ဆန်စပါး၊ စက်မှုလက်မှုနှင့် အခြားကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး


26 September, 2017

ဒသမအကြိမ်မြောက်အဖြစ် ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် နိုင်ငံတော် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ၏ လစဉ်ပုံမှန် အစည်းအဝေးတွင် စက်မှုလက်မှု လုပ်ငန်းကဏ္ဍ၊ ဆန်စပါးကဏ္ဍ၊ စာပေထုတ်ဝေမှုနှင့် ဖြန့်ချိမှုကဏ္ဍ၊ စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍ၊ ပရိဘောဂ ကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။

ဆန်စပါးကဏ္ဍ

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင် တင်ပြသည်။

ဒေသအခြေပြု လယ်ယာစီးပွားရေး ဝန်ဆောင်မှုစင်တာများအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဦးဆောင်၍ ပြည်နယ်-တိုင်းဒေသကြီး (၁၀) ခုရှိ စီမံကိန်း ၃၃ နေရာတွင် တည်ထောင်နိုင်ရန် လေးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိရာ အစိုးရဌာနများမှ ပူးပေါင်းပါဝင်ပေးပါရန်၊

လယ်ယာသီးနှံဆိုင်ရာ ဓါတ်ခွဲခန်းတည်ထောင်နိုင်ရေးအတွက် လှည်းကူးမြို့၌ မြေနေရာစီစဉ်ပေးပါရန်၊

ဆန်စပါးအရည်အသွေး စံချိန်စံနှုန်းနှင့် ချိန်တွယ်စနစ်အား နိုင်ငံတကာစနစ်နှင့် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေရာတွင် နိုင်ငံတော်အစိုးရမှ ပူးပေါင်းပါဝင်ပေးရန်၊

နှစ်ဖက်အစိုးရများအကြား အရောင်းအဝယ်စာချုပ်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ရောင်းချရာတွင် ကြိုတင်ဝင်ငွေခွန် ၂ % ပေးဆောင်နေရခြင်းအား ပယ်ဖျက်ပေးရန်၊

နိုင်ငံခြားသို့ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ရန်ကုန်မြို့ရှိဆိပ်ကမ်းများအပြင် ပုသိမ်နှင့် စစ်တွေမြို့များရှိ ဆိပ်ကမ်းများအား အသုံးချနိုင်ရေး ဆောင်ရွက်ပေးရန်၊

ပြည်တွင်းလယ်ယာထွက်ကုန်များအနေဖြင့် ပြည်ပစျေးကွက်တစ်ရပ်တည်းကိုသာ အားထားနေရခြင်း၊ ပြည်တွင်း လက်လီလက်ကား စျေးကွက်များအားနည်းနေခြင်း စသည်တို့ကို ဖြေရှင်းပေးနိုင်ရန် ဆန်စပါးမူဝါဒ ပြန်လည် ပြင်ဆင် ရေးဆွဲရန်၊

ပြည်တွင်းကုမ္ပဏီများအနေဖြင့် နိုင်ငံတွင်းရှိ ပြည်ပဘဏ် (၁၃) ဘဏ် ထံမှ ကုန်သွယ်မှုငွေကြေးအထောက်အပံ့ (Trade Financing) နှင့် လုပ်ငန်းငွေကြေးထောက်ပံ့မှု (Corporate Financing) ရရှိနိုင်ရေးအတွက် ဥပဒေဖြင့် ခွင့်ပြုပေးပါရန်၊

ကန်ထရိုက်လယ်ယာစနစ်အဖြစ် တောင်သူလယ်သမားများနှင့် ကုမ္ပဏီများအကြား စာချုပ်ဖြင့် စိုက်ပျိုးထုတ်လုပ်ခြင်းတွင် နိုင်ငံတော်အစိုးရပါ ခုံသမာဓိသဘောဖြင့် ပါဝင်၍ သုံးဦးသုံးဖလှယ်စာချုပ်တွင် ပါဝင်နိုင်ရန်၊

ရန်ကုန်တိုင်းအတွင်းနှင့် အခြားဒေသများတွင် ဆန်၊ စပါးနှင့် အခြား လယ်ယာထွက်ကုန် သိုလှောင်ရုံများ တည်ဆောက်ပြီး တောင်သူလယ်သမားနှင့် ကုန်သည်များအား အခနှုန်းသက်သာစွာဖြင့် ဌားရမ်းပေးနိုင်ရန်၊

အိန္ဒိယမှ ဝယ်ယူမှု လျှော့ချခဲ့သည့် မတ်ပဲအစား ပြည်တွင်၌ နွေစပါးပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် မြစ်ရေတင်စီမံကိန်းများ ဆောင်ရွက်ပေးနိုင်ရန် တင်ပြပါသည်။

စာပေထုတ်ဝေမှုနှင့်ဖြန့်ချိမှုကဏ္ဍ

မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာသာထွန်းဦး တင်ပြပါသည်။

မြန်မာ့စာဖတ်ပရိတ်သတ်များအကြား Social Media အသုံးပြုမှု ပျံ့နှံ့လာမှုကြောင့် စာပေဖတ်ရှုမှုများ နည်းပါးလာသည့်အတွက် နိုင်ငံတကာတွင် အားပေးလုပ်ဆောင်နေသကဲ့သို့ အစိုးရမှ အားပေး ထောက်ပံမှုများ ပြုလုပ်ပေးပါရန်

စာပေလောကတွင် တွေ့ကြုံနေရသော မူပိုင်ခွင့်ဆိုင်ရာ ပြဿနာများအား ဖြေရှင်းပေးရန်

စာအုပ်တန်ဖိုးများ လျော့နည်းသက်သာမှ စာပေဖတ်ရှုသူများ တိုးပွားလာနိုင်မည်ဖြစ်၍ စာအုပ်များ ရောင်းချမှု၊ တင်ပို့မှုများပြုလုပ်ရာတွင် ကုန်သွယ်ခွန် အခွန်အခများကို ကင်းလွတ် (သို့) လျော့ချမှုများ ပြုပေးရန်

နယ်စာဖတ်ပရိသတ်များအတွက် စာတိုက်များမှ တစ်ဆင့် စာအုပ်များကို ပို့ဆောင်ခ သက်သာစွာဖြင့် လွယ်ကူစွာ တင်ပို့နိုင်အောင် ဆောင်ရွက်ပေးပါရန် တင်ပြခဲ့သည်။

စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး

မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း တွဲဖက်အတွင်းရေးမှူး ဦးတင်လှိုင် တင်ပြပါသည်။

စက်မှုဇုန်များတွင် ကြံုတွေ့နေရသော အခြေခံအဆောက်အအုံ၊ လမ်း၊ တံတား၊ လျှပ်စစ်၊ အညစ်အကြေးစွန့်ပစ်မှုဆိုင်ရာ အခက်အခဲများအား ဖြေရှင်းခြင်းနှင့် စက်မှုဇုန်အဆင့်မြှင့်တင်ရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စက်မှုဝန်ကြီးဌာန စသည့် အစိုးရဌာနများအကြား ပေါင်းစပ်ညှိနှိုင်းမှု အားနည်းနေပါသဖြင့် သက်ဆိုင်ရာအစိုးရဌာန အသီးအသီး၊ ပုဂ္ဂလိကကဏ္ဍအသင်းအဖွဲ့များနှင့် စက်မှုဇုန်ကော်မတီများပါဝင်သော ဗဟိုဦးဆောင်အဖွဲ့တစ်ရပ် ဖွဲ့စည်းပေးနိုင်ရန်

ပြည်တွင်းထုတ်လုပ်မှု မြင့်တက်လာစေရန်အတွက် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများအား ဦးစားပေးသော အစီအမံများ (Local Preferences) များ စီစဉ်ထားရှိနိုင်ရေး၊ ဥပမာအားဖြင့် အစိုးရဌာနများက ခေါ်ယူသော တင်ဒါများတွင် “နိုင်ငံခြားဖြစ် ပစ္စည်းများသာ” ဟူသော သတ်မှတ်ချက်အား ပယ်ဖျက်ပေးပြီး၊ ကုန်ပစ္စည်းအရည်အသွေးနှင့် အဆင့်သတ်မှတ်ချက်တူညီပါက ပြည်တွင်းထုတ်ပစ္စည်းများအား ဦးစားပေး အသုံးပြုပေးပါရန် တင်ပြပါသည်။

ပရိဘောဂစက်မှုလက်မှုလုပ်ငန်းကဏ္ဍ

မြန်မာနိုင်ငံပရိဘောဂစက်မှုလက်မှုအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းမှ တင်ပြသည်။

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအကြား ပရိဘောဂထုတ်လုပ်တင်ပို့ရောင်းချမှုများ ပြုလုပ်ရာတွင် လာအိုနိုင်ငံပြီးလျှင် ဒုတိယအနည်းဆုံးနိုင်ငံအဖြစ် ရပ်တည်နေကြောင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်ယှဉ်လျှင် ၂၀၁၆ ခုနှစ်တွင် ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၀၆၉.၈ သန်းခန့် တင်ပို့နိုင်ပြီး၊ မြန်မာနိုင်ငံအနေအဖြစ်မူ အမေရိကန်ဒေါ်လာ ၁၅.၂၈ သန်းခန့်သာ တင်ပို့ရောင်းချနိုင်သဖြင့် အလွန်နောက်ကျ ကျန်လျက်ရှိကာ ဖွံ့ဖြိုးတိုးတက်ရန် အလျင်အမြန်ဆောင်ရွက်နိုင်ရေး

ပရိဘောဂလုပ်ငန်းဖွံ့ဖြိုးတိုးတက်လျှင် လုပ်သားများကိုလည်း အလုပ်အကိုင် အခွင့်အလမ်းများစွာ ပံ့ပိုးပေးနိုင်မည်ဖြစ်ပြီး တိုင်းပြည် GDP တက်လာရန် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း

ပြည်တွင်းရှိ ဌာနများအလိုက် ချမှတ်ထားသော ဥပဒေစည်းမျဉ်းများကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့မှု မရှိသေးသဖြင့် ပရိဘောဂ ထုတ်လုပ်တင်ပို့ရောင်းချမှုများနှင့် ပတ်သက်၍ လျှင်မြန်စွာ တင်ပို့ရောင်းချနိုင်ရန်အတွက် ယခုကျင့်သုံးလျက်ရှိသော လုပ်ထုံးလုပ်နည်းများကို လျှော့ပေါ့ပေးရန်

ပရိဘောဂပစ္စည်းများကို ပြည်ပကုန်စည်ပြပွဲသို့ သွားရောက်၍ နမူနာများ ပြသရာတွင် လျှင်မြန်မှုမရှိပဲ ကြန့်ကြာနေသဖြင့် သက်ဆိုင်ရာ ၀န်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အကောက်ခွန်ဌာနတို့ ပူးပေါင်းကာ ပရိဘောဂ ထုတ်လုပ်တင်ပို့ရောင်းချမှုများနှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ပေးရန် တင်ပြခဲ့သည်။

အထွေထွေဆွေးနွေးခြင်း

တောင်သူလယ်သမားများအနေဖြင့် မတ်ပဲအစား၊ စပါးအား လွတ်လပ်စွာ ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် စျေးကွက်သတင်းအချက်အလက်များအား မြို့နယ် ကျေးရွာများအထိရောက်ရှိအောင် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ပညာရေးအစီအစဉ်များ ဆောင်ရွက်နိုင်ရေး၊ ကရင်ပြည်နယ် သံတောင်ဒေသ၌ ပုဂ္ဂလိကလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး၊ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ (SME) ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဖွဲ့စည်းရေး၊ စက်မှုဇုန်များတွင် အညစ်အကြေးစွန့်ပစ်မှုကို စနစ်တကျထိန်းချုပ်စီမံနိုင်ရေး၊ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့တော်ဘဏ်မှတစ်ဆင့် SME များအား ငွေချေးပေးနိုင်ရေးနှင့် ထိုင်းနိုင်ငံနှင့် မြဝတီနယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုစာချုပ်ရေးထိုးရာတွင် ပြည်တွင်းလုပ်ငန်းများအား ထိခိုက်နိုင်မှုလျှော့ချရေး အစီအမံများ ထည့်သွင်းနိုင်ရေး တို့ကိုပါ ဆွေးနွေးခဲ့ကြပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

Local News Read 748 times