ကမ္ဘာအနှံ့ရှိ နိုင်ငံများသည် ကိုဗစ်ပျံ့နှံ့ကူးစက်မှုကို ရပ်တန့်ရန်ကြိုးပမ်းနေကြစဉ်မှာပင် ကူးစက်ခံလူနာဦးရေက ၂၅ သန်းကျော် သွားသည်။ ဇူလိုင်လလယ်မှ စ၍ ပျမ်းမျှအားဖြင့် ၄ ရက်ကြာပြီးတိုင်း ကူးစက်ခံဦးရေ တစ်သန်းကျော် တိုးလာနေခဲ့သည်။ တစ်ရက်တည်းမှာ အများဆုံးတိုးသည့် လူနာဦးရေ စံချိန်သစ်များ တင်ခဲ့ကြရာ အိန္ဒိယနိုင်ငံက တစ်ရက်တည်းမှာ လူနာအသစ် ၇၈,၇၆၁ ဦး အတည်ပြုခြင်းဖြင့် စံချိန်သစ် ထပ်တင်ခဲ့သည်။ လူဦးရေ ၁.၃ ဘီလျံ နေထိုင်သည့် အိန္ဒိယနိုင်ငံတွင် ကိုဗစ်လူနာဦးရေ တိုးသည်ထက် တိုးလာနေသော်လည်း အစိုးရက အသွားအလာ ပိတ်ပင်တားဆီးထားခြင်းများကို ဆက်လက်ဖြေလျှော့ပေးလျက် ရှိသည်။ ချန်နိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပခရီးသည်များ ဝင်ရောက်ခွင့်ကို ခွင့်ပြုပေးခဲ့သည်။ စီးပွားရေး ဒယီးဒယိုင် ဖြစ်နေသည့်အတွက် ရင်ဆိုင်နေရသည့် ဖိအားကို လျှော့ချပေးဖို့က ကိုဗစ်ထက် ပိုအရေးကြီးနေပြီ ဖြစ်သည်။
နယူးဇီလန်နှင့် တောင်ကိုရီးယားတို့တွင် ကိုဗစ်ကို အနိုင်ယူလိုက်ပြီး ငြိမ်ကျသွားပြီးခါမှ တစ်စခန်း ပြန်ထနေသည်ကို တိုက်ပွဲဆင်နွှဲနေရသည်။ စင်ကာပူ စီးပွားရေးတွင် ဧည့်ခရီးသွားများ လာရောက်ခြင်းက အဓိက ကျသဖြင့် ဘရူနိုင်းနှင့် နယူးဇီလန်တို့မှ ဧည့်ခရီးသွားများ လာရောက်ရန် ခွင့်ပြုကြောင်း ကြေညာခဲ့သည်။ တိုင်းပြည်စီးပွားရေး ပြန်ထူမတ်ဖို့ ထည့်စဉ်းစားရမည်ဖြစ်သဖြင့် ယခုလို နှစ်နိုင်ငံမှ ခရီးသွားများ လာရောက်ခွင့်ကို ခွင့်ပြုခြင်းဖြင့် ဖြေလျော့မှုကို စတင်ရခြင်းဖြစ်ကြောင်း အစိုးရက ပြည်သူလူထုကို ရှင်းပြခဲ့သည်။ နယူးဇီလန် အစိုးရက ကိုဗစ်ကူးစက်ခံများ ပြည်တွင်းသို့ တင်သွင်းမိသည့် အဖြစ်ကို စိုးကြောက်ဆဲဖြစ်သဖြင့် စင်ကာပူက တံခါးဖွင့်ပေးသော်လည်း နိုင်ငံသားတို့ ပြည်ပခရီး ရှောင်ကြဉ်ကြဖို့ တိုက်တွန်းကြောင်း ကြေညာခဲ့သည်။
လက်တင်အမေရိကသည် အဆိုးဝါးဆုံး ဒေသတစ်ခု ဖြစ်နေဆဲဖြစ်ပြီး ယခုအထိ ပထမလှိုင်း မပြီးသေးသဖြင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။
ဘရာဇီးက အတည်ပြုလူနာဦးရေ ၁၂၀ ၀၀၀ ကို ကျော်ဖြတ်ခဲ့ပြီး အမေရိကန်ပြီးလျှင် ဒုတိယနေရာကို ယူလိုက်သည်။ ကိန်းဂဏန်းများကို ဂရပ်ပေါ် တင်ကြည့်သောအခါ မျဉ်းကွေးသည် တည်ငြိမ်နေပါပြီ၊ သို့သော် အလွန် အန္တရာယ်ကြီးသည့် ရေချိန်မှာ ရှိနေသည်၊ တစ်ရက်လျှင် သေဆုံးသူ ၁၀၀၀ နီးပါးနှင့် အတည်ပြုလူနာအသစ် ၄၀ ၀၀၀ နီးပါး ရှိသည်ဟု လူထုကျန်းမာရေးဌာန Fiocruz မှ သုတေသီ Christovam Barcellos က မှတ်ချက်ပြုသည်။ ထို့ပြင် ဘရာဇီးသည် အထွတ်အထိပ်ကို မရောက်သေးဟု သူက ဖြည့်စွက်ပြောကြားသည်။
ကမ္ဘာတစ်လွှားတွင် ကိုဗစ်ကြောင့် သေဆုံးခဲ့ရသူ ၈၄၃ ၀၀၀ နီးပါး ရှိခဲ့ပြီ။ ကာကွယ်ဆေး မရသေး။ ထိရောက်သော ကုထုံးလည်း မရရှိသေး။ အစိုးရတို့က လူချင်းခပ်ခွာခွာနေကြရေး၊ အပြင်ထွက်လျှင် မတ်စ် မတပ်မနေရ တပ်ဆင်စေရေးနှင့် အသွားအလာ ပိတ်ပင်ခြင်းတို့ဖြင့်သာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်ဖို့ ကြိုးပမ်းနေကြရသည်။ ရက်ပေါင်း ၁၀၀ ကျော် ပြည်တွင်းကူးစက်မှု မဖြစ်ပွားခဲ့ရာမှ ကူးစက်ခံများ အပြုံအတွဲလိုက် ဖြစ်ပွားခဲ့သော နယူးဇီလန်တွင် လေယာဉ်ခရီးနှင့် လူထုအကြား ခရီးသွားလျှင် မတ်စ် မတပ်မနေရ အတင်းအကျပ် ပြဌာန်းလိုက်ရသည်။
တောင်ကိုရီးယားနိုင်ငံ လူဦးရေ၏ ထက်ဝက်နီးပါး နေထိုင်သော ဆိုးလ်မြို့တော်တွင် အစုလိုက်အပြုံလိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ပြန်ဖြစ်ပွားသဖြင့် ကျောင်းများ ပြန်ပိတ်ချလိုက်ရသည်။ ကိုဗစ်တိုက်ပွဲ ပြန်စသည်။
ကိုဗစ်ကာလ ရက်လရှည်ကြာလာသောအခါ ကိုရိုနာဆန့်ကျင်ရေး 'Anti-corona' ဆန္ဒထုတ်ဖော်ပြွများ ပေါ်ပေါက်လာသည်ကို တွေ့ရသည်။ ကူးစက်လူနာသစ် တိုးနေသော်လည်း lockdown နှင့်လူချင်းခပ်ခွာခွာ နေခိုင်းသဖြင့် စီးပွားရေး လုပ်မရခြင်းအပေါ် ဆန့်ကျင်ခြင်းများ ပေါ်ပေါက်လာသည်။ စီးပွားရေးကြေမွကုန်သည်ကို ဒဏ်မခံနိုင်ကြတော့ချေ။ ထိုသို့ လူစုလူဝေးဖြင့် ဆန့်ကျင်ဆန္ဒပြခြင်းများတွင် နိုင်ငံရေးနှင့် လူမျိုးရေး ရောထွေးမှုများလည်း ရှိနေသည်ကို တွေ့ကြရသည်။ ကိုရိုနာဗိုင်းရပ်စ် မကူစက်ရန် ကန့်သတ်တားမြစ်ချက်များအပေါ် ရှုံ့ချရန် ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် လူ ၁၈ ၀၀၀ ဦးဝန်းကျင် စုရုံးပြီး ချီတက်ဆန္ဒပြကြသည်။ ဆန္ဒပြသူများက ဂျာမန်အလံများ ဝှေ့ရမ်းရင်း လက်ယာအစွန်းရောက် နိုင်ငံရေးပါတီ Alternative for Germany (AfD) ၏ အစိုးရကို တိုက်ခိုက်သည့် ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသည်။ အလုပ်အကိုင်ဆုံးရှုံးခဲ့ရသူများ၊ ဒုတိယအကြိမ်လော့ခ်ဒေါင်း ထပ်မံပိတ်ဆို့လိုက်လျှင် ဆက်လက်ရပ်တည်နိုင်စွမ်းမရှိတော့မည်ကို စိုးရိမ်နေကြသူများ စုရုံးဆန္ဒပြမှုမှာ ပါဝင်လာခဲ့ကြသည်။ လူစုလူဝေးဖြင့် စုရုံးဆန္ဒပြခြင်းသည် လူချင်း ခပ်ခွာခွာ နေရန် ပြဌာန်းချက်ကို ချိုးဖောက်နေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဆန္ဒပြပွဲကို လူစူခွဲစေပြီး ရပ်ဆိုင်းစေခဲ့သည်။ အလားတူ လက်ယာအစွန်းရောက်ပါတီကို ထောက်ခံသည့် ဆန္ဒပြပွဲများ ဗြိတိန်နိုင်ငံ လန်ဒန်မြို့နှင့် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့များတွင် ကျင်းပခဲ့ကြသည်။
ကူးစက်ရောဂါကပ်ဘေးကြောင့် လူစုလူဝေး မလုပ်ရခြင်းသည် ဆန္ဒပြပွဲများ ကျင်းပခွင့် မရသည်သာမက အားကစားပွဲများနှင့် ဂီတပွဲများလည်း ကျင်းပခွင့် မရကြချေ။ ဘာသာရေးနှင့် နိုင်ငံရေး ဟောပြောပွဲများလည်း မကျင်းပနိုင်ကြချေ။
အချင်းအရာများစွာတို့သည် မြေပြင်ပေါ် မှ အွန်လိုင်းပေါ်သို့ ပြောင်းရွှေ့ကုန်ကြရသည်။ စီးပွားရေးလုပ်ငန်းတို့ စီးပွားရှာသည့်စံပုံစံသည် အွန်လိုင်းပေါ်မှာ အလုပ်ဖြစ်မှသာ လာမည့် သုံးလေးနှစ်ကို ဖြတ်သန်းနိုင်လိမ့်မည်ဟု ဆိုကြသည်။ တံခါးများကို ခပ်ရဲရဲ မဖွင့်ကြသေးသော်လည်း ဝင်သာအောင်တော့ ဟပေးထားလိုကြသည်။ သို့သော် ထိုတံခါးမှ မဝင်ခင်နှင့် ဝင်ပြီးချိန်တို့တွင် အနည်းဆုံး နှစ်ပတ် အသွားအလာကန့်သတ်နေထိုင်ရမည်ဟူသော ပြဌာန်းချက်ကို လက်မလွှတ်နိုင်ကြသေးသဖြင့် ပေးကားပေး၏ မရ ဖြစ်နေကြရဆဲ ဖြစ်သည်။