ကျပ်သိန်း ၂၀၀ ကျော်ရင် ဘဏ်စနစ်နဲ့ ပေးဖို့ အမိန့် လက်တွေ့ အလုပ်ဖြစ်နိုင်လား


07 November, 2021

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုပြီးနောက် ဘဏ်တွေအပေါ် လူတွေရဲ့ ယုံကြည်မှု နည်းနေချိန်မှာ ကျပ်သိန်း ၂၀၀ အထက် အရောင်းအဝယ် မှန်သမျှကို ငွေသားအစား ဒစ်ဂျစ်တယ်စနစ်နဲ့ ချက်လက်မှတ် စတာတွေနဲ့ ပေးချေဖို့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ဟာ လိုက်နာဆောင်ရွက်နိုင်ဖို့ ခက်ခဲနိုင်တယ်၊ တခြားနည်းလမ်း သုံးလာကြနိုင်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ကျွမ်းကျင်သူတွေက ပြောနေပါတယ်။

ငွေပေးချေမှုတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ ကုန်ပစ္စည်း ရောင်းဝယ်တာ၊ လွှဲပြောင်းတာတွေအတွက် ငွေသားနဲ့ ပေးချေတဲ့အခါ တကြိမ်ကို ကျပ် သိန်း ၂၀၀ ထက် မပိုစေရဘူး၊ ပိုတဲ့ ပမာဏကို ဘဏ်စနစ် တခုခု သုံးပြီးမှသာ ပေးချေရမယ်လို့ နိုဝင်ဘာလ ၃ ရက်နေ့ ရက်စွဲနဲ့ ဗဟိုဘဏ်က အမိန့် ထုတ်ပြန်ခဲ့ပြီး အဲဒီနေ့ကစလို့ အကျိုးသက်ရောက်တယ်လို့ ဆိုထားပါတယ်။

ငွေပေးချေရာမှာ ဘဏ်တွေ၊ အွန်လိုင်း၊ အင်တာနက်နဲ့ ဘဏ်ကတ်တွေ သုံးစေတဲ့ ရည်ရွယ်ချက်က ဘဏ်စနစ်အပေါ် မှာ လူတွေ ယုံယုံ ကြည်ကြည် ပြန်လည် အသုံးပြုလာကြစေဖို့ ဖြစ်နိုင်တယ်လို့ ဘီဘီစီက ဆက်သွယ် စကားပြောကြည့်တဲ့ လုပ်ငန်းရှင်တွေက ယူဆကြပါတယ်။

ဘဏ်တွေအပေါ်ယုံကြည်မှုပြန်ရအောင် ဘယ်လိုလုပ်သင့်လဲ
တကယ်တမ်း ဘဏ်တွေအပေါ် လူတွေက ယုံကြည်မှု ရှိကြရင် ဘဏ်တွေထဲမှာ ထည့်ထားကြတဲ့ ငွေတွေကို ထုတ်ယူကြဖို့ ကြိုးစားကြမှာ မဟုတ်ဘူး၊ ငွေထည့်ထားတာက ငွေတိုး ရကြသေးတယ်လို့ ဆိုကြပါတယ်။

ဗဟိုဘဏ်က အခုလို ထပ်မံ ကန့်သတ်လိုက်တော့ ဘဏ်စနစ် အပေါ် လူတွေရဲ့ သံသယ ပိုတောင် ဖြစ်လာစေနိုင်တယ်လို့ လုပ်ငန်းရှင် တချို့က ဘီဘီစီကို ပြောပါတယ်။

တကယ်လို့ ဘဏ်လုပ်ငန်းတွေကို လူတွေ ပြန်လည် ယုံကြည် လာစေချင်တယ်ဆိုရင် လက်ရှိ စနစ်အမျိုးမျိုး ဖြစ်နေတာတွေကို ပြင်ဆင်သင့်တယ်၊ ဥပမာအားဖြင့် ဘဏ်မှာ အပ်ထားတဲ့ ငွေစု စာအုပ်က အဟောင်းနဲ့ အသစ် နှစ်မျိုးဖြစ်နေတာကို တမျိုးတည်း ပေါင်းလိုက်ပြီး ငွေစုဘဏ် စာအုပ်ဟောင်းထဲမှာ ရှိနေတဲ့ ငွေတွေကို လိုသလို အလွယ်တကူ ထုတ်နိုင်အောင် စီစဉ်ပေးလိုက်ရင် ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ဘူးလို့ လုပ်ငန်းရှင် တစ်ယောက်က ပြောပါတယ်။


ဗဟိုဘဏ် မကြပ်မတ်နိုင်ရင် ဘာဖြစ်မလဲ
အမိန့် ထုတ်ပြန်ပေမဲ့ ပြည်သူတွေ အနေနဲ့ လိုက်နာဖို့ ခက်ခဲနိုင်တယ်၊ ကန့်သတ်ချက်နဲ့ မငြိအောင် နည်းလမ်းရှာပြီး ငွေပေးငွေချေ လုပ်လာကြနိုင်တယ်၊ ငွေကျပ် သိန်း ၂၀၀ ထက် မကျော်အောင် အကြိမ်ရေ ခွဲပြီး ငွေပေးချေကြတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

ဗဟိုဘဏ်ဘက်ကလည်း သူတို့ ချမှတ်ထားတဲ့ အမိန့်ကို လိုက်နာအောင် ဘယ်လို ကြပ်မတ်နိုင်မလဲ ဆိုတာက မေးခွန်းထုတ်စရာဖြစ်ပါတယ်။

ကြပ်မတ်နိုင်ခြင်း မရှိဘူးဆိုရင် ဥပဒေစည်းမျဉ်းတွေရဲ့ အားနည်းချက် တွေကို အသုံးပြုပြီး ခြစားမှုတွေ၊ ကြိုးနီစနစ်တွေကို အားပေးရာ ရောက်သလို ဖြစ်လာနိုင်တယ်လို့ တရားလွှတ်တော် ရှေ့နေ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ကျပ်သိန်း ၂၀၀ အထက် အရောင်းအဝယ်တွေမှာ ဘဏ်စနစ်နဲ့ပေးချေဖို့ ဆိုတဲ့ အခု အမိန့် မထွက်ခင်က အခုနှုန်းထက် ပိုတဲ့သတ်မှတ်ချက်မျိုး ခွင့်ပြုပေးဖို့ ရွှေလုပ်ငန်းရှင်တွေက တောင်းဆိုခဲ့ပေမဲ့ တစုံတရာ အကြောင်းမပြန်ဘဲ အခုလို သတ်မှတ်ထုတ်ပြန်လာတာ ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင် အသင်းက ပြောပါတယ်။

 

BBC 

Banking & Loan Read 426 times