ယခုနှစ်တွင် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် မြန်မာကျပ်ငွေတန်ဘိုးကျဆင်းနေခြင်းကြောင့် မေလမှ ဂျူလိုင်လ အတွင်းတွင် လတ်တလော နှစ်များအတွင်းအမြန်ဆုံးနှုန်းဖြင့်မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုက မြင့်တက်လာခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်မှ အစိုးရအဖွဲ့အစည်းတခုဖြစ်သည့် မြန်မာနိုင်ငံစာရင်းအင်းဆိုင်ရာ သတင်းအချက်အလက် ဝန်ဆောင်မှုစနစ်(MSIS) မှ ထုတ်ပြန်သော လစဉ်အစီရင်ခံစာတစ်စောင်အရ သိရသည်။
၃ လတာကာလအတွင်းတွင် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year) က ၅.၉၀ ရာခိုင်နှုန်းမှ ၇.၅၆ ရာခိုင်နှုန်းသို့ မြင့်တက်သွားခဲ့သည်ဟု MSIS ၏ အစီရင်ခံစာက ဆိုသည်။
ငွေကြေးဖောင်းပွနှုန်းက ၂၀၁၇ ခုနှစ်အတွင်းတွင် တည်ငြိမ်နေခဲ့ပြီး ၃.၄၀ ရာခိုင်နှုန်းနှင့် ၄.၄၅ ရာခိုင်နှုန်း အတွင်းတွင် ရှိခဲ့ သည်။ သို့သော်လည်း ၂၀၁၈ တွင် နှစ်အလိုက် ငွေကြေးဖောင်းပွနှုန်းက မေလတွင် ၅.၉၀ ရာခိုင်နှုန်း၊ ဇွန်လတွင် ၆.၄၅ ရာခိုင်နှုန်းနှင့် သြဂုတ်လတွင် ၇.၅၆ ရာခိုင်နှုန်းသို့ တိုးလာခဲ့သည်။
ငွေကြေးဖောင်းပွမှုနှုန်း သိသိသာသာ တိုးတက်လာရခြင်းမှာ ကျပ်ငွေနှင့်ယှဉ်လျှင် အမေရိကန် ဒေါ်လာငွေတန်ဖိုးက စံချိန် တင် မြင့်တက်သွားသောကြောင့်ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။ ဒေါ်လာတန်ဖိုး မြင့်တက်ခြင်းကြောင့် သွင်းကုန်များ အပေါ်တွင် သက်ရောက်မှုရှိခဲ့ပြီး လောင်စာဆီဈေးနှုန်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များကို မြင့်တက်စေခဲ့သည်။ မေလမှ စ၍ ကျပ်ငွေတန်ဖိုးက အများအပြား ကျဆင်းလာခဲ့သည်။
ယခုနှစ် ဧပြီနှင့် မေလကြားတွင် ငွေကြေးဖောင်းပွနှုန်းက ဝ.၁၇ ရာခိုင်နှုန်း ရှိခဲ့သည်။ မေလနှင့် ဇွန်လအတွင်းတွင် ဝ.၂၉ ရာခိုင်နှုန်းသို့မြင့်တက်သွားပြီး ဇွန်လ နှင့် ဇူလိုင်လအတွင်းတွင် ဝ.၄၄ ရာခိုင်နှုန်း ဖြစ်သည်။
အစားအသောက်၊ အရက်မဟုတ်သည့် ဖျော်ရည်များနှင့် လောင်စာဆီ တို့ပါဝင်ခြင်းမရှိသည့် အဓိကငွေကြေးဖောင်းပွနှုန်း (core inflation rate) က ယခင်နှစ်ကနှင့် နှိုင်းစာလျှင် ပိုမိုမြင့်မားခဲ့သည်။ မေလအတွင်းတွင် ယခင်နှစ် မေလကနှင့်စာလျှင် ၅.၀၅ ရာခိုင်နှုန်းကျော်တိုးခဲ့ပြီး ဇွန်လ တွင် ၅.၆၄ ရာခိုင်နှုန်းနှင့် ဇူလိုင်လတွင် ၅.၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ၂၀၁၇ ခုနှစ် အတွင်း လူသုံးကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ဈေးနှုန်းအပြောင်းအလဲကို အချိန်အလိုက်တွက်ချက်သည့် စားသုံးသူဈေးဆနှုန်း (CPI) ကလည်း သိသိသာသာတိုးလာခဲ့သည်။
CPI ကို အစားအစာနှင့် အဖျော်ယမကာ၊ အိမ်လခနှင့် အိမ်ပြင်ခ၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အပန်းဖြေခြင်း၊ ပညာရေးနှင့် ဆက်သွယ်ရေးများ အပါအဝင် အဓိက အုပ်စု ၈ခုမှ ဈေးနှုန်းများကို အခြေခံတွက်ချက်ခြင်း ဖြစ်ပါသည်။
ယခုနှစ် ဇူလိုင်နှင့် ဇွန်လ အတွင်းတွင် CPI က အောက်ပါနှုန်းအတိုင်းတိုးတက်လာသည်ကို တွေ့ရပါသည်။ အရက်မပါသော အစားအစာ ဈေးဆနှုန်းက ၁.၅၉ ရာခိုင်နှုန်း၊ ဆေးလိပ်နှင့် အဖျော်ယမကာ ဈေးဆနှုန်းက ၃.၃၇ ရာခိုင်နှုန်း၊ အိမ်လခ နှင့် အိမ်ပြင်ခ ဈေးဆနှုန်းက ဝ.၁၅ ရာခိုင်နှုန်း၊ အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းရေးစရိတ်ဈေးဆနှုန်းက ဝ.၅၈ ရာခိုင်နှုန်း၊ ကျန်းမာရေး ဈေးဆနှုန်းက ဝ.၃၃ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေး ဈေးဆနှုန်းက ၁ ရာခိုင်နှုန်း၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှု ဈေးဆနှုန်းက ဝ.၁၈ ရာခိုင်နှုန်း၊ ပညာရေးအုပ်စု၏ ဈေးဆနှုန်း ဝ.၁၂ ရာခိုင်နှုန်း နှင့် အစားအစာမဟုတ်သော အုပ်စု ဝ.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ကို တွေ့ရပါသည်။
စုစုပေါင်းဈေးဆနှုန်း (CPI) က ၂၀၁၇ ခုနှစ် ဇူလိုင်လနှင့် နှိုင်းယှဉ်လျှင် ၇.၅၆ ရာခိုင်နှုန်း တိုးလာခဲ့ပါသည်။ အထူးသဖြင့် အစားအစာအုပ်စုက ၇.၅၉ ရာခိုင်နှုန်း၊ ဆေးလိပ်နှင့် အဖျော်ယမကာ အုပ်စု ၁၁.၉၃ ရာခိုင်နှုန်း၊ အဝတ်အထည် အုပ်စုက ၁၁.၈၃ ရာခိုင်နှုန်း၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စုက ၈.၁၆ ရာခိုင်နှုန်း၊ အိမ်အသုံးအဆောင်ပစ္စည်း နှင့် ပြုပြင်ထိန်းသိမ်းရေး စရိတ်အုပ်စုက ၃.၈၁ ရာခိုင်နှုန်း၊ ကျန်းမာရေးက ၅.၁၈ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေးက ၁၁.၇၅ ရာခိုင်နှုန်း၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုက ၂.၀၂ ရာခိုင်နှုန်း နှင့် ပညာရေးက ၆.၈ ရာခိုင်နှုန်း အသီးသီး ဖြစ်ကြပါသည်။
တိုင်းပြည်အတွင်းမှ စပါးခင်းများနှင့် လမ်းများကို ပျက်စီးစေခဲ့သော ရေလွှမ်းမိုးမှုကြောင့် ၂၀၁၈ ခုနှစ်တွင် ဆန်ဈေးနှုန်းမြင့် တက်ခဲ့သည်ဟု MSIS ၏ အစီရင်ခံစာက ဆိုသည်။ ထို့ပြင် ငွေကြေးလဲလှယ်မှုနှုန်း မတည်ငြိမ်ခြင်းက လောင်စာဆီ ဈေးနှုန်းများကို မြင့်တက်စေခဲ့ပြီး ရလဒ်အနေဖြင့် နိုင်ငံအတွင်းတွင် သယ်ယူပို့ဆောင်ရေးစရိတ်များမြင့်တက်စေခဲ့သည်။ ထို့ကြောင့် ငွေကြေးဖောင်းပွမှုကို လျှော့ချရန်အတွက် အစိုးရက နိုင်ငံငွေလဲလှယ်နှုန်း မတည်ငြိမ်ခြင်းကို ထိန်းချုပ်ရန် MSIS ၏ အစီရင်ခံစာက အကြံပြုထားသည်။
၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းတွင် ပြည်နယ်နှင့် တိုင်း ၁၄ ခု၌ အမြင့်ဆုံး ငွေကြေးဖောင်းပွမှုအနေဖြင့် မန္တလေးတိုင်းတွင် ၉.၉၃ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်တွင် ၈.၈၇ ရာခိုင်နှုန်းနှင့် ဧရာဝတီတိုင်းတွင် ၆.၂၂ ရာခိုင်နှုန်း အသီးသီး ရှိခဲ့သည်။ ပြည်နယ်နှင့် တိုင်းများကြားတွင် ငွေကြေးဖောင်းပွဲမှုကွဲပြားခြားနားရသည့် အကြောင်းရင်းကို MSIS က ရည်ညွှန်းဖော်ပြခဲ့ခြင်း မရှိပါ။
Source: Irrawaddy