၂၀၁၇-၁၈ ဘဏ္ဍာနှစ် အတွင်း ကျွမ်းကျင်လုပ်သား အသိအမှတ်ပြုလက်မှတ် လျာထားချက်ထက် ကျော်လွန်


17 July, 2018

၂၀၁၇-၁၈ ဘဏ္ဍာနှစ် အတွင်း ကျွမ်းကျင်လုပ်သား အသိအမှတ်ပြုလက်မှတ် လျာထားချက်ထက် ကျော်လွန်ကာ ထုတ်ပေးနိုင်ခဲ့ကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွင်း ကျွမ်းကျင် အလုပ်သမား ၅,၀၀၀ ကို စိစစ်အကဲဖြတ်နိုင်ရန် လျာထားသည်။

အဆိုပါ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ရေးနှင့် စက်မှုလုပ်ငန်းကဏ္ဍများရှိ လုပ်ငန်းအမျိုးအစား ၁၈ မျိုးအတွက် အလုပ်သမား ၅,၈၅၅ ဦးကို စိစစ်အကဲဖြတ်ပြီး ၅,၁၆၄ ဦး အောင်မြင်သဖြင့် မူလလျာထားသည့် အရေအတွက်ထက် ကျော်လွန်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

‘‘ကျွမ်းကျင်လုပ်သား အသိ အမှတ်ပြုလက်မှတ် ရရှိထားတဲ့ အလုပ်သမားတွေအတွက် နိုင်ငံတကာ စံနှုန်းလုပ်ခလစာအတိုင်း ရရှိဖို့ ရည်ရွယ်ပါတယ်။ ကျွမ်းကျင်လုပ်သားတွေ ပိုမိုများပြား လာတာနဲ့အမျှ နိုင်ငံခြားရင်းနှီး မြှုပ်နံှမှုတွေကို ပိုပြီး ဖိတ်ခေါ်နိုင် ပါလိမ့်မယ်’’ဟု မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု ‘စံ’ သတ် မှတ် ပြဋ္ဌာန်းရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းအဖွဲ့သည် အာဆီယံ စံနှုန်းအတိုင်း လုပ်ငန်းကဏ္ဍအလိုက် ကျွမ်းကျင်မှုစံများ သတ်မှတ်ကာ လာရောက်စိစစ်ခံသည့် အလုပ်သမားများကို အကဲဖြတ်၍ ဖြေဆိုနိုင်သူများအား ကျွမ်းကျင်လုပ်သား အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနေသည်။

အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသည် ယခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လ အတွင်း ကျွမ်းကျင်အလုပ်သမား ၁,၅၀၀ စိစစ်အကဲဖြတ်ရန် ထပ်မံ လျာထား လုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။

ထိုသို့ လျာထားလုပ်ဆောင်လျက်ရှိရာ ဇွန်လကုန်အထိ အလုပ်သမား ၅၄၀ ဦးကို ကျွမ်း ကျင်လုပ်သားများအဖြစ် ထပ်မံ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

မြန်မာနိုင်ငံတွင် အလုပ် သမားအင်အား ပေါများသော် လည်း ကျွမ်းကျင်အလုပ်သမား ရှားပါးမှုနှင့် ရင်ဆိုင်နေရကြောင်း နိုင်ငံတကာ အလုပ်သမားရေးရာ အဖွဲ့များနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများက ပြောကြားထားသည်။

ထို့ကြောင့် အစိုးရက ကျွမ်း ကျင်အလုပ်သမားများ ပိုမိုပေါ် ထွက်လာစေရန် စီမံချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုး အောင်က ပြောသည်။

7 Day Daily

Local News Read 518 times