၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျာထားမှု ပြည့်မီရန် လိုအပ်နေ


19 March, 2018

၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကုန်ဆုံးရန် ၁၀ ရက်ကျော်သာ ကျန်ရှိသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ဧပြီမှ မတ်လ ၁၆ ရက်အထိ ကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံသာ ဝင်ရောက်ပြီး အစိုးရ မျှော်မှန်းချက်ပြည့်မီရန် ကန်ဒေါ်လာသန်း ၇၀၀ ကျော် လိုအပ်နေသေးကြောင်း သိရပါသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ခြောက်ဘီလီယံ ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး မတ်လကုန်၌ ယခုဘဏ္ဍာနှစ်ကုန်ဆုံးမည် ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်လိုသော နိုင်ငံအများအပြားရှိသကဲ့သို့ အဖွဲ့အစည်းတွေလည်း အများအပြားရှိသော်လည်း ပြင်ဆင်၍မရသေးသော ဥပဒေများ၊ မြေယာပြဿနာများ၊ လျှပ်စစ်မီးမလုံလောက်မှုစသော ပြဿနာအများအပြား ရှိနေသေးသောကြောင့် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ် လာ ၆ ဒသမ ၆ ဘီလီယံဝင် ရောက်ခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာ နှစ်တွင် ကန်ဒေါ်လာ ကိုးဘီလီယံ နှင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင်ကန်ဒေါ်လာ ရှစ်ဘီလီယံဝင်ရောက် ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါသည်။

ယခင်ဘဏ္ဍာနှစ်ကို ပြည့်မီရန် ယခုဘဏ္ဍာနှစ် လက်ကျန်ရက်များတွင် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဝင်ရောက်ရန် လိုအပ်နေကြောင်း သိရပါသည်။

ထိုပမာဏမဝင်ရောက်လာပါက ယခုဘဏ္ဍာနှစ်သည် လေးနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနည်းဆုံးဘဏ္ဍာနှစ် ဖြစ်လာနိုင်ပါသည်။

ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုနည်းပါးခြင်းသည် လျှပ်စစ်မီးအပါအဝင် အခြေခံအဆောက်အအုံ လိုအပ်ချက်များရှိခြင်း၊ ရခိုင်ကိစ္စအပါအဝင် နိုင်ငံရေးမတည်ငြိမ်ခြင်းနှင့် အနည်းဆုံးလုပ်ခလစာ သတ်မှတ်ခြင်းစသည့် အချက်များကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်(UMFCCI) မှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

မတ်လ ၂၀ ရက်တွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးရှိ၍ တင်ပြထားသည့် အဆိုပြုလွှာများကို ထပ်မံခွင့်ပြုရန်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

အိမ်ရာကဏ္ဍသည် ဒုတိယအများဆုံးဖြစ်ပြီး ၁ ဒသမ ၁ ဘီလီယံဖိုး ဝင်ရောက်ခဲ့ကာ တတိယအများဆုံးသည် ဝန်ဆောင်မှုကဏ္ဍဖြစ်ကာ ကန်ဒေါ်လာ တစ်ဘီလီယံဖိုး ဝင်ရောက်ခဲ့ကြောင်း သိရပါသည်။

Source: 7day daily

Investment/Divestment Read 603 times