မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၃-၁၁-၂ဝ၂၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ငွေသားဖြင့် ပေးချေမှုကန့်သတ်ချက်အမိန့်ကြော်ငြာစာ ၄၃/၂ဝ၂၁ နှင့်စပ်လျဉ်း၍ မေးမြန်းလာနိုင်သည့် မေးခွန်းနှင့်အဖြေများ
၁။ ငွေသားပမာဏကန့်သတ်ရသည့် ရည်ရွယ်ချက်ကို သိလိုပါသည်။
ဖြေ။ ငွေသားစီမံခန့်ခွဲမှုကောင်းမွန်စေရန်၊ နိုင်ငံတော်အစိုးရ၏ဒစ်ဂျစ်တယ်စီးပွားရေးအဆောက်အအုံသို့ အသွင်ကူးပြောင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များ ပံ့ပိုးနိုင်ရန်၊ ငွေပေးချေမှုစနစ်များ အဆင်ပြေချောမွေ့စေရန်နှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။
၂ တစ်ကြိမ်လျှင် ငွေသားဖြင့်ပေးချေမှုကို ကျပ်သိန်း ၂၀၀ ထက်မပိုစေရ ဆိုသည်မှာ မည်သည်ကို ဆိုလိုပါသနည်း?
ဖြေ။ တူညီသည့်ကုန်ပစ္စည်းကို အရောင်းအဝယ်ပြုလုပ်ရာ၌ တစ်ကြိမ်လျှင် လူတစ်ဦး/ အဖွဲ့ အစည်းတစ်ခုမှ ငွေသားဖြင့်ပေးချေနိုင်သည့် ပမာဏမှာ ကျပ် သိန်း ၂၀၀ သာ ဖြစ်ပါသည်။ ယင်းထက်ပိုသည့်ပမာဏအား ဘဏ်စနစ်အသုံးပြု၍ ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများ ဖြစ်သော မိုဘိုင်းဘဏ်လုပ်ငန်း (Mobile Banking)၊ အင်တာနက်ဘဏ်လုပ်ငန်း (Internet Banking) ဖြင့် ပေးချေခြင်း၊ ဘဏ်ကတ်များဖြင့် ပေးချေခြင်း၊ ချက်လက်မှတ်/ ငွေပေး အမိန့်လွှာ(PO)များဖြင့်ပေးချေခြင်း၊ စာရင်းပြောင်းပေးချေခြင်း (Account Transfer) နည်းလမ်းများဖြင့် ဆောင်ရွက်ရပါမည်။
၃။အခြေပစ္စည်းတွင် မည်သည့်ပစ္စည်းအမျိုးအစားများပါဝင်ပါသလဲ?
ဖြေ။ ၁၉၇၄ ခုနှစ် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (ထ)တွင် သတ်မှတ်ထားသည့်အတိုင်း ဖြစ်ပါသည်။ အခြေပစ္စည်းတွင် မြေ၊ အဆောက်အအုံယာဉ်နှင့် လုပ်ငန်းဆိုင်ရာ မတည် ပစ္စည်းတို့ပါဝင်ပြီး ယင်းတွင် အစုရှယ်ယာနှင့် ကတိဝန်ခံချုပ် (Promissory Note) တို့ အပြင် ယင်းတို့ကဲ့သို့သော အလားတူစာချုပ်စာတမ်းများလည်းပါဝင်ပါသည်။
၄။ ကုန်ပစ္စည်းမှာ ဘာတွေပါပါသလဲ?
ဖြေ။ ကုန်ပစ္စည်းတွင် ပြည်ပမှတင်သွင်းသောပစ္စည်း သို့မဟုတ် ပြည်တွင်း၌ထုတ်လုပ်သော ပစ္စည်းအမျိုးမျိုးပါဝင်ပါသည်။ (ဥပမာ- ရွှေနှင့်ရွှေထည်ပစ္စည်း၊ စက်သုံးဆီ၊ စားသုံးဆီ၊ ဆောက်လုပ်ရေးသုံးပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ စသည်တို့ပါဝင်ပါသည်)
၅။ ဝန်ဆောင်မှုမှာ ဘာတွေပါပါသလဲ?
ဖြေ။ ဝန်ဆောင်မှုတွင် ပညာရေး၊ ကျန်းမာရေးစရိတ်များ၊ အာမခံကြေးများ၊ လျှပ်စစ်မီတာခ၊ Wedding. Packages၊ ခရီးသွားအပန်းဖြေမှုကိစ္စရပ်များစသည်ဖြင့် ဝန်ဆောင်မှုအမျိုး အစားအားလုံး ပါဝင်ပါသည်။
၆။ အခြားငွေပေးချေမှုများတွင် မည်သည့်ကိစ္စရပ်များပါဝင်သနည်း?
ဖြေ။..ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုတို့နှင့်သက်ဆိုင်ခြင်းမရှိသည့်အခြားပေးချေမှုများကိုဆိုပါသည်။ (ဥပမာ- အခွန်အကောက်များပေးဆောင်ခြင်း စသည်တို့ပါဝင်သည်)
၇.. ငွေသားပေးချေမှုအပေါ်ကန့်သတ်ချက်သည် မည်သူတို့ လိုက်နာရန်လိုအပ်သနည်း?
ဖြေ။ လူပုဂ္ဂိုလ်အချင်းချင်း (Person to Person)၊ လူပုဂ္ဂိုလ်မှ စီးပွားရေးလုပ်ငန်း (Person to Business)၊ စီးပွားရေးလုပ်ငန်းအချင်းချင်း (Business to Business)၊ စီးပွားရေးလုပ်ငန်းမှ လူပုဂ္ဂိုလ် (Business to Person) နှင့် အစိုးရအဖွဲ့အစည်းမှ စီးပွားရေးလုပ်ငန်းများ (Government to Business)၊ အစိုးရအဖွဲ့အစည်းအချင်းချင်း (Government to Government)၊ စီးပွားရေးလုပ်ငန်းများမှ အစိုးရအဖွဲ့အစည်း (Business to Government)၊ အသင်းအဖွဲ့များအားလုံးလိုက်နာဆောင်ရွက်ရပါမည်။ (ဘဏ်နှင့် ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့အစည်းများအကြား Transaction များ မပါ)
၈ လွှဲပြောင်းခြင်းအတွက် ငွေပေးချေမှုဆိုတာ ဘာကိုဆိုလိုပါသလဲ?
ဖြေ။ အခြေပစ္စည်းပါ အစုရှယ်ယာနှင့် ကတိဝန်ခံချုပ်(Promissory Note)တို့ကဲ့သို့သော စာချုပ် စာတမ်းများအား လွှဲပြောင်းခြင်းအတွက် ငွေပေးချေမှုဆောင်ရွက်ခြင်းကို ဆိုလိုပါသည်။
၉။ ကျပ်သိန်း ၂၁၀ တန်ဖိုးရှိသည့် ကုန်ပစ္စည်းအား ငွေသားဖြင့်ပေးချေ၍ ဝယ်ယူလို့ရပါသလား?
ဖြေ။ မရပါ။ ပေးချေရာ၌ ကျပ်သိန်း ၂၁၀ အား ဘဏ်သို့ ပေးသွင်းပြီး Payment Order (PO) ဝယ်ယူခြင်း၊ Certified Cheque များ ဝယ်ယူခြင်း၊ ရောင်းသူတွင်ဘဏ်စာရင်းရှိပါက ငွေသားပေးသွင်းပြီးကြောင်း ... အထောက်အထားများရယူပြီး အရောင်းအဝယ်ပြုလုပ်နိုင် ပါသည်။ ငွေသားဖြင့်ပေးလိုပါက ကျပ်သိန်း ၂၀၀ ကို ငွေသားဖြင့်ပေးချေ၍ ကျန်ပမာဏကို ဘဏ်စနစ်အသုံးပြု၍ (ဥပမာ - ချက်လက်မှတ်) ပေးချေဝယ်ယူနိုင်ပါသည်။
၁၀။ ကျပ်သိန်း ၁,၀၀၀ တန်ဖိုးရှိသည့် ရွှေနှင့်ရွှေထည်ပစ္စည်းကိုဝယ်ယူလိုပါသည်။ ငွေပေးချေ ရာတွင် ငွေသားဖြင့် ကျပ်သိန်း ၂ဝဝ အား ၅ ကြိမ်ခွဲ၍ ပေးချေ၍ ရပါသလား?
ဖြေ။ မရပါ။ တူညီသည့်ကုန်ပစ္စည်းကို အရောင်းအဝယ်ပြုလုပ်ရာ၌ တစ်ကြိမ်လျှင် လူတစ်ဦး အဖွဲ့အစည်းတစ်ခုမှ ငွေသားဖြင့်ပေးချေနိုင်သည့် ပမာဏမှာ ကျပ်သိန်း ၂၀၀ သာ ဖြစ်ပါ သည်။ ယင်းထက်ပိုသည့် ပမာဏအား ဘဏ်စနစ်အသုံးပြု၍ ဆောင်ရွက်ရပါမည်။ တစ်နေ့တာအတွင်း လူတစ်ဦး အဖွဲ့အစည်းတစ်ခုက တူညီသည့်ကုန်ပစ္စည်း/ဝန်ဆောင်မှု ဝယ်ယူခြင်းအတွက် ငွေသားဖြင့် အလီလီခွဲ၍ပေးချေခြင်းကို ပေးချေမှုတစ်ကြိမ်အဖြစ် မှတ်ယူရမည်။
၁၁။ ကျပ်သိန်း ၂,၀၀၀ တန် တန်ဖိုးရှိ လယ်ယာမြေကွက်ကို ဝယ်ယူလိုပါသည်။ လက်ထဲ၌ ကျပ်သိန်း ၂,၀၀၀ ရှိပါသည်။ ဘဏ်စာရင်းဖွင့်ထားခြင်းမရှိပါ။ နယ်မှာနေပါသည်။ မည်သို့ ငွေပေးချေရပါမည်နည်း?
ဖြေ။ ဘဏ်စာရင်းမရှိပါက နီးစပ်ရာဘဏ်၌ ငွေသားပေးသွင်း၍ Payment Order (PO) ဝယ်ယူခြင်း၊ Certified Cheque များ ဝယ်ယူခြင်း၊ ရောင်းသူတွင် ဘဏ်စာရင်းရှိပါက ငွေသားပေးသွင်းပြီးကြောင်း အထောက်အထားများရယူပြီး အရောင်းအဝယ်ပြုလုပ်နိုင် ပါသည်။ ငွေပေးချေသူများသည် ဘဏ်များနှင့်ချိတ်ဆက်ထားသော Mobile Banking Agent များမှလည်းကောင်း၊ Wave Money, OK$စသည့် Mobile Firnancial Services များ မှတစ်ဆင့်လည်းကောင်း ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင် ပါသည်။
၁၂။ ကျပ်သိန်း ၃၀၀ ကို ရန်ကုန်မှ မန္တလေးသို့ ငွေလွှဲပြီးပါက မန္တလေးတွင် ငွေသားထုတ်ယူ၍ ရပါသလား?
ဖြေ။ ရပါသည်။
၁၃။ မိမိဘဏ်အပ်ငွေစာရင်းထဲသို့ ငွေသားဖြင့် ကျပ်သိန်း ၅၀၀ ထည့်သွင်း၍ ရပါသလား?
ဖြေ။ ရပါသည်။
၁၄။ ချေးငွေကျပ်သိန်း ၁,၀၀၀ ငွေသားဖြင့် ပေးဆပ်၍ ရပါသလား?
ဖြေ။ ရပါသည်။
၁၅။ ကျပ်သိန်း ၅၀၀ တန်ဖိုးရှိ မော်တော်ယာဉ်ကို ငွေသားဖြင့် လစဉ်အရစ်ကျငွေပေးချေမှုဖြင့် ဝယ်ယူ၍ ရပါသလား?
ဖြေ။ ဘဏ်မှတစ်ဆင့် အရစ်ကျချေးငွေရယူ၍ လစဉ်ငွေသားဖြင့်ပေးဆပ်မည်ဆိုပါက ရပါသည်။
၁၆။ ရောင်းသူအနေဖြင့် ဒစ်ဂျစ်တယ်နည်းစနစ်ဖြင့်ရောင်းချမှုအတွက် ဘဏ်မှ ငွေသားထုတ်ယူ ရရှိနိုင်မှုအပေါ်သိရှိလိုပါတယ်။
ဖြေ။ ရောင်းသူ၏ ဘဏ်စာရင်း New Account ထဲသို့ ဝယ်ယူသူမှ ဒစ်ဂျစ်တယ်နည်းစနစ်ဖြင့် ငွေပေးချေပါက တန်ဖိုး၏ ၅၀% ကို ငွေသားဖြင့် ထုတ်ယူနိုင်ပြီး ၊ ကျန်ရှိသည့် ၅၀% ကို ရက်ပေါင်း ၃၁ ရက်မှ ၄၅ ရက်အတွင်း ရောင်းသူ၏ဆန္ဒအပေါ်မူတည်၍ ငွေသား ထုတ်ယူရရှိနိုင်ပါသည်။ အကယ်၍ရောင်းသူ၏ဘဏ်စာရင်း Old Account ထဲသို့ ဝယ်ယူ သူမှ ဒစ်ဂျစ်တယ်နည်းစနစ်ဖြင့် ငွေပေးချေပါက တန်ဖိုး၏ ၂၅% ကို ငွေသားထုတ်ယူခွင့် ရှိပါသည်။
၁၇။ တောင်သူလယ်သမားက ရောင်းချသည့် ဆန်၊ ပဲ၊ နှမ်း၊ ပြောင်း၊ ငရုတ် ၊ ကြက်သွန်များကို လက်ခွဲဒိုင်များဖွင့်လှစ်၍ ဝယ်ယူရသည့်ကိစ္စရပ်များရှိပါသည်။ ယခု ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာသည် ယင်းကိစ္စရပ်များအတွက် ငွေပေးချေမှုများအပေါ် အကျုံးဝင်မှု ရှိ၊ မရှိ သိရှိလိုပါတယ်။
ဖြေ။ ဤအမိန့်ကြော်ငြာစာ မထုတ်ပြန်မီကတည်းက တောင်သူလယ်သမားများ၏ ဈေးကွက်ကို မေးမြန်းစုံစမ်းထားပြီးဖြစ်ပါသည်။လက်တွေ့တွင်တောင်သူတစ်ဦးချင်းအလိုက်ရောင်းချသည့် ဆန်ပဲ၊ နှမ်း၊ ပြောင်း၊ ငရုတ် ၊ ကြက်သွန်များသည် ကျပ် သိန်း ၂၀၀ ထက်မပိုသည်ကို သိရှိရသည့်အတွက် ငွေသားဖြင့်ပေးချေမှု ကန့်သတ်ချက်အတွင်း ဆောင်ရွက်နိုင်ပါသည်။
၁၈။ ရန်ကုန်မှာရှိသည့် ကုန်စည်ဒိုင်တစ်ခုသည် ဝယ်ယူလိုသည့် ကုန်စည်များအတွက် မန္တလေးရှိ ကုန်စည်ဒိုင်သို့ ဘဏ်မှတစ်ဆင့် ငွေသားဖြင့် ငွေလွှဲပေးပို့ပြီး ဆန်၊ ပဲ၊ နှမ်း၊ ပြောင်း၊ ငရုတ် ၊ ကြက်သွန်များကို ဝယ်ယူလိုပါက မည်သို့ဆောင်ရွက်ရမည်နည်း
ဖြေ။ ရန်ကုန်မှမန္တလေးသို့ ဘဏ်အသုံးပြုပြီး ငွေသားဖြင့်ငွေလွှဲခြင်းဖြစ်၍ မန္တလေးတွင် ငွေသား အပြည့်အဝ ထုတ်ယူခွင့်ရှိပါသည်။ ဘဏ်စနစ်သုံးပြီး ငွေလွှဲထုတ်ယူပြီးပါက မန္တလေးရှိ ကုန်စည်ဒိုင်သည် ဆန်၊ ပဲ၊ နှမ်း၊ ပြောင်း၊ ငရုတ်၊ ကြက်သွန်များကို တောင်သူတစ်ဦးချင်းစီမှ ဝယ်ယူခြင်းမှာ လေ့လာချက်များအရ တစ်နေ့လျှင် ကျပ်သိန်း ၂၀၀ ထက်မပိုသဖြင့် အဆင်ပြေစွာဆောင်ရွက်နိုင်ပါသည်။
၁၉။ လူပုဂ္ဂိုလ်တစ်ဦးတည်းမှ ကျပ်သိန်း ၂၀၀ တန်ဖိုးရှိ တိုက်ခန်းနှင့် ကျပ်သိန်း ၂၀၀ တန်ဖိုးရှိ ကားအား တစ်နေ့တည်းတွင် ငွေသားဖြင့် ပေးချေဝယ်ယူ၍ ရပါသလား?
ဖြေ။ ရပါသည်။ ဝယ်ယူသည့် ကုန်ပစ္စည်းအမျိုးအစား မတူသောကြောင့် ငွေသားဖြင့် ပေးချေ၍ ရပါသည်။
၂၀။ ပစ္စည်းရောင်းချသည့်လူပုဂ္ဂိုလ်အနေဖြင့် လက်ခံရရှိထားသည့် ကျပ်သိန်း ၂၀၀ ကျော်လွန် သောတန်ဖိုးကို ဘဏ်စာရင်းမှ ငွေသားဖြင့် ထုတ်ယူ၍ရပါသလား?
ဖြေ။ လက်ဝယ်၌ငွေသားအများအပြား ကိုင်ဆောင်ထားခြင်းသည် အန္တရာယ်များရှိနိုင်သည်ကို သတိပြုမိစေလိုပါသည်။ ရောင်းချသူအနေဖြင့် ဘဏ်စာရင်းမှ ငွေသားပြန်လည်ထုတ်ယူ လိုပါက ဘဏ်စာရင်းသစ်ဖွင့်လှစ်ထားသူများအနေဖြင့် အဆိုပါစာရင်းသို့ ငွေသားသွင်း ထားသည့် ပမာဏအတိုင်း ပြန်လည်ထုတ်ယူခွင့်ရှိပြီး ဒစ်ဂျစ်တယ်ငွေပေးချေမှုများဖြင့် ရရှိ ထားပါက ၅၀ % ကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ခွဲ၍ ငွေသားထုတ်ယူနိုင်ပါသည်။ လုပ်ခ၊ လစာ၊ ထောက်ပံ့ငွေများ၊ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးကိစ္စရပ်များအတွက် ဘဏ်၏ ငွေသားလက်ကျန်ပေါ်မူတည်၍ ကန့်သတ်ချက်မရှိထုတ်ယူနိုင်ပါသည်။
၂၁။ ကုန်ပစ္စည်းရောင်းချရာတွင် ကျပ်သိန်း ၂၀၀ ကျော်လွန်သည့်ပမာဏအား ငွေသားဖြင့် ရောင်းချခဲ့ကြောင်း စစ်ဆေးတွေ့ရှိပါက ဘယ်လိုအရေးယူခြင်းခံရမလဲ?
ဖြေ။..ဤအမိန့်ကြော်ငြာစာနှင့်ဆက်စပ်သည့် အစိုးရဌာနအဖွဲ့အစည်းများ၊ ကြီးကြပ်ရေးအာဏာ ပိုင်အဖွဲ့အစည်းများမှ လိုအပ်သလိုကြီးကြပ်စစ်ဆေး အရေးယူဆောင်ရွက်သွားပါမည်။
၂၂။ ယခုကဲ့သို့ ငွေသားပမာဏကန့်သတ်ခြင်းကို အခြားနိုင်ငံများတွင် ဆောင်ရွက်ပါသလား?
ဖြေ။ ရှိပါသည်။ မလေးရှား၊ အိန္ဒိယ၊ ဩစတြေးလျ စသည်နိုင်ငံများတွင် ဆောင်ရွက်လျက်ရှိ ပါသည်။
၂၃။ ရောင်းချသူသည် ဒစ်ဂျစ်တယ်ပေးချေမှုကို လက်မခံပါက မည်သို့ဆောင်ရွက်မည်နည်း?
ဖြေ။ ရောင်းချသူမှ လက်မခံကြောင်း စစ်ဆေးပေါ်ပေါက်ပါက ဤအမိန့်ကြော်ငြာစာပါ တည်ဆဲ ဥပဒေတစ်ရပ်ရပ်အရ အရေးယူမှုခံရနိုင်ပါသည်။ ရောင်းချသူသည် ဒစ်ဂျစ်တယ်ပေးချေမှုကို လက်ခံခြင်းဖြင့် ငွေသားပြန်လည်ထုတ်ယူခွင့်နှင့် အခြားအကျိုးခံစားခွင့်များဖြစ်သည့် အိမ်ခြံမြေ၊ ကား အမည်ပေါက်ပြောင်းခြင်း၊ အခွန်ပေးဆောင်ခြင်းတို့တွင် ဘဏ်စနစ်ဖြင့် ဆောင်ရွက်သည့်အထောက်အထားပြသနိုင်မှသာ အစိုးရဌာနများမှ ခွင့်ပြုမည်ဖြစ်ပါသည်။
၂၄။ ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာသည် ဗဟိုဘဏ်က ရောင်းပေးသော ဒေါ်လာကို A/C Transfer ဖြင့်ဝယ်လိုရမည့် သဘောလား? ဖြေပေးစေလိုပါသည်။
ဖြေ။ ဗဟိုဘဏ်က ငွေသားဖြင့် ပေးချေမှုကန့်သတ်ချက်သည် ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့ အစည်းများအကြား ဆောင်ရွက်သည့် Transaction များ အကျုံးမဝင်ပါ။ FX Auction က ရောင်းပေးသည့် ဒေါ်လာကို Account Transfer နည်းလမ်းဖြင့် ရောင်းရမယ်လို့ စာထုတ် ပြန်ထားပြီးဖြစ်ပါတယ်။ Account ဆိုရာ၌ ငွေသားဖြင့်.. ထုတ်လို့ရသည့် Account အသစ်ရော Account အဟောင်းပါ ပါဝင်ပါတယ်။ ဒေါ်လာရောင်းဝယ်မှုနှင့်ပတ်သက်၍ ဘဏ်များ၏ Cash Liquidity Management အခြေအနေအရ ငွေသားလိုအပ်လို့ ရောင်းသူနှင့်ဝယ်သူအဆင်ပြေရင်ငွေသားဖြင့်လည်းဆောင်ရွက်လို့ရပါတယ်။လက်တွေ့မှာ ငွေသားနှင့် Account Transfer အချိုး အမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။