စက်မှုဇုန်စက်ရုံများအား ငွေသားကျပ် သိန်းတစ်ထောင်အထိ ထုတ်ပေးရန် ဗဟိုဘဏ် ညွှန်ကြား


02 April, 2022

စက်မှုဇုန်စက်ရုံများအား ငွေသားကျပ် သိန်းတစ်ထောင်အထိ ထုတ်ပေးရန် ဗဟိုဘဏ် ညွှန်ကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က  ငွေသားစီမံခန့်ခွဲမှုချောမွေ့အဆင်ပြေစေရေးလိုက်နာဆောင်ရွက်ရန် ကိစ္စနှင့် စပ်လျဉ်း၍ ညွှန်ကြားချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။ 


စာအမှတ်၊ မဗဘ/နပတ(စာရင်း) (၁ /၂ဝ၂၂)
ရက်စွဲ ၊ ၂၀၂၂ ခုနှစ် ၊ ဧပြီလ ၁ ရက်
အကြောင်းအရာ။ ငွေသားစီမံခန့်ခွဲမှုချောမွေ့အဆင်ပြေစေရေးလိုက်နာဆောင်ရွက်ရန် ကိစ္စ

ရည် ညွှန်း ချက်။

(၁) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ 
(၁.၃.၂၀၂၁)ရက်စွဲပါစာအမှတ်၊
မဗဘ/နပတ/FIS/ (၂၈/၂၀၂၁)


(၂) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ 
(၂၇.၄.၂၀၂၁) ရက်စွဲပါ
သတင်းထုတ်ပြန်ချက်

(၃) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ 
(၂၈.၇.၂၀၂၁) ရက်စွဲပါ
စာအမှတ် ၊ မဗဘ/နပတ/စာရင်း/ (၁၂၁၈/၂၀၂၁)

(၄) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ 
(၁၅.၁၁.၂၀၂၁) ရက်စွဲပါ
စာအမှတ် မဗဘ/နပတ/စာရင်း/ (၅၁၅/၂၀၂၁)

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များနှင့်ဘဏ်မဟုတ်သည့်ငွေရေးကြေးရေးအဖွဲ့ အစည်းများ၏ ငွေသားစီမံခန့်ခွဲမှုပိုမိုကောင်းမွန်စေရန်အတွက် ငွေသားထုတ်ယူရာတွင် ATM/POS (Card Less Withdraw အပါအဝင်) မှ ငွေသားထုတ်ယူမှုကို တစ်ရက်လျှင် အများဆုံး ကျပ် (၅) သိန်း ၊ ဘဏ်ငွေစာရင်းအသီးသီးမှ ငွေသားထုတ်ယူခြင်းကို လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် တစ်ပတ် လျှင် အများဆုံး ကျပ် (၂၀) သိန်းနှင့် ကုမ္ပဏီ/အဖွဲ့အစည်းများအတွက် တစ်ပတ်လျှင် အများဆုံးကျပ် သိန်း (၂၀၀) အဖြစ် ယာယီလိုက်နာဆောင်ရွက်သွားရန်နှင့် အစိုးရဌာနများ ၊ စီးပွာရေးလုပ်ငန်းကြီး များ၏ လုပ်ခ/လစာများ ၊ ထောက်ပံ့ကြေးငွေများ ၊ ပင်စင်လစာများအတွက် ငွေထုတ်ယူခြင်းကို အထောက်အထားများစိစစ်၍ ဘဏ်များအနေဖြင့် မိမိ၏ငွေကြေးလက်ကျန်အခြေအနေအရ သတ်မှတ်ချက်ထက်ကျော်လွန်၍ ထုတ်ပေးရန် ရည်ညွှန်း (၁) ပါစာဖြင့် ညွှန်ကြားခဲ့ပါသည်။ 

၂။ အများပြည်သူများ Covid-19 ရောဂါကုသရာတွင် အသုံးပြုသည့်ဆေးဝါးများ ၊ အောက်စီ ဂျင် ၊ Oxygen Plant နှင့်ဆက်စပ်ပစ္စည်းများဝယ်ယူခြင်း ၊ ဆေးရုံ ၊ ဆေးခန်းနှင့် Quarantine Center များအတွက် အသုံးစရိတ်ကျခံခြင်းများအတွက် ခိုင်လုံသည့်အထောက်အထားများဖြင့် တင်ပြလာပါက စိစစ်၍ ငွေထုတ်ကန့်သတ်ချက်ထက်ကျော်လွန်ဆောင်ရွက်ပေးရန် ရည်ညွှန်း (၃) ပါ စာဖြင့် အကြောင်းကြားခဲ့ပြီးဖြစ်ပါသည်။

၃။ ယခုအခါ ဘဏ်များ၏ငွေသားစီမံခန့်ခွဲမှုအခြေအနေကောင်းမွန်လာသည့်အပေါ် ဗဟိုဘဏ် မှ ဖြေလျော့ပေးနိုင်သည့်ကိစ္စရပ်များကိုစိစစ်ပြီး အများပြည်သူများငွေသားထုတ်ယူခြင်း ဆောင်ရွက် ရာတွင်အဆင်ပြေစေရန် ရည်ညွှန်း (၁) နှင့် ရည်ညွှန်း (၃) ပါကန့်သတ်ချက်ထက် ကျော်လွန်ခွင့်ပြုသည့်ကိစ္စရပ်များအပြင် အောက်ပါကိစ္စရပ်များအတွက် ယခင်သတ်မှတ်ပမာဏ ကျပ်သိန်း (၂၀) နှင့် ကျပ်သိန်း (၂၀၀) သတ်မှတ်ချက်ကိုကျော်လွန်၍ အောက်ပါသတ်မှတ်ချက်ပမာဏများအတိုင်း တိုးမြှင့်ထုတ်ယူခွင့်ပြုရန်အကြောင်းကြားပါသည်

(က) အစိုးရဌာနများ၏သင်တန်းကျောင်းစရိတ်များ၊ ဆုချီးမြှင့်ငွေများ၊ ဝတ်စုံကြေး များ ၊ နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ချီးမြှင့်ငွေများ ၊ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ငွေ များ၊ ဝန်ထမ်းဆုချီးမြှင့်ငွေများနှင့် ဘာသာရေးဆိုင်ရာအခမ်းအနားများအတွက် ငွေသားထုတ်ယူခြင်းကို တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း (၁,၀၀၀)၊

(ခ) အစိုးရဌာနအသီးသီး၏ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာအသုံးစရိတ်များအတွက် ငွေသားထုတ်ယူမှုကို တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း (၁,၀၀၀) ၊

(ဂ) ပြည်နယ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ အသုံးစရိတ်များ ၊ ဘတ်ဂျက်ငွေ ဖြင့်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း များ၊ ထောက်ပံ့ကြေးများ (ဥပမာ - လူမှုဖူလုံရေးဆိုင်ရာထောက်ပံ့မှုများ ၊ လူထု ဗဟိုစီမံကိန်းထောက်ပံ့မှုများ) နှင့် လျော်ကြေးကိစ္စများအတွက် ငွေသားထုတ် ယူခြင်းကို တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း (၁,၀၀၀) ၊

(ဃ) စက်မှုဇုန်စက်ရုံများ၏ လုပ်ခလစာကိစ္စရပ်များအတွက် ကန့်သတ်ချက်မရှိ ထုတ်ပေးခြင်းအပြင် ကုန်ကြမ်းဝယ်ယူခြင်းအတွက် ငွေသားထုတ်ယူမှုကို မိမိတို့၏ငွေကြေး လွယ်ကူမှုအပေါ်မူတည်၍ တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း (၁,၀၀၀) ၊

(င) ကျန်းမာရေးနှင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များအတွက် အထောက်အထားများ ပြည့်စုံခိုင်လုံပါက လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ဘဏ်စာရင်းအသီးသီးမှငွေသား ထုတ်ယူခြင်းကို တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း (၁၀၀) ၊

၄။ ရည်ညွှန်း (၂) ပါစာအရ ဘဏ်စာရင်းအသစ်သို့ဝင်ရောက်ခြင်းဖြစ်ပါက အပ်နှံသည့် ငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိဘဲ ထုတ်ယူခွင့်ပြုရန်နှင့် ရည်ညွှန်း (၄) ပါစာအရ ရောင်းသူစာရင်းသို့ ငွေသားထည့်သွင်းဆောင်ရွက်ခြင်းများအတွက် New Account များအပေါ် လက်ရှိဆောင်ရွက်ပေးလျက်ရှိသည့်အတိုင်း ငွေသားပေးသွင်းထားသည့်ပမာဏအပေါ် ငွေသား ထုတ်ယူခွင့်အပြည့်အဝရှိပြီး ဘဏ်စာရင်းအဟောင်းသို့ ငွေသားဖြင့်ဝင်ရောက်ခြင်းဖြစ်ပါက ငွေသား ပေးသွင်းသည့်ပမာဏအတိုင်း ငွေသားပြန်လည်ထုတ်ပေးရန် သတ်မှတ်ချက်များပြောင်းလဲမှုမရှိပါ။ 

၅။ ပို့ကုန်ရငွေ (Export Earning) ၊ Non Trade များဖြစ်သည့် ပြည်ပရောက် မြန်မာလုပ်သား များ၏လွှဲပို့ငွေ ( Worker Remittance ) ၊ လစာစရိတ်များ ၊ သင်္ဘောသားလစာများအပြင် နိုင်ငံ တကာအဖွဲ့အစည်းများ ၊ INGO / NGO များမှရရှိသော နိုင်ငံခြားငွေများ၊ တဖက်သတ်လွှဲပြောင်း ပေးချေမှုများအဖြစ် ပြည်ပမှလွှဲပြောင်းပေးပို့လာသောငွေများ ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအဖြစ် (FDI) လွှဲပြောင်းငွေ ၊ ပြည်ပချေးငွေများအဖြစ် ဝင်ရောက်လာသောငွေများအတွက် မြန်မာကျပ်ငွေဖြင့် ပြောင်းလဲခြင်းဖြစ်ပါက New A/C တွင် ငွေသားဝင်သကဲ့သို့ စာရင်းပြောင်းနည်းဖြင့် ထည့်သွင်းပေးရန်နှင့် ငွေသားထုတ်ယူလိုပါက Customer နှင့်ညှိနှိုင်းပြီး ဘဏ်များ၏ငွေသားလွယ်ကူမှုအပေါ် မူတည်၍ ငွေသားထုတ်ပေးနိုင်ရေးစီစဉ်ဆောင်ရွက်ရန်ဖြစ်ပါသည်။

၆။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံတော်အစိုးရ၏ ဒစ်ဂျစ်တယ်စီးပွားရေးအဆောက် အအုံသို့ အသွင်ကူးပြောင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များအား အရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်စေရန်နှင့် ငွေပေးချေမှုစနစ်များပိုမိုထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် အစဉ်တစိုက်ကြိုး ပမ်းလျက်ရှိရာ အများပြည်သူများအနေဖြင့် ငွေသားသုံးစွဲမှုလျော့ချပြီး အီလက်ထရောနစ်ငွေပေး ချေမှုနည်းလမ်းများဖြင့် ပိုမိုပေးချေရေးကို တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ဘဏ်များ အနေဖြင့်လည်းငွေပေးချေမှုစနစ်များ အဆင်ပြေချောမွေ့စေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ထပ်မံအသိပေးအကြောင်းကြားအပ်ပါသည်။ 

၇။ ဤညွှန်ကြားချက်သည် ထုတ်ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။ 

Banking & Loan Read 3560 times