သုံးလတာကာလအတွင်း ၁၁ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာသည့် စက်သုံးဆီဈေးနှုန်း


21 August, 2018

သြဂုတ်လအတွင်း ကမ္ဘာ့ရေနံဈေးကဆင်းသော်လည်း ဒေါ်လာဈေးမြင့်တက်ခြင်းကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်း တစ်လီတာကျပ် ၈၅-၉၅ ကြား ဈေးတက်ခဲ့ပြီးမေ ၁၈ ရက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းနီးပါးမှ ၁၁ ရာခိုင်နှုန်းကျော် အထိ မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရပါသည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက်တွင် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ အမြင့်ဆုံးနှုန်းအဖြစ် သတ်မှတ်ထားသော စက်သုံးဆီ လက်လီဈေးများမှာ ဒီဇယ် တစ်လီတာ ကျပ် ၉၇၀ (တစ်ဂါလန် ၄၄၀၃ ကျပ်) ပရီမီယံ ဒီဇယ်တစ်လီတာ ကျပ် ၉၈၀ (တစ်ဂါလန် ၄၄၄၉ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ကျပ် ၉၄၀ (တစ်ဂါလန် ၄၂၆၇ ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၉၈၅ ကျပ် (တစ်ဂါလန် ၄၄၇၁ ကျပ်) ဖြစ်သည်။

နိုင်ငံခြားငွေလဲနှုန်းသည် ဇွန်လမှစတင်၍ သိသိသာသာ မြင့်တက်ခဲ့ပြီး ဇွန် ၁၁ ရက်တွင် ၁၃၄၆ ကျပ်ဝန်းကျင်ဖြစ်ပေါ်နေသော ဒေါ်လာဈေးသည် သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၆၀ အထိ စံချိန်တင်မြင့်တက်ခဲ့ကာ သြဂုတ် ၂၀ ရက် မွန်းလွဲပိုင်းတွင် ၁၅၀၅ ကျပ် ဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။

ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီဈေးနှုန်းသည် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း၊ နိုင်ငံခြားငွေလဲနှုန်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်အပေါ် အခြေခံပြီး ဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခြင်းဖြစ်သည်ဟု စက်သုံးဆီ တင်သွင်းနေသည့်လုပ်ငန်းရှင်များက ဆိုသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်ဈေးနှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့ရေနံဈေးသည် ၁၂ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ဒေါ်လာဈေးသည် နှစ်လကျော်အတွင်း ၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ ထုတ်ပြန်ထားသော သြဂုတ် ၁၇ ရက်အတွင်း ပြည်ပမှဝယ်ယူရသည့် စက်သုံးဆီဈေးနှုန်း (တစ်စည်) MOPS price များမှာ 92 Ron ၈၀ ဒသမ ၈၁ ဒေါ်လာ၊ 95 Ron ၈၃ ဒသမ ၅၀ ဒေါ်လာ၊ ဒီဇယ် ၈၆ ဒသမ ၀၄ ဒေါ်လာ၊ ပရီမီယံဒီဇယ် ၈၆ ဒသမ ၈၂ ဒေါ်လာတို့ဖြစ်သည်။

Eleven media

Local News Read 388 times