၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ကိုရီးယားသမ္မတနိုင်ငံ၏ ကုန်သွယ်ရေး အခြေအနေ


14 December, 2020

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၁) ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၊ အကောက်ခွန်ဝန်ဆောင်မှုဌာနတို့မှ ထုတ်ပြန်သော ကုန်သွယ်မှုစာရင်းများအရ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလတွင် ကိုရီးယားသမ္မတနိုင်ငံသည် ပို့ကုန် အမေရိကန်ဒေါ်လာ (၄၅.၈၁) ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ (၃၉.၈၈) ဘီလီယံ၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ (၈၅.၆၉)ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊

သို့ဖြစ်၍ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ(၅.၉၃)ဘီလီယံ ရရှိခဲ့ပြီး၊ ယခင်နှစ်ကာလတူထက် ပို့ကုန်တွင် (၄)% တိုးတက်လာခဲ့ကာ၊ သွင်းကုန်တွင်(၂.၁)ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း၊ ကုန်သွယ်မှုပိုငွေဆက်တိုက်တိုးတက်ခဲ့သည့်(၇)လမြောက်လဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ မှ နိုဝင်ဘာလအထိ (၁၁)လတာ ကာလအတွင်း ကုန်သွယ်မှုပိုငွေ စုစုပေါင်းသည် အမေရိကန်ဒေါ်လာ(၃၉.၆၂)ဘီလီယံ ရရှိပြီးဖြစ်ပြီး၊ ယခင်နှစ် ၂၀၁၉ ခုနှစ် ကာလတူတွင် (၃၆.၉၁) ဘီလီယံရရှိခဲ့ခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း COVOD-19 ကူးစက်ရောဂါ၏ ရိုက်ခတ်မှုဒါဏ်ကိုခံစားရလျက်ရှိသည့်တိုင် ကုန်သွယ်မှုတိုးတက်စေရန် ယခင်နှစ်ထက် ပိုမိုကြိုးစား၍ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါ သည်။

နိုဝင်ဘာလ ပို့ကုန်တင်ပို့နိုင်မှုအခြေအနေက စီးပွားရေးပြန်လည်နာလန်ထူလာသည့် အခြေအနေကို ပြသလျက်ရှိကြောင်း၊ နိုဝင်ဘာလအတွင်း အလုပ်လုပ်ရက်သည် (၀.၅)ခန့် အနည်းငယ် လျော့နည်းခဲ့သော်လည်း ပို့ကုန်တိုးတက်မှုသည် နှစ်လဆက်တိုက် အပြုသဘောဆောင်၍ တိုးတက်လျက်ရှိကြောင်း၊ ပျမ်းမျှနေ့စဉ်တင်ပို့မှုသည် (၆.၃)ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယင်းသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှစ၍ ပထဆုံးအကြိမ် လတစ်လစာအတွက် ပို့ကုန်တန်ဖိုးနှင့် နေ့စဉ်ပျှမ်းမျှတင်ပို့နိုင်မှုတန်ဖိုး နှစ်ခုလုံး မြင့်တက်နိုင်ခဲ့သည့်လလည်း ဖြစ်ပါသည်။

သတင်းအချက်အလက်နည်းပညာ (IT) နှင့်သက်ဆိုင်သည့် ထုတ်ကုန်များအပေါ် ဝယ်လိုအား မြင့်တက်နေခြင်းက COVID-19 ဆိုင်ရာအခြေအနေများအရ အဆက်အသွယ်ကင်းသော စီးပွားရေး (contact-free economy) လုပ်ငန်းများ မြင့်တက်လာခြင်းပင် ဖြစ်သည်။ ထို့အပြင် organic light-emitting diode (OLED) panels များ၊ လျှပ်စစ်ယာဉ်များ(EVs)၊ multi-chip packages များ (MCP) နှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများကဲ့သို့သော တန်ဖိုးမြင့်ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ခြင်းဖြင့် ပို့ကုန်တင်ပို့မှုကို မြင့်တက်စေခဲ့ပါသည်။

ကိုရီးယားသမ္မတနိုင်ငံ၏ အဓိကပို့ကုန် (၂၀)မျိုးအနက် (၁၅)မျိုးသောကုန်စည်များသည် တိုးတက်တင်ပို့နိုင်ခဲ့ပြီး၊ ယင်းတို့မှာ Semiconductor များ၊ မော်တော်ယာဉ်များ၊ ရုပ်မြင် Display များ၊ မော်တော်ယာဉ်အစိတ်အပိုင်းပစ္စည်းများ၊ ဇီဝကျန်းမာရေးထုတ်ကုန်များ၊ ကြိုးမဲ့ဆက်သွယ်ရေးကိရိယာများ၊ သင်္ဘောများ၊ ကွန်ပျူတာများ၊ ပလတ်စတစ်ထုတ်ကုန်များ၊ စိုက်ပျိုးရေးထုတ်ကုန်များနှင့် ငါးဖမ်းလုပ်ငန်းသုံးပစ္စည်းများ၊ အလှကုန်များ၊ ဓါတုကုန်ချောပစ္စည်းများ၊ ဘက်ထရီအပိုများ၊ အိမ်သုံးပစ္စည်းများနှင့် စက်ရုပ်များတို့ ဖြစ်ကြပါသည်။ ယခုလအတွက် လျော့နည်းတင်ပို့ခဲ့သော ကုန်စည်(၅)မျိုးမှာ အထွေထွေစက်ယန္တရား၊ ရေနံဓာတုပစ္စည်း၊ သံမဏိ ထုတ်ကုန်များ၊ ရေနံထုတ်ကုန်များနှင့် အထည်တို့ ဖြစ်ကြပါသည်။

ဒေသအလိုက်တင်ပို့နိုင်မှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဥရောပသမဂ္ဂနိုင်ငံများ၊ အိန္ဒိယနိုင်ငံ၊ အလယ်ပိုင်းနှင့် တောင်အမေရိကနိုင်ငံများတို့သို့ တိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး၊ အရှေ့အလယ်ပိုင်းဒေသ၊ ဂျပန်နိုင်ငံနှင့် လွတ်လပ်သော ဓနသဟာယနိုင်ငံများသို့ လျော့နည်းတင်ပို့နိုင်ခဲ့ပါ သည်။

Myan Trade

Global News Export, Import Read 379 times