ကုန်သွယ်မှုပမာဏ အပိုအလို


31 July, 2018

မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း အာဆီယံနိုင်ငံများနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အစောပိုင်းနှစ်လအတွင်း ပင်လယ်ရေကြောင်းလမ်းနှင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များမှတဆင့် ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၅ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။

ဒေသတွင်းကုန်သွယ်မှုတွင် သွင်းကုန်ပမာဏထက် ပို့ကုန်ပမာဏမှာ ကျော်လွန်ခဲ့ပြီး ပို့ကုန်မှာ အမေရိကန်ဒေါ်လာ ၆၆၈၈ မီလီယံသာရရှိရာတွင် သွင်းကုန်ပမာဏတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၆ ဘီလီယံ ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သောစာရင်းများအရ သိရသည်။

ထိုင်းနိုင်ငံသည် ဒေသတွင်း အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုအများဆုံးနိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၄၅ မီလီယံရှိ၍ စင်ကာပူနိုင်ငံက ၇၄၀ ဒသမ ၇ မီလီယံ၊ မလေးရှားနိုင်ငံက ၃၆၅ ဒသမ ၅ မီလီယံနှင့် အင်ဒိုနီးရှားနိုင်ငံက ၁၆၆ ဒသမ ၃၂၂ မီလီယံအသီးသီးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂၃ ဒသမ ၇ မီလီယံရောက်ရှိလာခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံက ၁၁ ဒသမ ၄၂၁ မီလီယံ ကမ္ဘောဒီးယားနိုင်ငံက ၂ ဒသမ ၄၅ မီလီယံခန့် ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

မြန်မာနှင့် လာအိုနိုင်ငံ ကုန်သွယ်မှုတန်ဖိုးမှာ ၁ မီလီယံအောက်သာရှိပြီး ဘရူနိုင်းနှင့် ကုန်သွယ်မှုကတော့ ယခုနှစ်လအတွင်း မရှိသေးကြောင်း သိရသည်။

အမေရိကန်နှင် ကုန်သွယ်မှု ပိုငွေပြ

တဆက်တည်းမှာပင် မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံသို့ တင်ပို့မှုမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အစောပိုင်းနှစ်လအတွင်း သွင်းကုန်ပမာဏထက်ကျော်လွန်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် အမေရိကန် ကုန်သွယ်မှုတန်ဖိုးမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၇၂ ဒသမ ၅ မီလီယံရှိလာခဲ့ပြီး ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၁၂ မီလီယံရှိပြီး သွင်းကုန်မှာ ၆၀ ဒသမ ၅ မီလီယံ သာရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဆန်၊ ပဲမျိုးစုံ၊ သစ်တောထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ အဝတ်အထည်များနှင့် အခြားစက်မှုဇုန်ထုတ်ပစ္စည်းများကို အမေရိကန်သို့တင်ပို့ခဲ့ပြီး အမေရိကန်နိုင်ငံမှ တစ်ကိုယ်ရည်သုံးကုန်ပစ္စည်းများ၊ မြို့တော်သုံး ကုန်ပစ္စည်းများနှင့် စက်မှုလုပ်ငန်းများအတွက်လိုအပ်သော ကုန်ကြမ်း ပစ္စည်းများ တင်သွင်းခဲ့သည်။

Mizzima

Export, Import Read 537 times