ယမန်နှစ် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အခွန်တံဆိပ်ခေါင်း မကပ်သည့် ဆိုင်များမှ ဒဏ်ကြေးငွေကျပ် ၁၇၆ သန်း ကျော်ရရှိပြီး တိုင်ကြားသူများအား ဆုကြေးငွေ ကျပ်၁၂သန်းကျော် ပြန်ထုတ်ပေးခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရပါသည်။
တစ်နှစ်လုံးတိုင်ကြားမှု ၇၂၅မှုထဲမှ ဒဏ်ကြေးငွေ ၁၇၆ သန်းကျော်ရရှိကြောင်း သိရပါသည်။
တိုင်ကြားမှုနှင့် ဆုငွေပြန်ထုတ်ပေးမှုတွင် ကြန့်ကြာမှုရှိနေခြင်းသည် မြို့နယ်အခွန်ရုံးမှတစ်ဆင့် စားသောက်ဆိုင်တာဝန်ရှိသူကို အခွန်ရုံးသို့ဆင့်ခေါ်ကာ ဒဏ်ကြေးငွေဆောင်ခိုင်းပြီး အခွန်ထမ်းက ဒဏ်ကြေးငွေဆောင်ပြီး မှ ဆုကြေးထုတ်ပေးရသည့် လုပ်ငန်းစဉ်များကြောင့်ဖြစ်ကြောင်း သိရပါသည်။
တိုင်ကြားသူကို ဒဏ်ကြေးငွေ၏ ၁၀ ရာခိုင်နှုန်း ဆုကြေးအဖြစ်ပေးပြီး တံဆိပ်ခေါင်း မကပ်သည့်ဆိုင်များ ပထမအကြိမ် ပျက်ကွက်ပါက ဒဏ်ကြေး ကျပ်နှစ်သိန်း၊ ဒုတိယအကြိမ် ကျပ်ငါးသိန်းနှင့် သုံးကြိမ်ပျက်ကွက်ပါက ကျပ်ခုနစ်သိန်း၊ သုံးကြိမ်အထက် ပျက်ကွက်ပါက ကျပ် ၁၀ သိန်းအသီးသီးသတ်မှတ်ထားသည်။
အခွန်တံဆိပ်ခေါင်း မကပ်သည့်ဆိုင်များ ဒဏ်ရိုက်ခြင်းကို ၂၀၁၅ ဧပြီတွင် စတင်ဆောင်ရွက်ခဲ့သည်။ အခွန်ထမ်းဆောင်ရန် ပျက်ကွက်သောကြောင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဒဏ်ငွေရိုက်ခဲ့ သည့် ဆိုင် ၅၀၇ ဆိုင်ရှိပြီး ဘဏ္ဍာငွေကျပ် သိန်းတစ်ထောင်ကျော် ရရှိခဲ့ကြာင်း သိရပါသည်။
7 Day Daily