ပြည်ပငွေလွှဲ ဝန်ဆောင်မှု 2C2P ၃ လအတွင်း စတင်မည်


30 November, 2020

ပြည်ပငွေလွှဲ ဝန်ဆောင်မှု လုပ်ကိုင်ခွင့် လိုင်စင်ကို မြန်မာနိုင်ငံ ဗဟိုဘဏ်ထံမှ 2C2P, Top Shine Money Changer & Gold Trading, OK Money, Wakhema Money Changer နဲ့ Ok Zune တို့ ရရှိခဲ့ကြပါတယ်။

အရှေ့တောင်အာရှ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း 2C2P ဟာ မကြာသေးခင်က ဗဟိုဘဏ်မှ နယ်ခြားဖြတ်ကျော် ငွေလွှဲလုပ်ကိုင်ခွင့် လိုင်စင် ရရှိခဲ့တဲ့ လုပ်ငန်း ၅ ခုမှာ တစ်ခု အပါအဝင်ဖြစ်ပြီး ပြည်ပမှ မြန်မာနိုင်ငံသို့ နှင့် မြန်မာနိုင်ငံမှ ပြည်ပသို့ ငွေပေးပို့ခြင်း ဝန်ဆောင်မှုများကို လာမယ့် သုံးလအတွင်းမှာ လုပ်ကိုင်မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံမှာ လုပ်ကိုင်တာတွေအတွက် ကြီးမှူးရသူ ဦးပြေငြိမ်းက KrASIA ကို ပြောကြားခဲ့ပါတယ်။

2C2P ဟာ ပြည်ပငွေလွှဲလုပ်ကိုင်ခွင့်ကို ထိုင်းနိုင်ငံ ဗဟိုယဏ်ထံမှ လိုင်စင်ကို ပြီးခဲ့တဲ့ ဩဂုတ်လမှာ ရရှိထားပြီး ဖြစ်ပါတယ်။ ယခု မြန်မာနိုင်ငံ ဗဟိုဘဏ်ထံမှလည်း ရရှိပြီ ဖြစ်တဲ့အတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား ငွေလွှဲဝန်ဆောင်မှုကို စတင်နိုင်ပြီ ဖြစ်ပါတယ်။ “ကျွန်တော်တို့ ပထမဆုံး ဝန်ဆောင်မှုပေးမယ့် စင်္ကြံက မြန်မာနဲ့ ထိုင်းအကြား နယ်ခြားဖြတ်ကျော် ငွေလွှဲဝန်ဆောင်မှု ဖြစ်ပါတယ်” လို့ ဦးပြေငြိမ်းက ပြောပါတယ်။

လုပ်ကိုင်ခွင့် လိုင်စင်အသစ်ဟာ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ မြန်မာပြည်ကို တရားမဝင် လမ်းကြောင်းများဖြင့် ငွေလွှဲနေကြတာမှာ ၆၈% ဟာ ထိုင်းနိုင်ငံမှ ပေးပို့တဲ့ ငွေတွေ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ တရားဝင် ငွေလွှဲဖို့ဆိုတာ ဘာသာစကား အခက်အခဲ ရှိတယ်။ မြန်မာပြည်မှ ငွေလက်ခံတဲ့သူအနေဖြင့်လည်း အဆင်မပြေဘူး။ ဒီတော့ တရားဝင်နည်းလမ်းနဲ့ ဝေးနေစေတယ်။

တရားဝင်နည်းလမ်းများဖြင့် မြန်မာပြည်သို့ ငွေလွှဲကြတာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ အချက်အလက်များအရပြီးခဲ့တဲ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂.၈ ဘီလျံ သာ ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၅.၂ ဘီလျံဟာ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ပေးပို့ခဲ့ကြတယ်။ ဒစ်ဂျစ်တယ်ငွေလွှဲတွေအတွက် အရေးပါတဲ့ အချက်နှစ်ချက်က ကုန်ကျစရိတ်နဲ့ သုံးစွဲသူ အတွေ့အကြုံတို့ ဖြစ်ကြောင်း ဦးပြေငြိမ်းက ပြောပါတယ်။

“တောထနေတဲ့ တရားမဝင် ငွေလွှဲ ဟွန်ဒီလုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်ဖို့အတွက် ယှဉ်ပြိုင်နိုင်တဲ့ ပို့ခဖြင့် ငွေပို့သူတွေကို ဆွဲဆောင်ဖို့ လိုအပ်တယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုထားပါတယ်၊ နောက်ထပ် အခရာကျတဲ့အချက်က သုံးစွဲသူ အတွေ့အကြုံပါ။ အဆင်ပြေ ချောမွေ့နေဖို့ လိုတယ်” ဟု သူက ပြောတယ်။ ငွေလွှဲသူများကို တရားမဝင် ငွေလွှဲခြင်းသည် ဆုံးရှုံးမည့် အရေး ရှိနေသည့်အကြောင်းနှင့် ငွေကြေးခဝါချသည့်အရး ရှိနေသည့်အကြောင်းတို့ကို အာဏာပိုင်တို့၏ အကူအညီဖြင့် အသိပညာပေးဖို့ လိုလိမ့်မယ်ဟု သူက ပြောပါတယ်။

တည်ရှိပြီး အခြေခံအဆောက်အအုံကို သုံးစွဲခြင်း

2C2P က ၎င်းရဲ့ ဒစ်ဂျစ်တယ် ငွေပေးချေလက်တံ NearMe ကို သုံးစွဲမှာ ဖြစ်ပါတယ်။ NearMe ကို ဂျပန်မှ လုပ်ငန်းစုကြီး Sumitomo Corp က အမေရိကန်ဒေါ်လာ ဂဏန်း ၇လုံး ရင်းနှီးမြှုပ်နှံမှုကို ပြီးခဲ့တဲ့ စက်တင်ဘာလက ပြုခဲ့ပါတယ်။ ၎င်းရဲ့ တည်ရှိပြီး ငွေပေးချေခြင်းဆိုင်ရာ အိုင်တီ အခြေခံအဆောက်အအုံ၊ မိုဘိုင်းပိုက်ဆံအိတ်တွေနဲ့ ငွေသားကိုယ်စားလှည်တွေမှတစ်ဆင့် လိုင်စင်ကို ထိထိရောက်ရောက် လုပ်ကိုင်မှာ ဖြစ်ပါတယ်။

Top Shine Money Changer & Gold Trading, OK Money, Wakhema Money Changer နဲ့ Ok Zune တို့လည်း မြန်မာနိုင်ငံ ဗဟိုဘဏ်မှ အတည်ပြု ခွင့်ပြုချက် ရရှိထားကြပါတယ်။ ပြည်တွင်းနဲ့ ပြည်ပမှာ နေထိုင်သူ ငွေလွှဲသူ အသီးသီးတို့ရဲ့ မြန်မာပြည်သို့ ပြည်ပမှ ပို့ငွေများနဲ့ မြန်မာပြည်မှ ပြည်ပသို့ ပို့ငွေများကို ကိုင်တွယ်လုပ်ကိုင်ခွင့် ရရှိထားကြပါတယ်။

နိုဝင်ဘာလမှာ KBZ Bank က ပြည်ပမှ ပြည်တွင်းသို့ ပို့ငွေများအတွက် ငွေလွှဲဝန်ဆောင်မှု စတင်ခဲ့ပြီး သုံးပတ်အကြာမှာ အခုလို လိုင်စင်တွေ ချပေးခဲ့တာ ဖြစ်ပါတယ်။ KBZ Bank က မလေးရှားနိုင်ငံ အခြေစိုက် ငွေလွှဲဝန်ဆောင်မှု လုပ်ငန်း Tranglo နဲ့ အကျိုးတူပူးပေါင်းပြီး လုပ်ကိုင်တာ ဖြစ်ပြီး စင်ကာပူ၊ မလေးရှားနဲ့ တောင်ကိုရီးယားတို့မှ မြန်မာနိုင်ငံသို့ ငွေပေးပို့နိုင်တဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။

အခုလို လိုင်စင်မျိုးတွေကို နောက်ထပ် လုပ်ငန်းတွေအတွက် ထပ်ချပေးဉီးမှာ ဖြစ်ကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးမင်းက ပြောကြားခဲ့ပါတယ်။ ငွေကြေးနည်းမညာ်လုပ်ငန်း fintech တွေ ပါဝင်လာကြဦးမှာ ဖြစ်ပါတယ်။

Banking & Loan Read 596 times