အမေရိကန် ရေနံကုမ္ပဏီအပါအဝင် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုကုမ္ပဏီများက မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ဖို့ လာရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ Chevron ရေနံကုမ္ပဏီ၊ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုကုမ္ပဏီ Fedex ၊ ရေဆိုးသန့်စင်လုပ်ငန်းနဲ့ ရေလုပ်ငန်းကုမ္ပဏီ၊ ရာသီဥတု သတင်းအချက်အလက် ဖြန့်ဝေပေးတဲ့ ကုမ္ပဏီတွေ အပါအဝင် ကုမ္ပဏီ (၁၂) ခုက ဧပြီ (၂၉) ရက်မှာ မြန်မာနိုင်ငံသို့ လာရောက်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E.Mr.Scot Marciel ဦးဆောင်ကာ အမေရိကန်ကုန်သည်အသင်းချုပ် အပါအဝင် အဆိုပါကုမ္ပဏီ ၁၂ ခုနဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲကို ဧပြီ (၃၀) ရက်မှာ မြန်မာနိုင်ငံ ကုန်သည်၊ စက်မှုအသင်းချုပ်ရုံးမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
‘‘သံအမတ်ကြီး ကိုယ်တိုင် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဖို့ တောင်းဆိုထားပါတယ်’’ လို့ မြန်မာနိုင်ငံကုန်သည်၊ စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။ အမေရိကန်ကုမ္ပဏီများ လာရောက်ခြင်းဟာ နိုင်ငံရေးအရ မြန်မာနိုင်ငံကို ပစ်ပယ်မထားကြောင်း ပြသခြင်းဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။
ကုမ္ပဏီများက မြန်မာနိုင်ငံဆီ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်နေသလို လာမယ့် ဇွန်လ ဝါရှင်တန်ဒီစီမှာ ပြုလုပ်မယ့် အမေရိကန်ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များကို အမေရိကန်သံအမတ်ကြီးက ဖိတ်ခေါ်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးမှာ အားနည်းချက်များရှိနေတဲ့ ဆိပ်ကမ်းများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်သံအမတ်ကြီးက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီဒုတိယပတ်က နှစ်ကြိမ် ဆွေးနွေးခဲ့ပါတယ်။
ဒါ့ပြင် ငွေကြေးကဏ္ဍအပါအဝင် အခြားရင်းနှီးမြှုပ်နှံမှုများကို အမေရိကန်ကုမ္ပဏီများက မြန်မာနိုင်ငံမှာ ဆောင်ရွက်လိုကြောင်း ဖေဖော်ဝါရီ ၁၄ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် အသင်းဝင်များကို အမေရိကန်သံအမတ်ကြီးက လာရောက်ရှင်းပြခဲ့ပါတယ်။
GE, Pepsi, Coca Cola, KFC စတဲ့ ကုမ္ပဏီများအပါအဝင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ အမေရိကန်ကုမ္ပဏီ စုစုပေါင်း ၂၀ ၊ ဒေါ်လာသန်း ၄၃၀ ကျော် ရှိပါတယ်။
7day daily