ယခုနှစ် ဆန်ပြည်ပတင်ပို့မှု ဆယ်စုနှစ်အတွင်း အများဆုံးဖြစ်နိုင်ဟု ခန့်မှန်း


15 September, 2017

ပင်လယ်ရေကြောင်းဘက်မှ တင်ပို့မှုများစွာရှိနေသည့် အတွက် ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှု ပမာဏသည် ဆယ်စုနှစ်တာ ကာလများအတွင်း အများဆုံးအဖြစ် စံချိိန်တင် ပမာဏ တစ်ခုသို့ ရောက်ရှိနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ဆန်ကုန်သည်ကြီးများက ပြောကြားသည်။

ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ ခြောက်လခန့်အတွင်း ပြည်ပဆန်တင်ပို့မှု ပမာဏသည် ပြီးခဲ့သည့်နှစ် ကာလတူ ကာလကထက် တန်ချိန် နှစ်ဆကျော် ပိုမိုတင်ပို့ထားနိုင်ပြီး ယခုဘဏ္ဍာနှစ်ကုန်တွင်လည်း ပြီးခဲ့သည့်နှစ်များကထက် ပိုမိုတင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း ၎င်းတို့ကဆိုသည်။

ယခုဘဏ္ဍာနှစ်အတွင်း ဆန်ပြည်ပတင်ပို့ရာတွင် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ထားပြီး နှစ်စဉ်တင်ပို့မှု များပြားလေ့ရှိသည့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ တင်ပို့မှုထက် ပင်လယ်ရေကြောင်းမှ တင်ပို့မှုပမာဏ တိုးတက်လာခြင်းကြောင့် ထိုသို့ ဆန်ပြည်ပတင်ပို့မှု များပြားလာခြင်းဖြစ်ကြောင်း ဆန်ကုန်သည်များက ဆိုသည်။

လက်ရှိခြောက်လအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၂ သန်းအထိ တင်ပို့ထားနိုင်ပြီး ယခင်နှစ် ကာလတူအတွင်းက ဆန်တန်ချိန် ငါးသိန်းခန့်သာ တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

ပြည်ပသို့ ဆန်တင်ပို့မှု အများဆုံးအဖြစ် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်က တန်ချိန် ၁ ဒသမ ၈ သန်းဖြင့် စံချိန်တင်ပို့ထားပြီး ၂၀၁၅-၁၆ လဏ္ဍာနှစ်အတွင်းက ၁ ဒသမ ၄ သန်းတင်ပို့နိုင်ခဲ့ကာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်းက ဆန်တင်ချိန် ၁ ဒသမ ၄ သန်းတင်ပို့နိုင်ခဲ့ကာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်းက ဆန်တင်ချိန် ၁ ဒသမ ရ သန်း တင်ပို့နိုင်ခဲ့သည်။

Source:thevoicemyanmar

Export, Import Read 1977 times