ရောင်းဝယ်လွှဲပြောင်း ကျပ်သိန်း ၂၀၀ ကျော်လျှင် ဘဏ်စနစ် သုံးရမည်ဟု အမိန့်စာထုတ်ပြန်


04 November, 2021

ရွှေ၊ အိမ်ခြံမြေနှင့် ကုန်စည် ရောင်းဝယ်ရာတွင် ငွေသားသုံးစွဲပြီး အများဆုံး ပေးချေနိုင်သော ငွေသားပမာဏ သတ်မှတ်ထားပြီး သတ်မှတ်ပမာဏ ကျော်လွန်ပါက ဘဏ်စနစ်အသုံးပြုပြီးပေးချေစေရန်အတွက် အစည်းအဝေး ကျင်းပခဲ့သည်ဟု သိရပါသည်။
အဆိုပါ အစည်းအဝေးသို့  ပြည်တွင်းအခွန်၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့အပါအဝင် ရွှေလုပ်ငန်းရှင်များအသင်း၊အိမ်ခြံမြေ၀န်ဆောင်မှုအသင်း၊ဘဏ်အသင်း၊ ကုန်သည်စက်မှုအသင်းချုပ်နဲ့ ဗဟိုဘဏ် ဒုဥက္ကဌဒေါ်သန်းသန်းဆွေတို့ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးခဲ့ကြသည်ဟု သိရပါသည်။ 


ယခုအခါ ငွေပေးချေမှုများ ပြုလုပ်ရာ တွင် တစ်ကြိမ်လျှင် ငွေသားဖြင့် ပေးချေမှုကို ကျပ်သိန်း ၂၀၀ ထက်မပိုစေရဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက် ရက်စွဲဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်ထားပါသည်။

အဆိုပါ အမိန့်ကြော်ငြာစာတွင် အိမ်၊ ခြံ၊ မြေ စသော အခြေပစ္စည်းနှင့် ကုန်ပစ္စည်းရောင်းခြင်း၊ ဝယ်ခြင်း၊ လွှဲပြောင်းခြင်း များအတွက် ငွေပေးချေမှု၊ ဝန်ဆောင်မှုအတွက် ငွေပေးချေမှုနှင့်အခြားငွေပေးချေမှုများ ပြုလုပ်ရာ တွင် တစ်ကြိမ်လျှင် ငွေသားဖြင့် ပေးချေမှုကို ကျပ်သိန်း ၂၀၀ ထက်မပိုစေရဟု ကန့်သတ်ထားပါသည်။
အကယ်၍ ထိုပမာဏထက် ပိုများနေသည်ဆိုပါက မည်သည့်ပေးချေမှုများအတွက်မဆို ဘဏ်စနစ်အသုံးပြု၍ ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းများဖြစ်သော

  • မိုဘိုင်းဘဏ်လုပ်ငန်း (Mobile Banking)၊
  • အင်တာနက်ဘဏ်လုပ်ငန်း (Internet Banking) ဖြင့် ပေးချေခြင်း၊
  • ဘဏ်ကတ်များဖြင့် ပေးချေခြင်း၊
  • ချက်လက်မှတ်/ငွေပေး အမိန့်လွှာ (PO) များဖြင့် ပေးချေခြင်း၊
  • စာရင်းပြောင်းပေးချေခြင်း (Account Transfer) နှင့်
  • ငွေသားဖြင့် ဘဏ်သို့ပေးသွင်းပြီး ငွေပေးသွင်းပြီးကြောင်း စာရွက်စာတမ်းအထောက်အထားများ တင်ပြ၍ ငွေပေးချေခြင်း

နည်းလမ်းများကို အသုံးပြုရမည်ဟု ဖော်ပြထားပါသည်။ 
 

Banking & Loan Read 509 times