၂ဝ၁၉ ခုနှစ်တွင် အလားအလာကောင်းများနှင့် အပြောင်းအလဲ ကြီးကြီးမားမားရှိလာမည့် ကဏ္ဍထဲတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍသည် တစ်ခုအပါအဝင် ဖြစ်သည်။ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက်များ အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူမှုကို ၂ဝ၁၃ ခုနှစ်က နောက်ဆုံး ခေါ်ယူခဲ့ပြီး ယခုလာမည့် ၂ဝ၁၉ ခုနှစ် နှစ်ဦးပိုင်းတွင်ထပ်မံခေါ်ယူတော့မည် ဖြစ်သည်။
ထိုသို့ ခေါ်ယူရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်ရာ၌ သက်ဆိုင်ရာစာချုပ်များတွင် ပါဝင်သည့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းသတ်မှတ်ချက်များကို နှစ်ဖက်အကျိုးရှိစေရန် ပြင်ဆင်နေပြီး ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်မည့်အချက်များ ပါဝင်မည် ဖြစ်သည်။အဆိုပါအချက်များတွင် အစိုးရနှင့် ကုမ္ပဏီများကြား ချုပ်ဆိုမည့်အကျိုးအမြတ် ခွဲဝေမှုစာချုပ် (Production Sharing Contract - PSC)ပါ အချို့အချက်များကို ပြန်လည်ဖြေလျှော့ပေးရေးလည်း ပါဝင်ပြီးယင်းနှင့် ပတ်သက်သော ဆွေးနွေးမှုများလည်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ပြီးစီးပါက အစိုးရအဖွဲ့ရုံးသို့ တင်ပြ၍ နိုင်ငံတော်သမ္မတရုံးက ခွင့်ပြုလျှင် အပြည်ပြည်ဆိုင်ရာတင်ဒါကို၂ဝ၁၉ ခုနှစ်ထဲတွင် အမြန်ဆုံးနှင့် အစောဆုံး ခေါ်ယူသွားမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အဆင့်မြင့် အရာရှိတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။ယခင်က ကမ်းလွန်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်း အကျိုးအမြတ်ခွဲဝေမှုတွင် မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက၆၅ ရာခိုင်နှုန်းယူပြီး ကုမ္ပဏီအား ၃၅ ရာခိုင်နှုန်း ပေးသည်။
''အခုဆိုရင် ကျွန်တော်တို့က လျှော့ပေးမယ်။ ရေနက်ပိုင်းဆိုရင် အရမ်းကို ဒုက္ခရောက်လွန်းအားကြီးလို့၊ ကုန်ကျစရိတ်တွေ များလို့ ၅ဝ၊ ၅ဝ ရခိုင်နှုန်းထိ ထုတ်လုပ်မှု ပမာဏအပေါ် မူတည်ပြီးတော့ပေါ့။ အဲလိုအချက်တွေကို နောက်ဆုံးအဆင့်လုပ်ဖို့ ပြင်ဆင်နေတယ်''ဟု၎င်းက ဆိုသည်။ယခင်က ကုမ္ပဏီများအပေါ် စီးပွားဖြစ် စတင်ထုတ်လုပ်သည့်နှစ်မှစ၍ သုံးနှစ်အတွင်း အခွန်ကင်းလွတ်ခွင့် ပေးခဲ့သော်လည်း ယခု မပေးတော့သည့်အပြင် အထူးကုန်စည်ခွန်အဖြစ် ရှစ် ရာခိုင်နှုန်း ထပ်မံပေးဆောင်ရကြောင်း၊ ထိုအချက်များကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြန်သုံးသပ်ခဲ့ပြီး လိုက်လျောညီထွေဖြစ်ရန်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ၎င်းက ပြောသည်။
''အဲတော့ ခင်ဗျားတို့ အရင်တုန်းက လုပ်တာတောင် တိုင်းပြည်က ဒီလောက်ပဲရတာ။ ခင်ဗျားတို့ လျှော့လုပ်ရင် တိုင်းပြည်က ဘာရတော့မလဲ ဆိုရင်တော့ ဆွေးနွေးငြင်းခုံတာက နည်းမျိုးစုံပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဝင်စေချင်တာလား၊ မဝင်စေချင်တာလားက သက်ဆိုင်ရာ အာဏာပိုင် ပုဂ္ဂိုလ်တွေအပေါ်ပဲ မူတည်တော့တယ်။ လာသမျှလူ အခွန်ကောက်မယ် လုပ်မှာလား။ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်တွေကို တင်းတင်းကျပ်ကျပ်နဲ့ ကိုင်တွယ်ပြီး လုံးဝ ငါ့ဘက်ကပဲ ရာခိုင်နှုန်းအများကြီး ယူမှာလား။ ဒီအပေါ် မူတည်တော့တယ်''ဟု ၎င်းက ဆိုသည်။
''သဘောတူစာချုပ်ကောင်းတစ်ခု ဖြစ်ဖို့ဆိုတာ သူ့ဘက် ကိုယ့်ဘက် ကြည့်တတ်ဖို့ လိုတယ်။ နိုင်ငံတွေ မလာလို့ ငါတို့စာချုပ်တွေကို လျှော့ပေးမယ် လုပ်လို့လည်း မရဘူး။ ကျွန်တော့် သဘောကတော့ ပိုလည်းမပေးနိုင်ဘူး။ လျှော့လည်း မယူဘူး။ နှစ်ဖက်စလုံး မျှမျှတတဖြစ်ရမယ်''ဟု ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသော Smart Group ဥက္ကဌဦးကျော်ကျော်လှိုင်က ဆိုသည်။
အခွန်တည်ငြိမ်မှုမရှိခြင်း၊ မြေယာလျော်ကြေးကိစ္စများ၊ အစိုးရဌာနများ ခွင့်ပြုချက်ပေးရန် ကြန့်ကြာခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု ဆန်းစစ်ချက် EIA အောင်လက်မှတ်ထုတ်ပေးမှုတွင် ကြန့်ကြာခြင်းများက ရင်းနှီးမြှုပ်နှံမည့် သူများအပေါ် သက်ရောက်စေကြောင်း၊ နည်းပညာ မြင့်မားပြီး ရင်းနှီးမြှုပ်နှံမှုများကာ စွန့်စားမှု ရှိရသော ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် အခွန်ကင်းလွတ်ခွင့်ကာလ မပေးခြင်းသည် လာရောက် ရင်းနှီးမြှုပ်နှံရန် အဓိကအခက်အခဲအဖြစ် ရှိနေသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ အဆင့်မြင့်အရာရှိက ဆိုသည်။နိုင်ငံတကာ တင်ဒါခေါ်ယူမှုတွင် လုပ်ထုံးလုပ်နည်းများကို အထူးလေ့လာရန် လိုအပ်ပြီး ရေနံကုမ္ပဏီများ နိုင်ငံတစ်နိုင်ငံသို့ ဝင်မဝင် မည်သည့်အချက်များဖြင့် ဆုံးဖြတ်ကြသည်ကို လေ့လာရမည်ဖြစ်ကြောင်း၊ ထိုအချက်များကို မလေ့လာဘဲ ကိုယ့်ဘက်က အမှန်လုပ်နေ၍ မရကြောင်း စွမ်းအင် အသိုင်းအဝိုင်းက ဆိုသည်။
နာမည်ကြီးကုမ္ပဏီတွေ ဒီတစ်ခေါက်ခေါ်ရင် လာပါ့မလားဆိုတဲ့ မေးခွန်းကတော့ ကြီးမားတဲ့မေးခွန်းပဲ။ နောက်တစ်ချက်က ရခိုင်အရေးကြောင့် အနောက်နိုင်ငံ ကုမ္ပဏီတွေက ဝင်လာပါ့မလား။ မေးခွန်းက အများကြီးရှိနေတယ် ...
ကမ်းလွန်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက်များတွင် နိုင်ငံတကာကုမ္ပဏီများဘက်က ပြန်အပ်သွားသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။၂ဝ၁၄ နှင့် ၂ဝ၁၅ ခုနှစ်များတွင်း လက်မှတ်ရေးထိုးခဲ့ကြသော ရေနံကုမ္ပဏီများဖြစ်သည့် Shell, Statoil, Reliance နှင့် Oil India ကုမ္ပဏီများသည် ၂ဝ၁၇ နှင့် ၂ဝ၁၈ ခုနှစ်များတွင် ပြန်ထွက်သွားခဲ့သည်။
''နာမည်ကြီးကုမ္ပဏီတွေ ဒီတစ်ခေါက်ခေါ်ရင် လာပါ့မလားဆိုတဲ့ မေးခွန်းကတော့ ကြီးမားတဲ့မေးခွန်းပဲ။ နောက်တစ်ချက်က ရခိုင်အရေးကြောင့် အနောက်နိုင်ငံ ကုမ္ပဏီတွေက ဝင်လာပါ့မလား။မေးခွန်းက အများကြီးရှိနေတယ်။ ဒီအချက်တွေကြောင့် စိန်ခေါ်မှုသေချာပေါက် ရှိနေတယ်။ ဒီတစ်ခေါက်မှာ လာမလား၊ မလာဘူးလားဆိုတာ တကယ့်စိန်ခေါ်မှုပဲ''ဟု ဦးကျော်ကျော်လှိုင်ကပြောသည်။အဆိုပါ အခြေအနေများကြောင့် တင်ဒါခေါ်ယူမှုတွင် အနောက်နိုင်ငံတကာက လာရောက်မှု နည်းနိုင်ပြီး အာဆီယံနိုင်ငံများ လာရောက်မှု ဖြစ်နိုင်သကဲ့သို့ ကုမ္ပဏီအသေးများလည်း ဝင်ရောက်လာနိုင်သည့်အတွက် စိုးရိမ်ကြောင်း စွမ်းအင်အသိုင်းအဝိုင်းက ဆိုသည်။
''အစိုးရအနေနဲ့ စိန်ခေါ်မှု ရှိနိုင်တယ်။ PSC ကောင်းမကောင်းအပေါ် မူတည်နေတယ်။ လျှော့ပေါ့ စဉ်းစားပေးပြီး ဆွဲဆောင်မှုအားကောင်းရင် လျှောက်တဲ့သူက စိတ်ဝင်စားနိုင်တယ်။ အနောက်နိုင်ငံကတော့ နည်းမယ်။အန်ကယ်တို့ စိုးရိမ်တာက တချို့တွေကကျတော့ တကယ့်နာမည်ရှိတဲ့ ကုမ္ပဏီမဟုတ်ဘဲနဲ့ ပွဲစားသာသာ ကုမ္ပဏီမျိုးတွေ လာလျှောက်ရင် သေသေချာချာ စဉ်းစားရမယ်။ အဲလိုမျိုးတွေဆို ရွေးကို မရွေးနဲ့ ကန့်ကွက်တယ်''ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ညွှန်ကြားရေးမှူး(ငြိမ်း) လက်ရှိ Arc and Partners ကုမ္ပဏီ၏ အကြံပေးပုဂ္ဂိုလ် ဦးသန်းထွန်းက ဆိုသည်။ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်ပါ အချက်များအပေါ် စိတ်ဝင်စားပါက လာနိုင်ပြီး ယခင်ထက် ဆွဲဆောင်မှုအား မရှိလျှင် လာမည့်သူက စဉ်းစားမည်ဖြစ်ကြောင်း၊ PSC တွင် ဖြေလျှော့ပေးထားသည့် အချက်များကိုလည်း ချပြသင့်ကြောင်း ၎င်းက ဆိုသည်။
သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် တင်ဒါစခေါ်ပါက လုပ်ထုံး လုပ်နည်း စည်းမျဉ်းသတ်မှတ်ချက်များကို ဝက်ဆိုက်ပေါ်တင်ပေးကြောင်း၊ကုမ္ပဏီများကိုလည်း ခေါ်ယူ၍ သိလိုသည်များကို ရှင်းပြကြောင်း၊ ယခု တင်ဒါခေါ်ယူမူတွင် အလားတူ လုပ်ဆောင်သွားမည်ဟု ဝန်ကြီးဌာနက ဆိုသည်။လက်ရှိ အခြေအနေများအရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ တင်ဒါအမြန်ဆုံး ခေါ်ယူရေး စီစဉ်လျက်ရှိပြီး ရေနံကုမ္ပဏီကြီးများကို ဆွဲဆောင်မည့် အချက်များ ပါဝင်လာမည်မှာ သေချာနေပြီဖြစ်သည်။
ထို့ပြင် ၂ဝ၁၈ ခုနှစ်ထဲတွင် ကမ်းလွန်၌ Woodside က တွင်းသုံးတွင်း တူးခဲ့ပြီး CNPC လုပ်ကွက်၊ A-6 လုပ်ကွက်များတွင် တစ်တွင်းစီ တူးဖော်မှုသည် အလားအလာကောင်းပြီး A-7 လုပ်ကွက်တွင်အလားအလာ သိပ်မကောင်းသည့်အခြေအနေဖြစ်သည်။ အခြားကုမ္ပဏီများသည် ရှာဖွေရေးကာလ မရောက်သေးဘဲ လေ့လာရေးကာလတွင်သာ ရှိနေသေးရာ ရှာဖွေရေးကာလ ဆက်လုပ်၊ မလုပ်ကို ၂ဝ၁၉ ခုနှစ်တွင် ဆုံးဖြတ်ကြရမည်ဖြစ်ရာ ယင်းအဆုံးအဖြတ် သိရမည့် နှစ်လည်း ဖြစ်သည်။တစ်ဖက်တွင်လည်း ဝန်ကြီးဌာနအနေဖြင့် ရေနံဓာတုဗေဒစက်ရုံများ၊ ရေနံချက်စက်ရုံများကို နိုင်ငံတကာ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ပြန်လည် သုံးသပ်နေပြီ ဖြစ်သည်။
Myanmar Time