(၁၇)ကြိမ်မြောက် အမျိုးသားအဆင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို Video Conferencing ဖြင့် ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ အမှာစကားပြောကြားခဲ့ပြီး ILO ၊ အလုပ်ရှင် အဖွဲ့အစည်းများ နှင့် အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များမှ တာဝန်ရှိသူများမှ တက်ရောက်ဆွေးနွေး ခဲ့ကြသည်။
ကုန်သည်စက်မှုအသင်းချုပ်၏ ဆွေးနွေးတင်ပြခြင်းကို အသင်းချုပ်နှင့် ညီနောင်အသင်းများ၊ ယင်းတို့၏ လုပ်ငန်းရှင်အသင်းဝင်များကိုယ်စား အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် အလုပ်ရှင်ကိုယ်စားလှယ်များမှ တက်ရောက်ဆွေးနွေးခဲ့သည်။
ဆွေးနွေးချက်များမှာ
(၁) လုပ်ငန်းခွင်အတွင်း COVID-19 သံသယလူနာ (သို့မဟုတ်) စောင့်ကြည့်လူနာ တွေ့ရှိခဲ့ပါက လုပ်ငန်းရှင်များအတွက် ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းတိကျသော ညွှန်ကြားချက်များဖြင့် လမ်းညွှန်မှုပြုပါရန်နှင့် အများပြည်သူသိရှိရန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးပါရန်။
(၂) ယခင်ရေးဆွဲခဲ့သော တည်ဆဲအလုပ်သမားဥပဒေများအား ယခုလို ကြိုတင်မျှော်မှန်း မထားသော COVID-19ရောဂါသက်ရောက်မှုများကို နမူနာယူ၍ အခြေအနေနှင့် လိုက်လျော ညီစွာ ပြင်ဆင်ဖြည့်စွက်သင့်ပါကြောင်း (ဥပမာအားဖြင့် အလုပ်ပိတ်သိမ်းလျော်ကြေး၊ အလုပ် ပိတ်ရက်လစာ၊ No Work No Pay Policy)။
(၃) အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးယန္တရားဆောင်ရွက်ချက်များအပေါ် သုံးသပ်ရာ တွင် အလုပ်ရှင်များဘက်မှ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီတို့သည် သက်သေ အထောက်အထား အခိုင်အမာတင်ပြမှုကို အခြေပြု၍ ဆုံးဖြတ်မည်ဟု ယုံကြည်ပါကြောင်း။
(၄) COVID-19 ကူးစက်လူနာဦးရေ များပြားလာခြင်းသည် ဂရုပြုရမည့် အချက်ဖြစ်ပါသည်။ သို့ရာတွင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွင်း အချင်းချင်းကူးစက်မှုကို ယနေ့အထိ မကြားသိရသေးပါကြောင်း၊ ထို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အလုပ် သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ညွှန်ကြားချက်များကို အလုပ်ရှင် ၊ အလုပ်သမား နှစ်ဖက်စလုံး လိုက်နာဆောင်ရွက်ခြင်းဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားအတူတူလက်တွဲ၍ လက်ရှိအခြေအနေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မည် ဖြစ်ကြောင်း။
(၅) COVID-19 ဂယက်ကြောင့် စီးပွားရေးလုပ်ငန်းများ လည်ပတ်ရန် ခက်ခဲနေသည့်အချိန်၊ ဝင်ငွေထွက်ငွေ မမျှနေသည့် အချိန်များတွင် COVID-19 ကြောင့် စက်ရုံ ၊ အလုပ်ရုံများကို ယာယီပိတ်သိမ်းရမည်ဆိုပါက အလုပ်ပိတ်သိမ်းလျော်ကြေးကို ပေးလျော်ရန် မစွမ်းသာသော လုပ်ငန်းများအတွက် နိုင်ငံတော်အစိုးရအနေဖြင့် နည်းလမ်းတစ်ခုခုဖြင့် စဉ်းစားဆောင်ရွက် ပေးပါရန်။
(၆) ယခုလို စီးပွားရေးအကျပ်အတည်းကာလတွင် အနည်းဆုံးလုပ်ခလစာကို လက်ရှိအတိုင်း ဆက်လက်ထားရှိရန်။ စသည်တို့ကိုဆွေးနွေးတင်ပြခဲ့သည်။
ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)