ကရင်ပြည်နယ် မြဝတီမြို့နှင့် ၁၀ မိုင်ခန့်အကွာ သင်္ဃန်းညီနောင်ရွာသစ်အနီးရှိ ၂၃၀/ ၆၆/၁၁ KV - 100 MV မြဝတီပင်မဓာတ်အားခွဲရုံမှ လျှပ်စစ်ဖြန့်ဖြူးမှုကြောင့် ကော့ကရိတ်မြို့တွင် ၂၄ နာရီ လျှပ်စစ်မီးသုံးရန် "ဒီနေ့အချိန်အထိ လျှောက်ထားသူ ၇၀ဝ ကျော်ကို ဌာနရဲ့ သတ်မှတ်နှုန်းထားအရ မီတာတစ်လုံးတပ်ဆင်ခအဖြစ် ကျပ် ၉၀ဝဝဝ ပေးသွင်းရမှာဖြစ်ပါတယ်။ တပ်ဆင်ပြီးစီးတဲ့ အရေအတွက်ကတော့ ဒီကနေ့အထိ မီတာအလုံး ၁၂၀ တပ်ဆင်ပြီးသွားပါပြီ။ ဆက်လက်ပြီး မီတာတွေ လာရောက် လျှောက်ထားနေကြဆဲဖြစ်ပါတယ်။
လက်ရှိ ကော့ကရိတ်မြို့မှာ တည်ဆောက်ထားတဲ့ ဓာတ်အားခွဲရုံက ၆၆/၁၁၊ ၁၀ MV ထိုင်ထားတဲ့အတွက် ၈ မဂ္ဂါဝပ် သုံးနိုင်ပါတယ်" လို့ ကော့ကရိတ်မြို့နယ် လျှပ်စစ်ဌာနမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်မျိုးနိုင်က ပြောပါတယ်။
ယခင်က ကော့ကရိတ်မြို့ပေါ်ရှိ ရပ်ကွက်ပေါင်းခုနစ်ခုကို ဒေါနအလင်းကုမ္ပဏီမှ ဒီဇယ်ဓာတ်အားပေး စက်ကြီးများဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ လျှပ်စစ်မီးပေးခဲ့ပြီးနောက် မတ် ၂၉ ရက်မှ စတင်ကာ နိုင်ငံပိုင်ဓာတ်အားစနစ်ဖြင့် ကော့ကရိတ်မြို့ကို လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဝေပေးနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။
ကော့ကရိတ်မြို့နေ ဒေသခံ ဦးဌေးအောင်က "အရင် ဒေါနအလင်းကုမ္ပဏီတုန်းက တစ်ယူနစ်ကို ကျပ် ၃၈၀ ပေးရတယ်။ အခု အစိုးရမီးကိုကျတော့ တစ်ယူနစ် ၃၅ ကျပ်ပဲ ပေးရတယ်။ အရင်ကုမ္ပဏီကို ပေးရတဲ့နှုန်းထားနဲ့ ယှဉ်လိုက်ရင် အစိုးရမီးက အများကြီးသက်သာသလို မီးလည်း ၂၄ နာရီအပြည့်ရတယ်။ အမှန်အတိုင်းပြောရရင် ကော့ကရိတ်မှာ နှစ်ပေါင်း ၂၅ နှစ် နေထိုင်ခဲ့တဲ့ သက်တမ်းမှာ အရင်က ညနေ ၆ နာရီကနေ ၉ နာရီအထိပဲ မီးသုံးစွဲခဲ့ရတဲ့ဘဝကနေ အခု ၂၄ နာရီ မီးလင်းပြီး ဓာတ်အားဖြန့်ဖြူးသုံးစွဲနိုင်ခဲ့တဲ့အတွက် ဒီလိုဖြစ်လာလိမ့်မယ်လို့ လုံးဝကို ထင် မထားခဲ့ပါဘူး" လို့ပြောပါတယ်။
လက်ရှိပေးနေတဲ့ ဓာတ်အားမှာ ကော့ကရိတ်တစ်မြို့လုံးအပြင် အနီးရှိ ကျေးလက်ဒေသများကိုပါ ဖြန့်ဖြူးသွားမှာဖြစ်ကြောင်း သိရပါတယ်။ လျှပ်စစ်ဓာတ်အားခအနေဖြင့် တစ်ယူနစ်လျှင် ၃၅ ကျပ်၊ ယူနစ် ၁၀ဝ ကျော်သုံးစွဲပါက တစ်ယူနစ်လျှင် ကျပ် ၄၀၊ ယူနစ် ၂၀ဝ အထက် သုံးစွဲပါက တစ်ယူနစ်လျှင် ကျပ် ၅၀ ကုန်ကျမှာဖြစ်ပါတယ်။
Myanmar Time