ဘဲလင်း (၁၄၅) မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံမှ နွေရာသီအမီ ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းနိုင်မည်


08 November, 2018

ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ တစ်ရက်ကုဗပေ ၃၀ သန်းကို အသုံးပြု၍ ဘဲလင်း (၁၄၅) မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံတည်ဆောက်ပြီးစီး၍ လာမည်နှစ် နွေရာသီအမီ နိုင်ငံတော်အတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်တိုအတွင်း ဖြည့်ဆည်းနိုင်မည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။

ဘဲလင်း (၁၄၅) မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသော ဓာတ်အားဝယ်ယူနိုင်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းနှင့် Powergen Kyaukse Company Limited တို့အကြား ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ်(PPA) လက်မှတ်ရေးထိုးခြင်းကို နိုဝင်ဘာ ၆ ရက်က နေပြည်တော် Hilton Hotel ၌ ကျင်းပခဲ့ပါတယ်။

Independent Power Producer (IPP) , Build-Operate-Own(BOO) စနစ်ဖြင့် နိုင်ငံသားနှင့် နိုင်ငံခြားသားတို့ ပူးပေါင်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သော Powergen Kyaukse Company Limited မှ ၂၀၁၈ ခုနှစ်၊ မေလတွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စီးပွားဖြစ် ဓာတ်အားထုတ်လုပ် နိုင်မည်ဖြစ်တယ်။

၎င်းဓာတ်အားပေးစက်ရုံ၏ စက်တပ်ဆင်အင်အားမှာ စုစုပေါင်း (၁၄၇ ဒသမ ၇၆၈) မဂ္ဂါဝပ် (၁၈ ဒသမ ၄၇၁ မဂ္ဂါဝပ် × ၈လုံး) ဖြစ်ပြီး၊ အာမခံထုတ်လုပ်နိုင်မည့် ဓာတ်အားပမာဏမှာ (၁၄၅) မဂ္ဂါဝပ်ဖြစ်၍ ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ယူနစ်သန်းပေါင်း ၁၀၂၀ ဖြစ်ပါတယ်။နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် စီမံကိန်းတစ်ခုဖြစ်သည်။

ဘဲလင်း (၁၄၅)မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဘဲလင်း ဒေသတွင်တည်ရှိသည်။ ၎င်းဓာတ်အားပေးစက်ရုံမှ ဓာတ်အားကို ဘဲလင်းပင်မဓာတ်အားခွဲရုံမှတစ်ဆင့် ကျောက်ဆည်ဒေသနှင့် မန္တလေးဒေသသို့ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါတယ်။နိုင်ငံတော် ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ဓာတ်အားထုတ်လုပ်မည့် စက်ရုံဖြစ်သည်။

နိုင်ငံတော်ဓာတ်အားလိုအပ်ချက်မှာ ၄၅၀ဝ မဂ္ဂါဝပ်ခန့်ရှိပြီး လက်ရှိ ထုတ်လုပ်နိုင်မှုမှာ ၃၃၀ဝ မဂ္ဂါဝပ်ခန့်သာရှိ၍ လိုအပ်ချက်ပြည့်မီရန် လိုနေသေးကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ဓာတ်အားလိုအပ်ချက် မြင့်တက်လာပြီး နောက်ထပ် ၃၀ဝ၀ မဂ္ဂါဝပ် ထပ်မံလိုအပ်မည်ဖြစ်၍ အစိုးရသစ်အနေဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက် ပြည့်မီရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် LNG သုံးဓာတ် အားပေးစက်ရုံများဖြင့် ဓာတ်အားတိုးမြှင့်ထုတ်လုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ်(PPA) လက်မှတ်ရေးထိုးခြင်းအခမ်းအနားတွင် ပြောပြချက်အရ သိရပါတယ်။

 

Local News Read 539 times