တရုတ်-ဗီယက်နမ် နယ်ခြား ကွန်တိန်နာယာဉ် ၄,၀၀၀ သောင်တင်


14 December, 2021

တရုတ်-ဗီယက်နမ် နယ်ခြား ကွန်တိန်နာယာဉ် ၄,၀၀၀ သောင်တင်

ဗီယက်နမ်-တရုတ်နယ်စပ်မှာ ကွန်တိန်နာကားကို စစ်ဆေးမှု တင်းကျပ်ပြီး ကြန့်ကြာတာကြောင့် စီ‌းအစီးရေ ၄,၀၀၀ သောင်တင်နေပါတယ်။

ဗီယက်နမ် မြောက်ပိုင်း နယ်ခြားဂိတ်များမှာတရုတ်နိုင်ငံက  Covid-19 ကာကွယ်ရေး စီမံချက်များအရ အလွန်တင်းကျပ်တဲ့ စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေတာကြောင့်  ဗီယက်နမ် စိုက်ပျိုးရေး ပို့ကုန်များ ထိခိုက်နေပါတယ်။

၂၀၂၁ ဒီဇင်ဘာလ ၁၀ ရက်မှာ ကွန်တိန်နာထရပ်ကား အစီးရေ ၄,၀၀၀ နယ်ခြားဂိတ်များမှာ သောင်တင်နေတယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက်မှ Department of Processing and Trade for Agro-Forestry-Fisheries Products တွဲဘက်ဌာနမှူး Le Thanh Hoa က ပြောကြားပါတယ်။

Lang Son ပြည်နယ်မှာ  Huu Nghi, Tan Thanh နဲ့  Chi Ma နယ်ခြားဂိတ် ၃ခုမှာ လက်ရှိ အကောက်ခွန် ရှင်းလင်းရေး အမြန်နှုန်းက တစ်ရက်ကို ကွန်တိန်နာထရပ် ၂၂၀ စီး ခန့်သာ ရှိပါတယ်။ ယခင်ထက် ထက်ဝက်ကျော် လျော့ကျတယ်လို့ Hoa က ၁၂ ရက် တနင်္ဂနွေနေ့မှာ ဟနွိုင်းမှာ ကျင်းပတဲ့ စိုက်ပျိုးရေး ညီလာခံတစ်ခုမှာ ပြောကြားပါတယ်။

Tan Thanh နယ်ခြားဂိတ်မှာ ရောက်နေတဲ့ ထရပ်ကားတွေမှာ နဂါးမောက်သီး၊ ပိန္နဲသီးနဲ့ အခြားအသီးများ တင်ဆောင်ထားကြပါတယ်။ အကောက်ခွန်ရှင်းလင်းရေးအတွက် ၁၀ မှ ၁၄ ရက်အထိ ကြာမြင့်ပါတယ်။


Quang Ninh ပြည်နယ်ရှိ Mong Cai  နယ်ခြားဂိတ်မှာ တစ်ပတ်မှာမှ ထရပ်ကားတစ်စီးသာ အကောက်ခွန်ရှင်းလင်းရေး ပြီးစီးတယ်လို့ Hoa က ပြောကြားပါတယ်

Mong Cai နယ်ခြားဂိတ်မှ စီမံရေးအဖွဲ့က ၁၁ ရက်နေ့မနက်မှာ ပြောကြားချက်အရ အေးခဲပင်လယ်စာ တင်ဆောင်ထားတဲ့ ထရပ်ကား ၈၀၀ စီး၊ အသီးတင်ဆောင်ထားတဲ့ ထရပ်ကား ၃၀၀ စီး သောင်တင်နေပါတယ်။

 နယ်ခြားဂိတ်များမှတစ်ဆင့်ဖြတ်သန်းပြီး စိုက်ပျိုးရေးထွက်ကုန် တင်ပို့တဲ့လုပ်ငန်းများ ဂရုတစိုက် စစ်ဆေးဖို့ Hoa က အကြံပြုပါတယ်။ တရုတ်နိုင်ငံက Covid-19 ရောဂါထိန်းချုပ်ရေးကို  ပိုအားကောင်းအောင် လုပ်ဆောင်နေပြီး နယ်မြေပိုင်နက်ထဲ ဝင်လာတဲ့ ကုန်ပစ္စည်းတွေကို ဂရုတစိုက် တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများ ဆောင်ရွက်နေတယ်လို့ Hoa က အသိပေးပြောကြားပါတယ်။

ထိုအ‌ခြေအနေကို ရင်ဆိုင်ဖြေရှင်းဖို့ တင်ပို့သူတွေက ကုန်ပစ္စည်းတွေကို သေသေချာချာ ပြင်ဆင် ထုပ်ပိုးကြမှသာ အကောက်ခွန်ကို လွယ်လွယ်ကူကူဖြင့် မြန်မြန် ဖြတ်နိုင်မယ်လို့ သူက ပြောပါတယ်။

အခြားတစ်ဘက်မှာတော့ ကုန်ကားတွေ ပြည့်ကျပ်နေခြင်း ကို ရှောင်လွှဲရန်နှင့် ကုန်ကျစရိတ်များ မများစေရန် လုပ်ငန်းများ အနေဖြင့် ကျိုးကြောင်းဆီလျော်တဲ့ ရှင်းလင်းရေးအချိန်ကို စီစဉ်ဖို့ လိုအပ်ပြီး နယ်ခြားဂိတ်များသို့ တစ်ချိန်တည်းမှာ ကားအများအပြား စေလွှတ်ခြင်းမပြုကြဖို့ သူက ပြောကြားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းတုန်းက ဗီယက်နမ်မှာ ကိုဗစ် စတုတ္ထလှိုင်း ဖြစ်ပွားခဲ့ပြီး  ကုန်စည်များ၊ ယာဉ်များနဲ့ ယာဉ်မောင်းများကို တရုတ်နိုင်ငံက စစ်ဆေးမှုများနဲ့ ပိုးသတ်ခြင်းများ တိုးမြှင့်ဆောင်ရွက်ပါတယ်။

စီမံမှုကိုလည်း တင်းကျပ်ပါတယ်။ ကုန်စည်များကို နောက်ကြောင်းပြန်လိုက်နိုင်ရေးကိုလည်း ကြပ်မတ်ပါတယ်။ ရလဒ်အဖြစ် အကောက်ခွန် လုပ်ထုံးလုပ်နည်းမှာ ပိုရှည်ကြာပါတယ်။

စက်တင်ဘာလတွင် တရုတ်က ဗီယက်နမ် နဂါးမောက်သီး တင်သွင်းခြင်းကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။ ထုပ်ပိုးထားသည့်အထုပ်ပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သောကြောင့် ဖြစ်ပါတယ်။  ဩဂုတ်လတုန်းကလည်း ဗီယက်နမ် မင်းကွတ်သီးမှာ အလားတူ ပိုးတွေ့ရှိခဲ့ပါတယ်။

ဗီယက်နမ်ရှိ တရုတ်သံရုံးမှ စီးပွားရေးရာ ကောင်စစ်ဝန် Hu Suo Jin က ဗီယက်နမ်မှာ ကိုဗစ် ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့အတွက် တင်ပို့သူများအနေဖြင့် သယ်ပို့တဲ့ယာဉ်နှင့် ယာဉ်မောင်းတို့ကို ပိုးသတ်ဖို့ လိုအပ်ကြောင်း၊ ကုန်စည်များအပေါ် ကိုဗစ်ပိုး မတင်ကျန်အောင် ကာကွယ်ရေး ဆောင်ရွက်ချက်များ ကျင့်သုံးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့ပြင် ဖြစ်နိုင်ပါက ပိုးစစ်ဆေးမှုပြုပြီး ပိုးမတွေ့ကြောင်း တံဆိပ်ကို ကုန်စည်များတွင်ဘကပ်ထားသင့်ကြောင်းလည်း အကြံပြုသည်။

တရုတ်နိုင်ငံသည် ဗိယက်နမ်ကုန်သွယ်ရေးတွင် ထိပ်တန်းနိုင်ငံ ဖြစ်သည်။ စိုက်ပျိုးထွက်ကုန်၊ သစ်တောထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း တင်ပို့တင်သွင်း ပမာဏသည် တန်ဖိုးအားဖြင့် ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလျံရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် ၁၁ ဘီလျံအထိ ကြီးထွားခဲ့ပါသည်။
ဗီယက်နမ်သည် စိုက်ပျိုးထွက်ကုန်၊ သစ်တောထွက်ပစ္စည်း၊ ရေထွက်ပစ္စည်းများကို တန်ဖိုးအားဖြင့် အမေရိကန်သို့ အများဆုံးတင်ပို့ပြီး တရုတ်နိုင်ငံသို့ ဒုတိယအများဆုံး တင်ပို့ပါသည်။

e.vnexpress.net

Export, Import Read 620 times