Forbes ၏ အဆိုအရ အမေရိကန်ဒေါ်လာ ၅.၄ ဘီလျံ ရှိသည်။ Yintai Group သည် လက်လီအရောင်း၊ အိမ်ရာဖွံ့ဖြိုးရေး၊ ခရီးသွားလုပ်ငန်း၊ ဘဏ္ဍာရေးနှင့် သတ္တုတွင်း လုပ်ငန်းတို့ကို လုပ်ကိုင်လျက် ရှိသည်။ 
Yintai Gold  သည်  Yintai Group လက်အောက်ခံ လုပ်ငန်း ဖြစ်သည်။ Yintai Gold သည်  Shenzhen Stock Exchange တွင် စာရင်းဝင်လုပ်ငန်းဖြစ်ပြီး ဈေးကွက်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄.၃ ဘီလျံ ရှိသည်။ တရုတ်နိုင်ငံတွင် ရွှေတွင်းလုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည်။ ကနေဒါနိုင်ငံမှ Eldorado Gold Corp လုပ်ကိုင်နေသည့် ရွှေတွင်းများကို ၂၀၁၆ ခုနှစ်တွင် ဝယ်ယူပြီး ဆက်လက်လုပ်ကိုင်နေခြင်း ဖြစ်သည်။ 
Shen Guojun သည် တရုတ်ကွန်မြူနစ်ပါတီတွင် အမျိုးသားမူဝါဒများကို လမ်းညွှန်ပေးနေသူဖြစ်သည်။ သူသည် လက်လီအရောင်းနှင့် ဈေးဆိုင်တန်းများ လုပ်ကိုင်သော InTime ကို ထူထောင်ခဲ့သူလည်း ဖြစ်သည်။ ၎င်းလုပ်ငန်းကို ဂျက်မား ဉီးစီးသည့် Alibaba Group က ၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၂.၆ ဘီလျံဖြင့် ဝယ်ယူသိမ်းပိုက်ခဲ့သည်။ 

Bawdwin 

ရှမ်းပြည်နယ်တွင် တည်ရှိသော ဘောတွင်းသည် ငွေ၊ခဲနှင့် ဇင့် သတ္တုရိုင်းများ ထုတ်လုပ်သည့် သတ္တုတွင်း ဖြစ်သည်။ 

လက်ရှိတွင် Myanmar Metals သည် Bawdwin စီမံကိန်းတွင် ရှယ်ယာဝေစု ၅၁% ကို ပိုင်ဆိုင်ထားသည်။ Myanmar Metals နှင့် ဖက်စပ်လုပ်ငန်း လုပ်ကိုင်သည့် ပြည်တွင်းလုပ်ငန်းများမှာ  EAP Global Mining နှင့်  Win Myint Mo Industries တို့ဖြစ်သည်။ 

ဘော်တွင်းသည် တစ်ချိန်တစ်ခါက ဗြိတိသျှတို့၏ အကြီးမားဆုံး သတ္တုတွင်းများတွင် တစ်ခု အပါအဝင် ဖြစ်ခဲ့သည်။ ဗြိတိသျှ ကိုလိုနီလက်အောက် မရောက်ခင်က ဘော်တွင်းကို တရုတ်တို့က လုပ်ကိုင်ခဲ့သည်။ 

 အမေရိကန်သမ္မတ ဖြစ်ဖူးသော ဟာဘတ် ဟူးဗာက ၂၀ ရာစုအစပိုင်းတွင် လုပ်ကိုင်ခဲ့ဖူးပြီး ထိုစဉ်က ကမ္ဘာပေါ်တွင် အကောင်းဆုံး သတ္တုတွင်းများတွင် တစ်ခု အပါအဝင် ဖြစ်သည်ဟု သတ်မှတ်ခံရသည်။ 


Mark Creasy

Mark Creasy သည် ဩစတေးလျတွင် အကျော်ကြားဆုံးနှင့် အအောင်မြင်ဆုံး သတ္တုသိုက် ရှာဖွေသူ ဖြစ်သည်။ Financial Review Rich List အဆိုအရ Mr Creasy ၏ အသားတင်တန်ဖိုးသည် ဒေါ်လာ ၈၅၇ သန်း ရှိသည်။ သတ္တုတွင်းလုပ်ငန်း စတော့ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံသူဖြစ်သည်။  Myanmar Metals တွင် ရှယ်ယာဝေစု ၁၁% ပိုင်ဆိုင်ထားသည်။ Mr Creasy သည် ဘော်တွင်းတွင် ဇင့်သတ္တု သန့်စင်ထုတ်လုပ်ရန် စိတ်ဝင်စားသဖြင့် ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားခြင်း ဖြစ်သည်။ 
 

Investment/Divestment Read 1277 times