ပဲခူးတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ဖြင့် လာ ရောက်ရင်းနှီးလုပ်ကိုင်သော ကုမ္ပဏီ ၁၂၄ ခု တွင် ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီး မြှုပ်နှံသည့် ကုမ္ပဏီပိုမိုများပြားကြောင်း ပဲခူး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ရင်းနှီးမြှုပ်နှံ
********
ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုမှာ ၁၉၈၉ ခုနှစ်မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာအထိ ကုမ္ပဏီ ၈၅ ခုက ရင်းနှီးမြှုပ် နှံငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၁၈ ဘီလီယံရှိပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုမှာ ၁၉၉၄ ခုနှစ်မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာအထိ ကုမ္ပဏီ ၃၉ ခုကရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၉၄၆ ဘီလီယံရှိကြောင်း သိရသည်။"ပြည်တွင်းမြန်မာနိုင်ငံသားနဲ့ ပြည်ပနိုင်ငံ ခြားသားများ လာရောက်ရင်းနှီးလုပ်ကိုင်မှုမှာ ပြည်ပက ပိုများပြားပါတယ်။ နိုင်ငံခြားသားတွေ ပဲခူးတိုင်းဒေသကြီးကို မျက်စိကျတဲ့ အဓိက အချက်ကတော့ လေဆိပ်စီမံကိန်းကိုမျှော် မှန်းပြီး ကြိုတင်ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်ကြ တာပါ။ ဒီအစိုးရလက်ထက်မှာ ပိုမိုများပြား လာပါတယ်။ ကိုယ့်ဒေသအတွက်တော့ အများ ကြီးအထောက်အကူပြုလာပါတယ်"ဟု ပဲခူး တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကို ကိုလတ်က ပြောဆိုသည်။
ပဲခူးတိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှုလာရောက်လုပ်ကိုင်သည့် ပြည်ပနိုင်ငံအများ စုမှာ တရုတ်၊ ထိုင်ဝမ်၊ ဂျပန်၊ စင်ကာပူ၊ ထိုင်း နိုင်ငံတို့ဖြစ်ပြီး စက်မှုကဏ္ဍတွင် အမေရိကန် ဒေါ်လာသန်း ၁၄၀ဝ ကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားကာ ဒုတိယအများဆုံးမှာ ကုန်းတွင်းရေနံလုပ်ငန်းအတွက် အမေရိကန် ဒေါ်လာသန်း ၂၀ဝ ကျော်၊ တတိယအများ ဆုံးမှာ လယ်ယာကဏ္ဍအတွက် အမေရိကန် ဒေါ်လာသန်း ၆၀ ကျော်ဖြစ်ကြောင်း သိရသည်။
စဉ်းစား
*****
"ပဲခူးတိုင်းဒေသကြီးမှာ ပြည်တွင်းလုပ်ငန်း ရှင်များအနေနဲ့ ပထမတော့ အပြည်ပြည်ဆိုင် ရာဟံသာဝတီလေယာဉ်ကွင်းကို မျှော်ကိုးပြီး ရင်းနှီးထားတာများတယ်။ လေယာဉ်ကွင်း ကြီးက ယခုအချိန်ထိ အကောင်အထည်မဖော် သေးတော့ အားလုံးက ရပ်တန့်နေသလိုဖြစ် နေတယ်။ ရင်းနှီးမြှုပ်နှံမှုတွေမှာ အဓိကကတော့ မြေနေရာပါပဲ။ ဒါကို အစိုးရကစီစဉ်ပေးနိုင် သလား၊ အရေးကြီးပါတယ်။ နောက်တစ်ခုက လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်ရအောင် မဆောင်ရွက်ပေးနိုင်တာတွေဟာ လုပ်ငန်းရှင် တွေအတွက် လုပ်ငန်းလုပ်ဖို့စဉ်းစားစေတဲ့ အချက်တွေပါပဲ"ဟု ပဲခူးမြို့မှ လုပ်ငန်းရှင် တစ်ဦးက ပြောဆိုသည်။
ဦးစားပေး
********
တိုင်းဒေသကြီးအစိုးရအနေဖြင့် ပြည်ပမှလာရောက်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများအား ကုန်ကြမ်းယူပြီး ကုန်ချော ပြန်ထုတ်သော လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်း များမှာ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုဖန်တီးပေးနိုင်မည့် လုပ်ငန်း များကို ဦးစားပေးခွင့်ပြုလျက်ရှိကြောင်း သိရသည်။